ပြင်သစ်နိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် ''Yellow Vest'' ဆန္ဒပြမှုဖြစ်ရပ်များကြောင့် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားမည့် ပြင်သစ် လီဂူးပွဲစဉ်များအနက် ပွဲစဉ်ငါးပွဲအထိ ရွှေ့ ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
လူနေမှုစရိတ်မြင့်တက်မှု၊ လောင်စာဆီ အတွက် အခွန်နှုန်းထားတိုးမြှင့်မှုကြောင့် ပြင်သစ်နိုင်ငံ၌ နိုဝင်ဘာ ၁၇ ရက်ကတည်းက ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။
ဆန္ဒပြသူများသည် ယာဉ်ထိန်းရဲများဝတ်ဆင်လေ့ ရှိသည့် ရောင်ပြန်အကျႌများဝတ်ဆင်ထား သောကြောင့် ''Yellow Vest'' ဆန္ဒပြမှုဟု ခေါ်ဆိုခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်မှစ၍ အကြမ်းဖက်ဆန္ဒပြမှုအဖြစ် ပြောင်းလဲသွား သဖြင့် ဆန္ဒပြသူ ၄၁၂ ဦး ဖမ်းဆီးခံထားရ ကြောင်း သိရသည်။
ယခုဖြစ်ရပ်မှာ ဆယ်စုနှစ်တစ်ခုအတွင်း ပါရီမြို့လယ်တွင်ဖြစ်ပွားသည့် ဆန္ဒပြမှုဖြစ်ရပ်များအနက် အဆိုးရွားဆုံးအဖြစ် သတ်မှတ်ခံထားရပြီး ယခုရက်သတ္တပတ်တွင်လည်း ထပ်မံတိုးမြင့်လာဖွယ် ရှိကြောင်း ခန့်မှန်းထားသည်။
သို့ဖြစ်ရာ ယခု တစ်ပတ် ယှဉ်ပြိုင်ကစားမည့် ပြင်သစ်လီဂူး ပြိုင်ပွဲ ပွဲစဉ် (၁၇) မှ ဒီဇင်ဘာ ၈ ရက်တွင်ကစားမည့် PSG-မောင့်ပယ်လီယာပွဲနှင့် တူးလူး-လိုင်ယွန် ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းရန် အစောပိုင်းကတည်းက ကြေညာထားပြီးဖြစ်သည်။
ထို့ပြင် မိုနာကိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏တောင်းဆိုမှုအရ ဒီဇင်ဘာ ၇ ရက် ညပိုင်း၌ကစားမည့် မိုနာကို-နိစ်ပွဲစဉ်၊ ဒီဇင်ဘာ ၈ ရက်တွင်ကစားမည့် အန်ဂါစ်- ဘော်ဒိုးပွဲစဉ်နှင့် ဒီဇင်ဘာ ၉ ရက်တွင်ကစား မည့် စိန့်အက်တီယန်-မာဆေးလ်ပွဲစဉ်များကိုပါ ထပ်မံရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ပြင်သစ်လက်ရွေးစင်နှင့် အာဆင်နယ်အသင်း ကစားသမားဟောင်း များဖြစ်သည့် မိုနာကိုအသင်းနည်းပြ အွန်နရီ နှင့် နိစ်အသင်းနည်းပြ ဗီယာရာတို့ နည်းပြ အနေဖြင့် ပထမဆုံးပြန်လည်ရင်ဆိုင်ရမည့် ပွဲအား ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။
ပြင်သစ်ပရော်ဖက်ရှင်နယ်လိဂ် (LFP) က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဒေသဆိုင်ရာအာဏာပိုင်များ၏ တောင်းဆိုမှုကို ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ပွဲစဉ်များရွှေ့ဆိုင်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
လီဂူးပြိုင်ပွဲ ပွဲစဉ် (၁၇) ၇/၈/၉-၁၂-၂၀၁၈
*မိုနာကို - နိစ်
*PSG - မောင့်ပယ်လီယာ
*အန်ဂါစ် - ဘော်ဒိုး
ဂူအင်ဂမ့် - အာမီယန်စ်
နီးစ် - နန့်စ်
ရန်းစ် - ဒီယွန်း
*တူးလူး - လိုင်ယွန်
စထရာဘိုး - ကိန်း
လိုင်လီ - Reims
*စိန့်အက်တီယန် - မာဆေးလ်
(မှတ်ချက် - * ပြထားသည့်ပွဲ ရွှေ့ဆိုင်း)