မြန်မာနိုင်ငံတွင် လဆန်း ၁ ရက်ရောက်တိုင်း ထီထိုးထားသည့် မည်သူမဆို သန်းကြွယ်သူဌေး ဖြစ်ခွင့်ရှိသည်။
နိုင်ငံ၏ ကျဆင်းလာသော စီးပွားရေးနှင့် စားဝတ်နေရေး အကျပ်အတည်းများကြောင့် ဘဝကို တည်တည်တံ့တံ့ ရပ်နိုင်ရန် အခြေခံ လူတန်းစားတို့၏ တစ်ခုတည်းသော ထွက်ပေါက်သည် ထီပေါက်ရန်သာ ဖြစ်သည်။
၁၉၃၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည့် အောင်ဘာလေသိန်းထီဆုကို ငွေကြေးချမ်းသာသူများက ကံစမ်းသည့် သဘောဖြင့် ထိုးကြသော်လည်း ဘဝကို ခက်ခဲကြမ်းတမ်းစွာ လှုပ်ရှားရုန်းကန် နေကြရသည့် အခြေခံလူတန်းစားများမှာမူ ဘဝတစ်ခု ပြောင်းလဲစေရန် မျှော်လင့်ချက်ကြီးများစွာဖြင့် ထီကိုထိုးနေကြခြင်း ဖြစ်သည်။
“လစဉ်တော့ ထိုးဖြစ်တယ်။ အိုးပိုင်အိမ်ပိုင်လေးနဲ့ နေနိုင်ဖို့က ထီဆုကြီးပေါက်မှ ဖြစ်မှာ။ လက်ရှိ အလုပ်လုပ်လို့ရတဲ့ ဝင်ငွေက စားနိုင် သောက်နိုင်ရုံပဲ။ အဲဒါကြောင့် တစ်လတစ်လ ထီကို ထိုးဖြစ်နေတာ။ ခုထက်ထိတော့ မပေါက်ဖူးသေးဘူး” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီဝန်ထမ်း ကိုကျော်စွာက ဆိုသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးထက်ပင် သက်တမ်းရင့်သည့် အောင်ဘာလေသိန်းထီကို ၁၉၃၈ ခုနှစ်တွင် တစ်စောင်လျှင် နှစ်ကျပ်နှုန်းဖြင့် စတင်ရောင်းချခဲ့ပြီး အမြင့်ဆုံး ဆုကြေးအဖြစ် ကျပ်တစ်သိန်းကို သတ်မှတ်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ထီတစ်စောင်လျှင် ငါးကျပ်သတ်မှတ်၍ အမြင့်ဆုံး ဆုကြေးအဖြစ် ကျပ် ၃ သိန်း ပြောင်းလဲခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ထီတစ်စောင်လျှင်၁၀ ကျပ် သတ်မှတ်ခဲ့ကာ အမြင့်ဆုံး ဆုကြေးအဖြစ် ကျပ် ၁၀ သိန်း ပြောင်းလဲသတ်မှတ် ပေးခဲ့သည်။
၁၉၉၅ ခုနှစ်တွင်မူ ထီတစ်စောင်လျှင် ကျပ် ၅၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အမြင့်ဆုံး ဆုကြေးအဖြစ် ကျပ်သိန်း ၅၀ ကို ပြောင်းလဲပေးခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ထီတစ်စောင်လျှင် ကျပ်တစ်ရာသို့ တိုးမြှင့်ခဲ့ပြီး အမြင့်ဆုံးဆုကြေးအဖြစ် ကျပ်သိန်း ၅၀၀ ကို သတ်မှတ်ပေးခဲ့သည့် နောက်ပိုင်း ၂၀၀၈ ခုနှစ်တွင် ထီတစ်စောင်လျှင်ကျပ် ၂၀၀ သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး အမြင့်ဆုံးဆုကြေး များကိုလည်း ကျပ်သိန်း ၁၀၀၀ မှ ၂၀၁၁ ခုနှစ်တွင် ကျပ်သိန်း ၁၅၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။ နောက်ပိုင်းတွင် သိန်းသုံးထောင်အထိ အမြင့်ဆုံးဆုကြေးကို သတ်မှတ်ခဲ့ပြီး ထီထိုးသူများကို ဆွဲဆောင်ခဲ့သည်။
၂၀၁၇ မတ်လတွင် ထီလောက၏ အချိုးအကွေ့တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၇ မတ် ၁ ရက်မှ စတင်၍ ပြည်သူများ ကံစမ်းနိုင်ရန်အတွက် ကျပ် ၅၀၀ တန် အောင်ဘာလေထီ လက်မှတ်များကို စတင်ရောင်းချပေးခဲ့ပြီး ဆုကြေးကိုလည်း သိန်းတစ်သောင်းအထိ တိုးမြှင့်ပေးခဲ့သည့်အတွက် ထီဈေးကွက်တွင် ထီဝယ်ယူ ကံစမ်းသူ များပြားလာခဲ့သည်။
