ရခိုင်ပြည်နယ်တွင် AA က ရဲစခန်းများကို တိုက်ခိုက်မှုအား ရှုတ်ချကန့်ကွက်ပြီး အသက်များစွာ ဆုံးရှုံးမှုအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း ဥရောပသမဂ္ဂ ကြေညာချက် ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် AA က ရဲစခန်းများကို တိုက်ခိုက်မှုအား ရှုတ်ချကန့်ကွက်ပြီး အသက်များစွာ ဆုံးရှုံးမှုအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း ဥရောပသမဂ္ဂ ကြေညာချက် ထုတ်ပြန်
Published 10 January 2019
ရှိုင်းလင်းအောင်

ရခိုင်ပြည်နယ်တွင် Arakan Army (AA) က ရဲစခန်းများကို ဝင်ရောက် တိုက်ခိုက်မှုအား ရှုတ်ချကန့်ကွက်ပြီး အသက်များစွာ ဆုံးရှုံးမှုအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) က ကြေညာချက် ထုတ်ပြန်သည်။ 

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်လာမှုကို ချက်ချင်း ရပ်တန့်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် Arakan Army (AA)  က ရဲစခန်းများကို ဝင်ရောက် တိုက်ခိုက်မှုအား ရှုတ်ချကန့်ကွက်ပြီး အသက်များစွာ ဆုံးရှုံးမှုအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း၊ အခြေအနေကို ထိန်းချုပ်နိုင်ရန် တောင်းဆိုအပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး အနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ ၎င်းတို့၏ တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်းဖြင့် အရပ်သားများကို ကာကွယ်ရန် တိုက်တွန်းအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင် သံရုံးများရှိ သံရုံးအကြီးအကဲများနှင့် ဥရောပသမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့တို့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ 

ရခိုင်ပြည်နယ်ရှိ နက်နဲခိုင်မာစွာ အမြစ်တွယ်နေသော သမိုင်းဝင် နာကြည်းချက်များသည် ဆွေးနွေးပွဲများနှင့် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်များဖြင့်သာ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသည် မြန်မာ့တပ်မတော်က မြန်မာနိုင်ငံ၏ မြောက်ဘက်နှင့် အရှေ့ဘက်ရှိ ပဋိပက္ခဖြစ်ပွားနေသော နယ်မြေအများအပြားတွင် အပစ်အခတ် ရပ်စဲခြင်း ကြေညာထားသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ဆက်လက်၍ အပစ်အခတ်ရပ်စဲရေးကို လေးလထက် ပိုမိုကြာရှည်စေရန်နှင့် ရခိုင်ပြည်နယ် ပါဝင်လာရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ဆယ်စုနှစ်များစွာ ကြာမြင့်ပြီး ဖြစ်သော ပဋိပက္ခ၏ အဆုံးသတ်ကို ရောက်ရှိရန် လိုအပ်သည့် အရှိန်အဟုန်ကို ဖန်တီးနိုင်ပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံသားများ အားလုံး၏ အခွင့်အရေးကို လေးစားကာကွယ်သည့် ပွင့်လင်းသောအမြင်ကို အခြေခံသော တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရယူနိုင်မည် ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် လူမှုစီးပွား ပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရှေ့ဆက်၍ ခိုင်မာသော ထောက်ပ့ံကူညီမှုအား ထပ်မံ အတည်ပြုပြောကြားအပ်ကြောင်း ဥရောပသမဂ္ဂက သဘောထား ထုတ်ပြန်ထားသည်။ 

ဇန်နဝါရီ ၄ ရက်တွင် AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ AA လက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ဇန်နဝါရီ ၆ ရက်တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရခိုင်ပြည်နယ်တွင် ရဲကင်းစခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် လူများစွာ သေဆုံးခဲ့ရမှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး သေဆုံးသူများအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ဇန်နဝါရီ ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။  

ယင်းအပြင် ဇန်နဝါရီ ၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက လတ်တလော ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မှ ပဋိပက္ခများအပေါ် စိုးရိမ်ပူပန်မိကြောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့တို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချကြောင်း၊ ငြိမ်းချမ်းရေးကို ဦးတည့်သည့် အပြုသဘောဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်ကြရန်နှင့် အကြမ်းဖက်မှုချုပ်ငြိမ်းရေး၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို လိုက်နာရေးတို့ကို နှစ်ဦးနှစ် ဖက်စလုံးလေးစားကြရန် တိုက်တွန်းထားပြီး ပဋိပက္ခကြောင့် အသက်ဆုံးရှုံးသွားရသူများအတွက် ၎င်းတို့၏ မိသားစုများနှင့် ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ထားသည်။

 

Most Read

Most Recent