ယခုနှစ် စက်တင်ဘာလအထိ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာန၏ သတ်မှတ်ချက်နှင့် မညီသော အစားအသောက်လုပ်ငန်း ၅၀ ခန့်ကို အရေးယူထားပြီး ယင်းတို့အနက် ပိတ်သိမ်းနှင့် တရားစွဲဆိုထားသည့်လုပ်ငန်း သုံးခုစီ ပါဝင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ စံပါယ်ထက်ထက်ထူးက ပြောကြားသည်။
“ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မှာ စျေးကွက်ကောက်ယူစစ်ဆေး ချက်အရ စားသုံးရန်မသင့်တဲ့ စား သောက်ကုန် ၁၁၃ မျိုးကို စားသုံးရန်မသင့် အစားအသောက်အဖြစ် ကြေညာထားပါတယ်။ အခု ၂၀၁၈ ခုနှစ် မှာဆိုလည်း အစားအသောက် ခုနစ်မျိုးကို စားသုံးရန်မသင့်ဆိုပြီး ကြေညာထားပါတယ်။ ဆက်လက်ပြီးတော့ ထုတ်ပြန်ကြေညာ သွားဖို့လည်း ရှိပါတယ်။ အဲဒါကိုလည်း အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ကြေညာမှာပါ။ အရေးယူ ဆောင်ရွက်ထားမှုတွေ အနေနဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီမှု မရှိဘူးဆိုရင် ပထမဆုံး ခံဝန်ကတိ ရေးထိုးခိုင်းပါတယ်။ ၂၀၁၇ တုန်းကတော့ လုပ်ငန်း ၁၀၂ မျိုးအထိ ခံဝန်ထိုးခိုင်းခဲ့ပြီး အခုနှစ်မှာတော့ စက်တင်ဘာ အထိ လုပ်ငန်း ၄၃ ခု ခံဝန်ထိုးထားပါ တယ်။ တရားစွဲဆိုခြင်း ကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၇ မှာတော့ ရှစ်ခု၊ အခုနှစ်မှာတော့ သုံးခုရှိပါတယ်။ လုပ်ငန်းပိတ်သိမ်းကတော့ ၂၀၁၇ မှာ ၁၅ ခုနဲ့အခုနှစ်မှာတော့ သုံးခုအထိ ရှိပါတယ်” ဟု ဒေါက်တာ စံပါယ်ထက်ထက်ထူးက ပြောကြားသည်။
ထို့ပြင် ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သောက်ရေသန့်နှင့် စားသောက်ကုန်များကို ရှောင်တခင် ကောက်ယူစစ်ဆေးချက်အရ နမူနာ ၁၀၀၀ ကျော်တွင် သတ်မှတ်ချက်နှင့် မကိုက်ညီသည့်ပစ္စည်း ၁၀ ရာခိုင်နှုန်းခန့် တွေ့ရှိခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ရန်ကုန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက ပြောကြားသည်။
“ဒီနှစ်မှာ စျေးကွက်ထောက် လှမ်း စစ်ဆေးနေတာတော့ အများကြီးပဲ။ ဒီနှစ်အတွင်းမှာ နမူနာယူစစ်တာ ထောင်ကျော်လောက် ရှိသွားပြီ။ ရေသန့်ရော အစားအသောက်ရော အားလုံးပါပါတယ်။ အဲဒီထဲမှာ သတ်မှတ်ချက်နဲ့ မကိုက်ညီတာ ရာကျော်လောက် တွေ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းလောက် မကိုက်ညီတာတွေကို တွေ့ပါတယ်။ အစားအသောက် တွေမှာဆိုလည်း သတ်မှတ်ချက်နဲ့ မကိုက်ညီရင် စျေးကွက်ထဲက ပြန်သိမ်းတယ်။ ဖျက်ဆီးတယ်” ဟု ဒေါက်တာမင်းဝံက ပြောကြားသည်။