ကျပ် ၅၀၀ တန် ထီသည် အမြင့်ဆုံး ဆုငွေကျပ် သိန်းတစ်သောင်း၊ ကျပ်သိန်းငါးထောင်စသည့် ဆုကြီးများ ပါဝင်နေခြင်း၊ ထီအမျိုးအစား အသစ်ဖြစ်နေခြင်းစသည့် အချက်များကြောင့် ပြည်သူများက စိတ်ဝင်စားမှုများခြင်း ဖြစ်သည်။
“အရင်ကတော့ ပုံမှန် ထီမထိုးဖြစ်ပါဘူး။ အခု ငါးရာတန်ထီက ဆုကြေးတွေကို စိတ်ဝင်စားလို့ လစဉ်ထိုးဖြစ်တယ်” ဟု ကျောက်တံတားမြို့နယ်မှ ထီကံစမ်းသူ ဒေါ်ဝင်းဝင်းစန်းက ပြောသည်။
ကျပ် ၅၀၀ တန် ထီကို ရောင်းချရန် ကိုယ်စားလှယ် ၂၃၀၀ ကျော်ထံ ထီစာအုပ်ပေါင်း သုံးသန်းခန့်၊ ထီလက်မှတ်စောင်ရေ သိန်း ၃၀၀ ကျော် ဖြန့်ဝေထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ၂၀၁၇ ဖေဖော်ဝါရီ ၂၈ ရက်က သတင်းထုတ်ပြန်သည်။
ထို့ပြင် ထီလက်မှတ်တန်ဖိုးထက် ရောင်းချသော ဆိုင်များတွင် မဝယ်ယူရန်နှင့် ထီလက်မှတ် တန်ဖိုးအတိုင်း ရောင်းချသည့် ဆိုင်များတွင်သာ ဝယ်ယူကြရန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောင်ဘာလေ သိန်းဆုဌာနခွဲနှင့် သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်တို့ ချုပ်ဆိုထားသော ပဋိညာဉ် စာချုပ်အရ ကျပ် ၅၀၀ တန်ထီလက်မှတ်များကို သတ်မှတ်ဈေးထက်ပို၍ ရောင်းချပါက အမည်ပျက်စာရင်း သတ်မှတ်ကာ လစဉ် ထီစာအုပ် ဝယ်ယူခွင့် ရုပ်သိမ်းခြင်း၊ ပေးသွင်းထားသည့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲက သတိပေး ကြေညာထားသည်။
အောင်ဘာလေ သိန်းဆုဌာနခွဲ အနေဖြင့်ကျပ် ၅၀၀ တန် ၁၁ စောင်ပါ ထီစာအုပ်တစ်အုပ်ကို ငါးထောင်ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။
ထိုသို့ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထီရောင်းချပေးမှုကို ကြည့်ခြင်းအားဖြင့် ထီကိုယ်စားလှယ်များမှာ ထီတစ်စောင်ကို ကျပ် ၅၀၀ အောက်နှုန်းဖြင့်သာ ဝယ်ယူရကြောင်း တွေ့ရသည်။
သို့သော် အစိုးရမှ ထီကိုယ်စားလှယ်များကို ထီတစ်စောင်လျှင်ကျပ် ၅၀၀ အောက်ဖြင့် ရောင်းချပေးနေသော်လည်း ထီကိုယ်စားလှယ်မှ ပြန်လည်ရောင်းချရာတွင် တရားဝင် သတ်မှတ်ထားသည့် ကျပ် ၅၀၀ နှုန်းထက် ကျော်လွန်စွာ ရောင်းချနေကြောင်း တွေ့ရှိရသည်။
လက်ရှိပြင်ပတွင် လက်လီရောင်းချနေသည့် ထီဆိုင်များ၌ ထီတစ်စောင်ကို ကျပ် ၇၀၀ ဖြင့်ရောင်းချနေပြီး ငါးစောင်တစ်အုပ်ကို ၃၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ၁၀ စောင်တွဲ တစ်အုပ်ကို ကျပ် ၇၀၀၀ ဖြင့်လည်းကောင်း ရောင်းချနေသည်။ ထီဆိုင်များက ထီလက်မှတ်တစ်စောင်လျှင် အမြတ်နှစ်ရာ စားနေသည်။
အစိုးရက ထီတစ်စောင်လျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချရန် တရားဝင် စာထုတ်၍ ကြေညာထားသော်လည်း ထီအရောင်းဆိုင်များတွင် ထီတစ်စောင်ကို ကျပ် ၇၀၀ ဖြင့် ရောင်းချနေခြင်းသည် ထီထိုးကံစမ်းနေသည့် ပြည်သူများအတွက် စိတ်ပျက်စရာပင်။
