အက်သလက်တီကို နှင့် အလာဗတ်စ် (စနေညနေ ၆း၃၀ နာရီ)
(၂)ပွဲဆက်အမှတ်လျော့ထားခဲ့လို့ အပေါ်က (၂)သင်းနဲ့တောင် အက်သလက်တီကို အမှတ်နည်းနည်းကွာလာတယ်။ ဒါကြောင့် အိမ်ကွင်းမှာ အမှတ်ပြည့်ရအောင် ပြန်ရှာရမယ့် အချိန်မျိုးဖြစ်နေတယ်။ အလာဗတ်စ်ရဲ့ခြေစွမ်းနဲ့ အားထုတ်မှုက ကောင်းပေမယ့်လည်း လက်ရှိအဝေးကွင်းမှာ ရုန်းကန်နေရတဲ့ အခြေအနေကြောင့် အိမ်ရှင်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
ဗလင်စီယာ နှင့် ဆီဗီလာ (စနေည ၉း၄၅ နာရီ)
ဆီဗီလာအတွက် လက်ရှိဒုတိယနေရာကို ဆက်ထိန်းထားနိုင်ဖို့အတွက်တောင် အတော်လေးကို အာရုံစိုက်နေရမယ့် အချိန်မျိုးပါပဲ။ ပြီးခဲ့တဲ့ အလာဗတ်စ်နဲ့ အဝေးကွင်းပွဲမှာလည်း သရေသာကစားနိုင်ခဲ့လို့ အခုဗလင်စီယာနဲ့ဆို ဆီဗီလာအတွက် ပိုလို့တောင်ခက်ခဲသွားနိုင်တယ်။ ဗလင်စီယာဟာ ဆီဗီလာနဲ့ နောက်ဆုံးတွေ့ထားတဲ့ (၃)ပွဲစလုံး ရှုံးပွဲမရှိတဲ့အပြင် ဂိုးလည်းတစ်ဂိုးမှ ပေးမထားရဘူး။ ဒီရာသီ ဗလင်စီယာဟာ အိမ်ကွင်းမှာ နိုင်ပွဲတစ်ပွဲရဖို့တောင် ရုန်းကန်နေရတယ်ဆိုပေမယ့် ရှုံးပွဲမတွေ့အောင်တော့ အတတ်နိုင်ဆုံးထိန်းကစားနေနိုင်တာတွေ့ရတယ်။ နောက်ပြီး ချန်ပီယံလိဂ်ဘက်မှာလည်း အခြေအနေသိလိုက်ရပြီဖြစ်လို့ လက်ရှိအချိန်က လာလီဂါဘက်ကို အားပြန်စိုက်ရတော့မယ့်အချိန်လည်းဖြစ်တယ်။ ဗလင်စီယာတိုက်စစ်ပိုင်းက အားနည်းသလို ဖြစ်နေတာမှန်ပေမယ့်လည်း ဆီဗီလာရဲ့ဒီရာသီအဝေးကွင်းရလဒ်တွေကလည်း ပုံမှန်မရှိတဲ့အပြင် အဝေးကွင်းမှာ ပေးဂိုး (၁၀)ဂိုးအထိရှိနေလို့ ဗလင်စီယာတိုက်စစ်အတွက် အခွင့်အရေးရှိနေတာ အမှန်ပါပဲ။ ဒီပွဲတော့ လက်ရှိအခြေအနေအရ ဗလင်စီယာနဲ့ ဂိုးအနည်းပဲ ပိုကြိုက်နေမိတယ်။
ဗီလာရီးယဲလ် နှင့် ဆယ်လ်တာဗီဂို (စနေည ၁၂းဝ၀ နာရီ)
အစဉ်အလာတွေအရ ဗီလာရီးယဲလ် အသာရထားပေမယ့် လက်ရှိအချိန်မှာတော့ ဗီလာရီးယဲလ်ဟာ ယူရိုပါလိဂ်တစ်ဖက်နဲ့ အာရုံများနေပြီး လာလီဂါဘက်မှာလည်း နိုင်ပွဲရဖို့ရုန်းနေရတယ်။ ဆယ်လ်တာကလည်း အဝေးကွင်းကစားအား အကောင်းကြီး မဟုတ်ပေမယ့် ဗီလာရီးယဲလ်ရဲ့ လက်ရှိအနေအထားကို ကောင်းကောင်းရင်ဆိုင်နိုင်ပါတယ်။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။
အက်စ်ပန်ညို နှင့် ဘာစီလိုနာ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
ဒီရာသီ ဘာစီလိုနာရဲ့ခြေစွမ်းပိုင်းက အခုအထိ အားရစရာသိပ်မရှိလှသေးဘူး။ ပြီးခဲ့တဲ့ ဗီလာရီးယဲလ်နဲ့ပွဲမှာလည်း နိုင်ပွဲသာ ရလိုက်ပေမယ့် ခြေစွမ်းကတော့ သာမန်လောက်ပဲ တွေ့ခဲ့ရတယ်။ နည်းပြ ဗယ်လ်ဗာဒီအနေနဲ့ အသင်းမှာဒဏ်ရာပြဿနာအချို့ ရှိနေလို့ လူထုတ်ပုံကိုလည်း စမ်းနေရဆဲအဆင့်မှာပဲ ရှိနေသေးပုံပါပဲ။ လူဟောင်းတွေဖြစ်တဲ့ နောက်တန်းမှာ ပီကေး၊ အယ်လ်ဘာ၊ ကွင်းလယ်မှာ ဘူးစကွက်စ်နဲ့ ရာကီတစ်၊ တိုက်စစ်မှာ မက်ဆီ၊ ဆွာရက်ဇ်တို့ကို အမာခံထားပြီး ကျန်ကစားသမားတွေကို အမျိုးမျိုးတွဲကစားခိုင်းနေသလို ကစားသမားသစ်တွေကလည်း သိသာတဲ့ခြေစွမ်းမျိုး ထုတ်မပြနိုင်သေးလို့ အသင်းရဲ့ရလဒ်နဲ့ ခြေစွမ်းပိုင်းက မငြိမ်သေးသလို ဖြစ်နေတုန်းပါပဲ။ အက်စ်ပန်ညိုကလည်း အစောပိုင်းကလိုမဟုတ်ဘဲ ခြေစွမ်းကျသလို တွေ့နေရ တယ်။ နောက်ဆုံး (၃)ပွဲဆက်ရှုံးပွဲတွေ့ထားတယ်။ အဲဒီ (၃)ပွဲမှာ ပေးဂိုးနှုန်းတွေလည်း မြင့်တက်လာနေတယ်ဆိုပေမယ့်လည်း ဒီပွဲက ကတ်တလန်ဒါဘီပွဲပီပီ အိမ်ကွင်းမှာ ဘာစီလိုနာကို အကောင်းဆုံးပြန်ရင်ဆိုင်ပြနိုင်ဖို့ ပြင်ဆင်ထားဦးမှာပါပဲ။ ဘာစီလိုနာ ရဲ့ အားထုတ်နေမှုမျိုးနဲ့ အက်စ်ပန်ညိုကွင်းမှာ သိသာရတဲ့အသာရဖို့မလွယ်လို့ အိမ်ရှင်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။