၂၁ ရာစုပိုးလမ်းမကြီး၊ အခွင့်အလမ်းများနှင့် စိုးရိမ်ရေမှတ်

၂၁ ရာစုပိုးလမ်းမကြီး၊ အခွင့်အလမ်းများနှင့် စိုးရိမ်ရေမှတ်
Published 10 August 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းတို့ ဧပြီ ၁၀ ရက်က တရုတ်နိုင်ငံ ပေးကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ တွေ့ဆုံခဲ့စဉ် (Photo: AFP)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကမကထပြုသည့် အာရှပုံစံ ဂလိုဘယ်လိုက်ဇေးရှင်း သို့မဟုတ် ၂၁ ရာစု ပိုးလမ်းမကြီးအစီအစဉ်သည် ခရီးပေါက်သည်ထက် ပေါက်လာနေပြီဖြစ်သည်။ အခွင့်အလမ်းများ ရှိနေသကဲ့သို့ စိန်ခေါ်မှုများ၊ အကျပ်အတည်းများလည်း ရှိနေသဖြင့် ပြိုင်ကြ၊ ဆိုင်ကြရမည့် အလားအလာများကလည်း မြင့်မားနေသည်။ အစကောင်းလျှင် အနှောင်းသေချာဆိုသကဲ့သို့ ကနဦးအစတွင် စနစ်တကျပြင်ဆင်နိုင်ပြီး စည်းစနစ်တကျ ခရီးဆက်နိုင်ပါမှ ဘေးဖြစ်နိုင်ခြေနည်းမည်ဟု ဆင်ခြင်မိသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၁ ရာစု ပိုးလမ်းမကြီးနှင့် ဆက်စပ်အခွင့်အလမ်းများကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီး စီးပွားရေးစိုးရိမ်ရေမှတ်မရောက်အောင် ထိန်းကျောင်းနိုင်ဖို့ဆိုလျှင် ဒေသတွင်း နိုင်ငံများထက် ခြေသွက်လက်သွက်၊ ဦးနှောက်သွက်ဖြစ်ဖို့ အရေးကြီးမည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၆ ခုနှစ် သြဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ ငါးရက်ကြာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးအလည် အပတ်ခရီးအပြီး ထုတ်ပြန်သော နှစ်နိုင်ငံ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း (အိုဘီအိုအာ) One Belt, One Road အစီအစဉ်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး စြင်္ကံလမ်းအစီအစဉ်ကို ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။ နှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုအားကောင်းအောင် ဆောင်ရွက်မည်ဟုလည်း ဖော်ပြခဲ့သည်။ အိုဘီအိုအာ၏ အခွင့်အလမ်းများကိုရယူပြီး ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်မည်ဟု ပထမဆုံး ဟန်ရေးပြခဲ့ခြင်းဟုဆိုနိုင်သည်။

