မြောက်ကိုရီးယားက ဒုံးပစ်လွှတ်ရန် စီစဉ်နေချိန်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်ရန် အသင့်ဖြစ်

မြောက်ကိုရီးယားက ဒုံးပစ်လွှတ်ရန် စီစဉ်နေချိန်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်ရန် အသင့်ဖြစ်
Published 11 August 2017

သြဂုတ် ၁၁ ရက်က ကိုရီးယားနှစ်နိုင်ငံအကြား နယ်စပ်မြို့ ပါဂျူရှိ စစ်မဲ့ဇုန်အနီး စောင့်ကြပ်နေသော တောင်ကိုရီးယားစစ်သားများ (Photo: AFP)

အမေရိကန်၏ ပိုင်နက်နှင့် အဓိက စစ်ရေးအချက်အချာဖြစ်သော သေးငယ်သည့် ဂူအမ်ကျွန်းစုသို့ ဒုံးများပစ်လွှတ်ရန် အစီအစဉ်ကို အပြီးသတ်ရန် မြောက်ကိုရီးယားက ပြင်ဆင်နေချိန်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကလည်း ယခုလနှောင်းပိုင်းတွင် ပြုလုပ်မည့် ကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် အသင့်ရှိနေကြောင်း နှစ်နိုင်ငံ စစ်ဘက်တာဝန်ရှိသူများက သြဂုတ် ၁၁ ရက်တွင် ကြေညာခဲ့ကြသည်။ ဂူအမ်သို့ Hwa-song-12 ဒုံးလေးစင်း ပစ်လွှတ်မည့် အစီအစဉ်ကို အတည်ပြုရန်အတွက် မြောက်ကိုရီးယား စစ်ဘက်က ကင်ဂျုံအွန်ထံ နှစ်စဉ်ပြုလုပ်နေကျ ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှု မတိုင်မီ သို့မဟုတ် ပြုလုပ်နေစဉ်အတွင်း တင်သွင်းဖွယ်ရှိကြောင်း သိရသည်။

သြဂုတ် ၂၁ ရက်မှ ၃၁ ရက်အထိ ပြုလုပ်မည်ဟု မျှော်မှန်းထားသည့် Ulchi-Freedom Guardian ဟုခေါ်သော ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင် သောင်းနှင့်ချီ ပါဝင်မည်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားအား ဒေါသတကြီး သတိပေးမှုမြင့် တက်လာမှုနှင့် မြောက်ကိုရီးယားက ဒုံးပစ်လွှတ်ရန် စီစဉ်နေမှုတို့ကြောင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာသည့် မတိုင်မီကတည်းက ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် သေချာပြင်ဆင်ထားပြီးဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ထုတ်ပြန်ခဲ့သည်။

နွေဦးရောက်တိုင်း ပြုလုပ်လေ့ရှိသော အခြားကြီးမားသော စစ်ရေးလေ့ကျင့်မှု တစ်ခုနှင့်အတူ ယင်းစစ်ရေးလေ့ကျင့်မှုများအား မြောက်ကိုရီးယားက ပြင်းထန်စွာ ရှုတ်ချလေ့ရှိပြီး တန်ပြန်လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိသည်။ ယင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည့် ကာလအတွင်း တင်းမာမှု ပုံမှန်မြင့်တက်လေ့ရှိပြီး ပြီးခဲ့သောနှစ်က ယင်းစစ်ရေးလေ့ကျင့်မှုအပြီး ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယားက ငါးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သို့သော် ပို၍ ဆိုးရွားသော အရှိန်မြင့်တက်မှုဆီသို့ ရောက်သွားနိုင်သည့် နှစ်ဖက်စလုံးမှ အလွန်အကျွံပြုမူမှုအချို့ သို့မဟုတ် ကံဆိုးစေသော မတော်တဆမှု ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ခြင်းတို့ကြောင့် လတ်တလောတွင် ကိုရီးယားကျွန်းဆွယ်၌ စစ်ရေးလှုပ်ရှားမှု မြင့်တက်ခြင်းသည် စိုးရိမ်စရာကောင်းနေကြောင်း သိရသည်။ နောက်ဆုံးပြုလုပ်မည့် နှစ်စဉ်ပြုလုပ်နေကျ ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ကင်ဂျုံအွန်နှင့် ၎င်း၏ထိပ်တန်း ဗိုလ်ချုပ်များအား ခေါင်းဖြတ်သတ်ဖြတ်ရန် လေ့ကျင့်မှု ပါဝင်သည်ဟု စွပ်စွဲခဲ့ပြီးနောက် မြောက်ကိုရီးယားက အလွန်အမင်း အထိမခံ ဖြစ်နေသည်။

ထို့ပြင် မြောက်ကိုရီးယားသည် ၎င်းတို့ အစိုးရအတွက် စိတ်ပိုင်းဆိုင်ရာ ခိုလှုံရာ ဖြစ်သည်ဟု သတ်မှတ်ထားပြီး တရုတ်နယ်စပ်၌ ခွလျက်တည်ရှိသည့် မီးတောင်သေတစ်လုံးဖြစ်သော Mount Paektu တွင် အာဏာရ ကင်မိသားစုအား ဂုဏ်ပြုသည့် အခမ်းအနား တစ်ခုကို လာမည့် သီတင်းပတ်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး နိုင်ငံတကာ အာရုံစိုက်မှု ရစေရန် ပြည်ပဂျာနယ်လစ် အများအပြားအား ဖိတ်ခေါ်ထားကြောင်း သိရသည်။

နှောင့်နှေးမှု မရှိဘဲ ပြုလုပ်မည်ဟု အမေရိကန် ကာကွယ်ရေးဌာနက အတည်ပြုထားသည့် Ulchi-Freedom Guardian ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားက အရပ်ဘက် ကာကွယ်ရေး တုံ့ပြန်မှုများကို လေ့ကျင့်ပေးသည့် အရပ်ဘက် ဝန်ထမ်းများနှင့်အတူ နှစ်နိုင်ငံတပ်ဖွဲ့ဝင် ၄၀၀၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Ref: AP

Most Read

Most Recent