“ငါးရာကျပ်တန်ထီ စရောင်းတုန်းကတော့ ဈေးက ဒီဈေးအတိုင်းပဲ ရောင်းတာ။ အဲဒီတုန်းကတော့ မဆိုးဘူးဆိုပြီး ထိုးသေးတယ်။ ဆုကြေးကလည်း သိန်းတစ်သောင်း ဆိုတော့ ထိုးဖြစ်တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ထီတစ်စောင်ကို ၅၅၀၊ ၆၀၀၊ အခု ၇၀၀ ဆိုပြီးတော့ ဆိုင်တွေက တိုးရောင်းလာကြတယ်။ ပြီးတော့ တစ်စောင်ချင်းလည်း ရောင်းတာ မဟုတ်ဘူး။ အနည်းဆုံး ငါးစောင်တွဲ ထိုးရင်တောင် ငွေ ၃၅၀၀ ရှိတယ်။ ဒီတော့ သာမန် အခြေခံ လူတန်းစား တစ်ယောက်က ထီထိုးဖို့ဆိုတာ တော်တော်စဉ်းစားရတဲ့ အနေအထား ဖြစ်လာတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အငှားယာဉ်မောင်း ဦးစိုးမောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် အစိုးရက အနည်းဆုံးအခကြေးငွေကို တစ်ရက် လျှင်၄၈၀၀ သတ်မှတ်ထားသည်။ အခြေခံလုပ်သားတစ်ဦး၏ ဝင်ငွေ သည် တစ်ရက်လျှင်ကျပ် ၄၈၀၀ သာ ရှိသည့်အတွက် ကျပ် ၃၅၀၀ ကျ သည့် ငါးစောင်တွဲ ထီတစ်အုပ်ကို ထိုးမည်ဆိုလျှင် တစ်နေ့တာ စားသောက်စရိတ်က လောက်ငတော့မည် မဟုတ်ပေ။ ထို့ကြောင့် အနည်း ဆုံးအခကြေးငွေသာ ရရှိနေသည့် အခြေခံ အလုပ်သမားများအတွက် ထီသည် မသက်ဆိုင်သော အခြေအနေ ဖြစ်လာသည်။
“ညီမတို့ကတော့ ထီကို မထိုးဖြစ်ဘူး။ တစ်ခါတလေ စက်ရုံက သူငယ်ချင်းတွေစုပြီး ထိုးရင်တော့ ထိုးဖြစ်တယ်။ ထီငါးစောင်တွဲကို သူငယ်ချင်း ငါးယောက်စပ်ထိုးရင် တစ်ယောက်မှ ခုနစ်ရာလောက်ပဲ ကျတဲ့အတွက် တစ်ခါတလေတော့ ထိုးဖြစ်တယ်။ ညီမ တစ်ယောက် တည်းတော့ ထီငါးစောင်တွဲ တစ်အုပ် လုံးတော့ မထိုးနိုင်ဘူး။ ဘာလို့ဆို တော့ အဲဒီ ထီငါးစောင်တစ်အုပ်ကို ထိုးလိုက်ဖို့ ညီမတို့မှာ ငွေပို မရှိဘူး” ဟု လှိုင်သာယာ အထည်ချုပ်စက်ရုံမှ အလုပ်သမတစ်ဦးက ပြောသည်။
ထို့ပြင် ထီဆိုင်တွေမှ ရောင်းချပေးနေသည့် ထီဈေးနှုန်းသည် အခြေခံ အလုပ်သမားများအတွက် သာမက လစဉ်ထီထိုးနေသူများပါ ထီထိုးမှုမှာ လျော့ပါးလာခဲ့သည်။
“အရင်ကဆို ထီကို တစ်လနှစ်ကြိမ် သုံးကြိမ်လောက် ထိုးဖြစ်တယ်။ အခုကတော့ တစ်လတစ်ခါလောက်ပဲ ထိုးဖြစ်တော့တယ်။ ဦးက တစ်ခါထိုးရင် ဆယ်စောင်တွဲ ထိုးတာဆိုတော့ ခုနစ်ထောင်လေ။ အရင်က ငါးထောင်။ အရင် တစ်လ သုံးခါ လောက်ထိုးရင် တစ်သောင်းခွဲ လောက်ပဲ ကျပေမဲ့ အခုက ထီဈေးတွေတက်တော့ နှစ်သောင်းတစ် ထောင်ဆိုတော့ တစ်လ တစ်ခါလောက်ပဲ ထိုးဖြစ်တော့တယ်” ဟု လမ်းမတော်မြို့နယ်မှ ထီကံစမ်းသူ ဦးလှသိန်းက ပြောသည်။
ကျပ် ၅၀၀ တန်ထီများ စတင်ရောင်းချစဉ်က ရောင်းအားကောင်းခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ရောင်းအားအနည်းငယ် ကျဆင်းလာကြောင်း တာမွေမြို့နယ်မှ ထီရောင်းချသူ တစ်ဦးက ဆိုသည်။
“ငါးရာတန်ထီ စပေါ်တုန်းက တော်တော်ရောင်းကောင်းတာ။ အခုကတော့ အရင်ကလောက် မရောင်းရဘူး။ ထီးဖွင့်ချိန်နီးမှ ရောင်းအားက နည်းနည်းပြန်တက်တယ်” ဟု ၎င်းက ပြောသည်။
ထီဈေးနှုန်းများ မြင့်တက်နေ ခြင်းကလည်း ထီရောင်းအားကို ကျဆင်းစေသည့် အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု ၎င်းင်းက မှတ်ချက် ပေးသည်။
“ဦးတို့လည်း ထီလာထိုးတဲ့သူတွေကို မျက်နှာပူရတယ်။ ထီတစ်စောင် ခုနစ်ရာက ဦးတို့အနေနဲ့ မရောင်းလို့လည်း မရဘူး။ ဘာကြောင့်လဲဆိုတော့ ဦးတို့က ကိုယ်စားလှယ်ကြီးတွေဆီက ပြန်ယူပြီးရောင်းရတဲ့အခါ ဒီလောက်မှ မရောင်းရင် ဦးတို့အတွက် အမြတ်မကျန်တော့ဘူး။ ဒါကြောင့် ထီဈေးတက်တော့ ရောင်းအားနည်းနည်း ကျသွားတာလည်း ပါတယ်” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ ထီဈေးကြီးမြင့်ခြင်းသည် ကျပ် ၂၀၀ တန် ထီခေတ်ကတည်းကဖြစ်ပြီး အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ကျပ် ၂၀၀ တန်ခေတ်က ပြင်ပထီဆိုင်များတွင် ထီတစ်စောင်လျှင်ကျပ် ၄၀၀ အထိ ဈေးတင်၍ ရောင်းခဲ့သည့်အတွက် ထီထိုးသူများ အကြားတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ကျပ် ၅၀၀ ထီ စတင်ပေါ်ပေါက်ချိန်တွင် ကျပ် ၅၀၀ တန်ထီလက်မှတ် များကို သတ်မှတ်ဈေးထက်ပို၍ ရောင်းချပါက အမည်ပျက်စာရင်း သတ်မှတ်ကာ လစဉ် ထီစာအုပ် ဝယ်ယူခွင့် ရုပ်သိမ်းခြင်း၊ ပေးသွင်းထားသည့် အာမခံငွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း အောင်ဘာ လေသိန်းဆုဌာနခွဲက သတိပေးကြေ ညာထားသော်လည်း ထီဈေးနှုန်းက တက်နေဆဲဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ရန်ကုန်တိုင်းအတွင်း ထီဆိုင်ကြီးများက ထီလက်မှတ်များကို အစိုးရသတ်မှတ်ရောင်းဈေး ကျပ် ၅၀၀ ထက် ပိုမိုအမြတ်တင်ကာ လက်လီ၊ လက်ကား ရောင်းချနေခြင်းများသည် အောင်ဘာလေ သိန်းဆုဌာနက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှုရှိ၊ မရှိနှင့် မရှိပါက အရေးယူဆောင်ရွက်ရန် မေးမြန်းခဲ့သည်။
ရန်ကုန်မြို့တွင် ထီတစ်စောင်လျှင် အနည်းဆုံးကျပ် ၆၀၀ မှ ၇၀၀ အထိ ပေးဝယ်နေရပြီး ထီလုပ်ငန်းကြီး သုံးလေးခုကသာ ချုပ်ကိုင်လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။
“ထီလက်မှတ်တွေကို သူတို့ ပြန်လည်ရောင်းချရာမှာ တစ်စောင်အလိုက်မဟုတ်ဘဲ အနည်းဆုံး လေးစောင်ကနေ ရောင်းချနေပါတယ်။ ပြည်သူတွေ အလွယ်တကူ ဝယ်ယူလို့ရအောင် တစ်စောင်ချင်း ရောင်းချတဲ့စနစ်ကို လုပ်ပေးစေလိုပါတယ်” ဟု ၎င်းကဆိုသည်။
ထိုသို့ မေးမြန်းမှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အောင်ဘာလေ သိန်းဆုဌာနများက တိုက်ရိုက်ဝယ်ယူသူ များ၏ ပင်ရင်းထီဆိုင်၊ ယင်းမှတစ် ဆင့် ကိုယ်စားလှယ်ထီဆိုင်၊ ကိုယ်စားလှယ်များမှ ထပ်ဆင့်ရောင်းချသည့် ထီဆိုင်၊ ထပ်ဆင့်ရောင်းချသည့် ထီဆိုင်များမှ ဆက်လက် ရောင်းချနေသော ထီဆိုင်ငယ်များ စသည်ဖြင့် အဆင့်ဆင့် ဖြန့်ဖြူးကာ အကြွေးစနစ် (ရောင်းချပြီးမှ ပေးရသည့်စနစ်) ဖြင့် လုပ်ဆောင်နေခြင်းကြောင့် ဈေးအမြတ်တင်ခြင်း၊ ငွေကြေးပြဿနာနှင့် ထီဈေးနှုန်းကြီးမြင့်မှု ပြဿနာများ ဖြစ်ပေါ်နေကြောင်း ရှင်းလင်းပြောကြားသည်။
ထို့ပြင် အောင်ဘာလေ သိန်းဆုဌာနက သတ်မှတ်ထားသော ထီတစ်စောင်လျှင်ကျပ် ၅၀၀ ထက် ပို၍ ဈေးနှုန်းတိုးမြှင့် ရောင်းချမှုကို စိစစ်တွေ့ရှိပါက ထီအရေအတွက် လျှော့ချသည့်နည်းလမ်းဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း ဝန်ကြီးက ဆိုသည်။
အောင်ဘာလေ သိန်းဆုဌာနခွဲ အနေဖြင့် အောင်ဘာလေထီ ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး၍ အဆင့်ဆင့် ရောင်းချသော ထီဆိုင်များကို ကြီးကြပ်ထိန်းကျောင်းရန် အခက်အခဲများရှိကြောင်း ဝန်ကြီး ဦးမြင့်သောင်းက ဝန်ခံပြောကြားသည်။
“အောင်ဘာလေထီဥပဒေ ပြဋ္ဌာန်းနိုင်ရေး အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အောင်ဘာလေထီဥပဒေ ပြဋ္ဌာန်းပြီးပါက ထီဆိုင်အဆင့်ဆင့်ကို ကြီးကြပ်ထိန်းကျောင်းနိုင်မယ့်အပြင် သတ်မှတ်ထားတဲ့ ဈေးနှုန်းများအတိုင်း ရောင်းချဝယ်ယူနိုင်ဖို့ မိမိနှစ်သက်ရာ ဂဏန်းများအား ရွေးချယ်ကံစမ်း နိုင်တဲ့စနစ်ကို အကောင်အထည် ဖော်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။
အဆိုပါ အခြေအနေများကြောင့် ထီလုပ်ငန်းရှင်များ အသင်းက လစဉ်အစည်းအဝေးခေါ်၍ ထီလက်မှတ်များကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်၊ မိမိထီဆိုင်မှ ထပ်ဆင့်ရောင်းချသော ဆိုင်များကို ဈေးနှုန်းမြင့်မားမှု မရှိစေရန် ကြီးကြပ်ပြီး ထီဆိုင်များက သတ်မှတ်ဈေး နှုန်းများဖြင့် ရောင်းချသော ထီကားများဖြင့် လူစည်ကားရာ နေရာများတွင် ရောင်းချပေးရန် မှာကြားနေကြောင်း ဦးမြင့်သောင်းက ရှင်းပြသည်။
အောင်ဘာလေသိန်းဆုဌာန ခွဲက တစ်နိုင်ငံလုံးသို့ ထီစာအုပ်များ ဖြန့်ဖြူးရာတွင် လစဉ်အနည်းဆုံး အုပ်ရေ ၅၀ မှ အများဆုံး ၄၀၀၀၀ ခန့် ရောင်းချပြီး ရန်ကုန်တိုင်းအတွင်း ထီအုပ်ရေ ၄၀၀၀၀ ခန့်ဖြင့် အများ ဆုံးရောင်းချနေကြောင်း ဦးမြင့် သောင်းက ပြောသည်။
ရန်ကုန်တိုင်းအတွင်း ထီအုပ် ရေ ၄၀၀၀၀ ခန့် ရောင်းချငွေ ကျပ် သန်း ၂၀၀ ခန့်ရှိကြောင်း၊ ယင်းသန်း ၂၀၀ ထဲမှ ရာခိုင်နှုန်း ၆၀ ကို အောင် ဘာလေသိန်းဆုအဖြစ် လစဉ် ဖောက်ပေးပြီး ကျန် ရာခိုင်နှုန်း ၄၀ ဖြစ်သည့် ကျပ်သန်း ၈၀ ကို အောင် ဘာလေဌာနက နိုင်ငံတော်သို့ အခွန်ပေးဆောင်ရကြောင်း ဝန်ကြီးက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ထီလက်မှတ်များ ကို ဝါဇီရိုက်ထုတ်ပေးလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ အောင် ဘာလေ ရုံးခွဲများမှ ဖြန့်ဖြူးရောင်း ချပေးခြင်း ဖြစ်သည်။
အောင်ဘာလေ ထီဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်မှာ ရှေးယခင် က လူခွန်နှင့် သဿမေဓခွန်တို့ကို ကောက်ခံခြင်းမရှိတော့သည့် အတွက် နိုင်ငံတော်အခွန်ရရှိစေရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အောင်ဘာလေထီ စတင်ဖွင့် လှစ်သည့် အချိန်မှစ၍ မြန်မာနိုင်ငံ တွင် ထီနှင့်ပတ်သက်၍ ဥပဒေမရှိ သေးကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဝန်ခံထားသည်။
မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ကြာဆုံးဖြစ်သည့် လောင်း ကစားထီကို ခေတ်အဆက်ဆက် အစိုးရများ၏ ခွင့်ပြုချက်ဖြင့် တရား ဝင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ထီဈေးကွက်တွင် အစိုးရက တရားဝင်သတ်မှတ်ထားသည့် ဈေး နှုန်းဖြင့် ရောင်းချခြင်းမရှိဘဲ ဈေး တင် ရောင်းချနေမှုအပေါ် အောင်ဘာလေ ထီဥပဒေမရှိသေးသည့် အတွက် အရေးယူ၍ မရသေးကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားထား သည်။
“ထီဈေးတွေ တင်ပြီးရောင်းချ နေတာတွေ ဘယ်တော့ပပျောက် မလဲ ဆိုရင်တော့ အောင်ဘာလေထီ ဥပဒေကို ကိုယ်တို့ရေးဆွဲပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို တင် ထားတယ်။ ထီဥပဒေ အတည်ဖြစ် လာပြီဆိုရင်တော့ အဲဒီ ဥပဒေမှာ ပါတဲ့အတိုင်း ကိုယ်တို့က ဆောင် ရွက်သွားမှာပေါ့။ အဲဒီဥပဒေထဲမှာ ထီဈေးကို တိုးမြှင့်ရောင်းချရင် ဘယ် လိုပြစ်မှု ပြစ်ဒဏ်တွေပေးထားလဲ။ အဲဒီအတိုင်းပဲ ကိုယ်တို့က အရေးယူ ဆောင်ရွက်ရမှာပေါ့။ အခုတော့ ထီဥပဒေ အတည်မပြုသေးတဲ့ အခါကျတော့ ကိုယ်တို့က လုပ်လို့မရဘူး” ဟု ၎င်းင်းက ဆိုသည်။
၂၀၁၄ ခုနှစ်တွင် အောင် ဘာလေထီ ဥပဒေအားရေးဆွဲပြီး ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းခဲ့သည်။
အောင်ဘာလေထီ လုပ်ငန်းကို အခွန်ဥပဒေနှင့်အညီ ဖြစ်စေရန်၊ ခေတ်မီ အိုင်တီနည်းပညာသုံး ထီ ရောင်းချခြင်းစနစ်သို့ ပြောင်းလဲ နိုင်ရန်နှင့် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အကျိုးတူ ဖက်စပ် ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် အခန်း ခုနစ်ခန်းနှင့် ပုဒ်မ ၂၂ ခု ပါဝင်သော အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင် သွင်းခဲ့သည်။
အဆိုပါ ဥပဒေ၌ပါရှိသော အခန်း (၄) တွင် ဦးစီးဌာနနှင့် ထီ လုပ်ငန်း အကျိုးတူဆောင်ရွက်သည့် ထီလုပ်ငန်းရှင် (အစိုးရထီရုံး) သည် အီလက်ထရွန်နစ် ထီလက်မှတ်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ထီ ဖွင့်ပွဲ ကျင်းပခြင်းနှင့် ထီဆုငွေထုတ် ပေးခြင်း လုပ်ငန်းများကို နည်းပညာ အရ လုံခြုံမှုရှိစေရန် တာဝန်ခံရမည်၊ လုံခြုံမှု ကျိုးပေါက်ခြင်းကြောင့် နိုင်ငံတော်နှင့် ထီကံစမ်းသူများ နစ်နာဆုံးရှုံးမှု ပေါ်ပေါက်ပါက ယင်းဆုံးရှုံးနစ်နာမှုအတွက် အပြည့်အ၀ ပေးလျော်ရမည်ဟူသည့် အချက်များ ပါဝင်ကြောင်းလည်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ဥပဒေကြမ်း၏ မူလ ပုဒ်မ ၁၃ ကို ၂၂ အဖြစ် ပြင်ဆင်ကာ “ထီလုပ်ငန်းရှင် (အစိုးရထီရုံး) မှအပ မည်သူမျှ ထီလက်မှတ်ကို ဆင်တူယိုးမှား ပြုလုပ်ခြင်း၊ အတု အပ ပြုလုပ်ခြင်းနှင့် ပြင်ဆင်ခြင်း မပြုရ” ဟု လည်းကောင်း၊ မူလ ပုဒ်မ ၁၆ ကို ပုဒ်မ ၂၄ အဖြစ် ပြင်ဆင်ကာ “ထီရောင်းချသူ မည်သူမျှ ထီလက် မှတ်ကို သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရ” ဟု လည်းကောင်း၊ မူလ ပုဒ်မ ၁၈ (က)၊ (ခ)၊ (ဂ) တို ကို ပုဒ်မ ၂၅၊ ၂၆ နှင့် ၂၇ အဖြစ်ပြင်ဆင်ကာ “ပုဒ်မ ၂၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်လျှင် ငါးနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်း ထက် မပိုသော ငွေဒဏ်ဖြစ်စေ နှစ် ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်”၊ ‘‘ပုဒ် မ ၂၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်” နှင့် ‘‘ပုဒ်မ ၂၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်လျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်” ဟု ဖြည့်စွက်ထားကြောင်းလည်း သိရသည်။
သို့သော် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်သက်တမ်း ပြီးဆုံးခဲ့သဖြင့် ယင်းဥပဒေကြမ်းကို ၂၀၁၇ ဇူလိုင် ၁၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်မှသာ စီမံကိန်းနှင့် ဘဏ္ဌာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက တင်သွင်းခဲ့သည်။
‘‘လက်ရှိ အကောင်အထည်ဖော်နေတဲ့ ထီလက်မှတ်စနစ်အပြင် အီလက်ထရွန်နစ်ကိုလည်း ဥပဒေနဲ့အညီ အကောင်အထည် ဖော်နိုင်ရန်အတွက် ရည်ရွယ်ပြီး တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
အီလက်ထရွန်နစ် ထီစနစ်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် ထီကံစမ်းလိုသူများသည် မိမိတို့ကြိုက်နှစ်သက်ရာ နံပါတ်ကို တတ်နိုင်သည့် ပမာဏဖြင့် ဝယ်ယူကံစမ်းနိုင်ခြင်း၊ ထီလက်မှတ်ကို သတ်မှတ်ရောင်းဈေးဖြင့် ဝယ်ယူကံစမ်းနိုင်ခြင်း၊ ထီရောင်းချမှု ကျယ်ပြန့်လာခြင်း၊ အောင်ဘာလေ သိန်းဆုခွန် ခေါင်းစဉ်အောက်မှ အခွန်ဘဏ္ဍာငွေ သိသာစွာ ပိုမိုတိုးတက် ရရှိခြင်းစသည့် အကျိုးရလဒ်များ ရရှိလာစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကို ရှင်းပြသည်။
အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းတွင် ထီလုပ်ငန်းရှင်သည် ဦးစီးဌာနနှင့် ထီလုပ်ငန်း အကျိုးတူ ဆောင်ရွက်သည့် လုပ်ငန်းများ၌ လိုက်နာရမည့်အချက်ကိုလည်း ထည့်သွင်းရေးဆွဲထားသည်။
အီလက်ထရွန်နစ် ထီလက် မှတ်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ထီဖွင့်ပွဲကျင်းပခြင်းနှင့် ထီ ဆုငွေထုတ်ပေးခြင်း လုပ်ငန်းများ ကို နည်းပညာအရ လုံခြုံမှုရရှိစေရန် တာဝန်ခံရမည် ဟုလည်းကောင်း၊ နည်းပညာအရ လုံခြုံမှု ကျိုးပေါက်ခြင်းကြောင့် နိုင်ငံတော်နှင့် ထီကံစမ်းသူများ နစ်နာဆုံးရှုံးမှု ပေါ်ပေါက်ပါက ထီလုပ်ငန်းရှင်နှင့် ဦးစီးဌာနတို့အကြား ချုပ်ဆိုထားသည့် စာချုပ်ပါ သဘောတူညီချက်များအတိုင်း တာဝန်ယူ ဖြေရှင်းပေးရမည် ဟုလည်းကောင်း အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းလာသည့် အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းတွင် ထီဆု ငွေများကို စတင်ထုတ်ယူနိုင်သည့် နေ့မှစ၍ တစ်နှစ်အတွင်းသာ ထုတ်ယူခွင့်ရှိပြီး ခိုင်လုံသော အကြောင်း ပြချက်မရှိပါက တစ်နှစ်ကျော်လွန်သည်အထိ ထုတ်ယူခြင်းမရှိသည့် ထီဆုငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သတ်မှတ်ရမည်ဟု ပါရှိ သည်။
ထို့ပြင် အစိုးရထီရုံးမှ တာဝန်ရှိသူ (သို့မဟုတ်) ထီလုပ်ငန်းရှင် (သို့ မဟုတ်) ထီရောင်းချသူ မည်သူမျှ ထီလက်မှတ်ကို သတ်မှတ်ထား သည့် ဈေးနှုန်းထက် ပိုမိုရောင်းချ ခြင်းမပြုရန် အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းတွင် ရေးဆွဲထားသည်။
သို့သော် ၂၀၁၇ သြဂုတ် ၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အီလက်ထရွန်နစ် ထီစနစ် အပါအဝင် ထီလုပ်ငန်းကို ပြည်တွင်း၊ ပြည်ပ လုပ်ငန်းများအား အကျိုးတူပူးပေါင်း ဆောင် ရွက်ခွင့် ပြုထားသည့် အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် မလိုအပ်၍ ယင်းဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပြန်လည် ပေးပို့ရန် လွှတ်တော်က သဘော တူခဲ့သည်။
ယင်းဥပဒေကြမ်းကို လွှတ် တော်တွင် ဆွေးနွေးအတည်ပြုရန် မလိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်း ကော်မတီက သဘောထားမှတ်ချက် ပြု၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးပို့ရန် လွှတ်တော်က သဘောတူခဲ့ခြင်း ဖြစ်သည်။
အောင်ဘာလေထီလုပ်ငန်း သည် အစိုးရကိုယ်တိုင် ခေတ် အဆက်ဆက်အောင်မြင်စွာ ဆောင် ရွက်လာနိုင်ခဲ့သည့် လုပ်ငန်းတစ်ခု ဖြစ်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်း ဆောင်ရွက်ရန် မလိုအပ်ကြောင်း ဥပဒေ ကြမ်းပူးပေါင်းကော်မတီက ထောက် ပြသည်။
အီလက်ထရွန်နစ်စနစ် ထီ လုပ်ငန်းကို ဆောင်ရွက်လိုပါက အစိုးရအီလက်ထရွန်နစ် ထီဥပဒေ ကြမ်းအဖြစ် သီးခြားခွဲကာ သက်ဆိုင် ရာဝန်ကြီးဌာနက ပြန်လည်ရေးဆွဲ တင်ပြသင့်ကြောင်း ယင်းကော်မတီ က ဆိုသည်။
အီလက်ထရွန်နစ်စနစ် ထီ လုပ်ငန်း လုပ်ဆောင်မည်ဆိုပါက လည်း အစိုးရကသာ လုပ်ဆောင် သင့် ပြီး နည်းပညာအကူအညီများကို နိုင်ငံတော်၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်သင့်ကြောင်း ယင်းကော် မတီက ပြောကြားသည်။
အစိုးရ အောင်ဘာလေထီကို ၁၉၃၈ ခုနှစ် ကတည်းက ထုတ်ဝေရောင်းချခဲ့ပြီး လက်ရှိအချိန်အထိ အောင်ဘာလေ သိန်းဆု အခွန် ကောက်ခံခြင်း၊ ထီလက်မှတ်ထုတ် ဝေခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ထီဆုငွေ ထုတ်ပေးခြင်း စသည်တို့ကို အမိန့်ညွှန်ကြားချက်များဖြင့်သာ ထုတ်ပြန်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ယင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ထီရောင်းချမှုကို e-Lottery လုပ်သွားမည် ဖြစ်ကြောင်းနှင့် e-Lottery လုပ်မည်ဆိုလျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထီဈေးနှုန်းကို လုပ်သွားနိုင်မည် ဖြစ်ကြောင်းကို အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူက ပြောကြားထားသည်။
လက်ရှိ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းကို ဆွေးနွေးရန် မလိုအပ်၍ ယင်းဥပဒေ ကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ သို့ ပြန်လည်ပေးပို့ရန် လွှတ်တော်က သဘောတူခဲ့သည့်အတွက် ထီဥပဒေ မရှိသေးသည့် အချိန်တွင် ထီဈေးနှုန်း ကစားနေမှုများအပေါ် အစိုးရအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်မည် ဆိုသည်က မေးစရာဖြစ်လာသည်။ အစိုးရ အဆက်ဆက်တွင် အိပ်ချင်ယောင် ဆောင်နေခဲ့သည့် ထီဈေးနှုန်းကိစ္စမှာ NLD အစိုးရ လက်ထက်တွင်လည်း ပြည်သူများကြား၌ တစ်ဖန်ပြန်လည်၍ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသော ပြဿနာတစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် NLD အစိုးရအနေဖြင့် နိုင်ငံတော်အခွန်ရသည်ကိုသာ ကြည့်ပြီး ထီကိုယ်စားလှယ်များထံ လစဉ် ကျပ်သိန်းပေါင်း ထောင်ချီ၍ စီးဆင်းနေသည့် ပြည်သူ့ငွေများကို မျက်ကွယ်ပြုမည်ဆိုပါက ပြည်သူများ၏ဘဝမှာ နစ်သထက်နစ်ရန်သာ ရှိတော့သည်။
‘‘ဦးတို့လည်း ထီထိုးနေတာပဲ။ အပြင်မှာ ထီဈေးက ၁၀ စောင်တွဲကို ၇၀၀၀ ရှိတယ်။ အစိုးရရောင်းဈေးက တစ်စောင်ကို ၅၀၀။ ဒါကြောင့် NLD အစိုးရအနေနဲ့ ဒီကိစ္စကို ထိထိ ရောက်ရောက် ကိုင်တွယ်စေချင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ပြောကြားသည်။