၂၀၁၇ ခုနှစ် ဧပြီ ၆ ရက်မှ ၁၁ ရက်အထိ သမ္မတဦးထင်ကျော်၏ တရုတ်ပြည်သူ့သမ္မတ နိုင်ငံချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာနိုင်ငံအနေဖြင့် ၂၁ ရာစု ပိုးလမ်းမကြီးဟုကျော်ကြားသည့် တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသောလမ်းကြောင်း (အိုဘီအိုအာ) One Belt, One Road တွင်ပါဝင်မည်ဟု လူသိရှင်ကြား ထပ်မံအတည်ပြုခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့၌ကျင်းပခဲ့သော ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီးအစည်းအဝေးနှင့် အိုဘီအိုအာဖိုရမ်ကို တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့ရာတွင် ၂၀၁၇ ခုနှစ် မေ ၁၅ ရက်နောက်ပိုင်း ၂၁ ရာစုပိုးလမ်းမကြီး သို့မဟုတ် အိုဘီအိုအာအစီအစဉ်သည် တစ်ခန်းရပ်သွားပုံရပြီး ကြက်ပျောက်ငှက်ပျောက် ပျောက်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသောလမ်းကြောင်း (အိုဘီအိုအာ) တွင်ပါဝင်မည်ဆိုပါက အစစအရာရာ အဆင်သင့်ဖြစ်ရေး တွေးဆ၊ ပြင်ဆင်ကြရမည်ဖြစ်သည်။ အိုဘီအိုအာနှင့် ဆက်စပ်သော မြန်မာ့စီမံချက်၊ ဗျူဟာ၊ နည်းနာတို့ကို ဆွေးနွေး၊ ညှိနှိုင်း၊ ရေးဆွဲ၊ အတည်ပြုသင့်သည်။ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးများစေမည့် စီမံကိန်းများကို အဆိုပြုနိုင်ပြီး နှစ်နိုင်ငံအကြား သူလည်းနိုင် ကိုယ်လည်းနိုင်ဖြစ်မည့် ဆုံမှတ်တစ်ခုကို ရောက်သည်အထိ နှစ်နိုင်ငံအကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးနိုင်ရမည်ဖြစ်သည်။ မေလ ၁၅ ရက်နောက်ပိုင်း အိုဘီအိုအာနှင့် စပ်လျဉ်း၍ အစိုးရများနှင့် လွှတ်တော်များသည် တုံဏှိဘာဝေအသွင် ဆောင်နေသည်မှာ စိုးရိမ်ရေမှတ်ပင်ဖြစ်သည်။ အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ချဲ့ထွင်နိုင်ပါ့မလား စိုးရိမ်ဖွယ်ရာဖြစ်သည်။ ယခင့်ယခင်အစိုးရများနှင့် ထူးမခြားနားသော ခြေလှမ်းများကို လှမ်းလာမည်လား သံသယဖြစ်မိပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိပ်သီးအစည်းအဝေးနှင့် ဖိုရမ်တက်ရောက်ခဲ့ပြီး ၈၆ ရက်မြောက်သည့် သြဂုတ် ၉ ရက်နေ့အထိ အစိုးရများနှင့် လွှတ်တော်များတွင် ၂၁ ရာစု ပိုးလမ်းမကြီးအသံ၊ အိုဘီအိုအာအသံတို့ ဆိတ်သုဉ်းလျက်ရှိနေသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် လေ့လာစောင့်ကြည့်သူများအကြား ၂၁ ရာစု ပိုးလမ်းမကြီးစီမံကိန်းနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်သံများ၊ ဝေဖန်သံများ မြင့်တက်လာနေလင့်ကစား၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အိုဘီအိုအာစီမံကိန်းနှင့် စပ်လျဉ်း၍ အစိုးရထံ မေးခွန်းထုတ်သံ၊ အဆိုတင်သွင်းသံ လုံးလုံးမကြားရပေ။ ၂၁ ရာစု ပိုးလမ်းမကြီးစီမံကိန်းနှင့် စပ်လျဉ်း၍ အစိုးရများနှင့် လွှတ်တော်များအနေဖြင့် အိပ်ပျော်နေပြီလား၊ မီးစိမ်းပြသည့်အချိန်ကို စောင့်ဆိုင်းနေသလား၊ ခိုင်းမှလုပ်မည်လား စသည့်စသည့် မေးခွန်းများက ကျယ်လောင်နေဆဲဖြစ်သည်။

အကယ်စင်စစ် ပြည်ထောင်စုအစိုးရ သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ၂၁ ရာစု ပိုးလမ်းမကြီးစီမံကိန်း (အိုဘီအိုအာ) ဆိုင်ရာ သီးသန့်ကော်မတီ သို့မဟုတ် ကော်မရှင်ကို ဖွဲ့စည်းသင့်သည်။ အဆိုပါကော်မတီများတွင် ပညာရှင်များ၊ လေ့လာသူများနှင့် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များကို မဖြစ်မနေ ထည့်သွင်းရမည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များသည် အိုဘီအိုအာစီမံကိန်းနှင့် စပ်လျဉ်း၍ လုံးစေ့ပတ်စေ့ နားလည်သဘောပေါက်ထားရမည့်အပြင် အကြိတ်အနယ် ဆွေးနွေး၊ ငြင်းခုံ၊ အမြင်ဖလှယ်ကြရမည်ဖြစ်သည်။ အိုဘီအိုအာ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် သုံးတတ်လျှင်ဆေးဖြစ်ပြီး မသုံးတတ်လျှင် ဘေးဖြစ်စေတတ်သည်ကို ဆင်ခြင်နှလုံးသွင်းသင့်သည်။ အစိုးရနှင့် လွှတ်တော်တို့၏ အိုဘီအိုအာဆိုင်ရာ ခြေလှမ်းများသည် ဟန်ချက်ပျက်နေဆဲ စည်းဝါးမကိုက်ဖြစ်နေဆဲဟု သုံးသပ်နိုင်သည်။

အစိုးရ၊ လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် သတင်းမီဒီယာများသည် ၂၁ ရာစုပိုးလမ်းမကြီးစီမံကိန်း (အိုဘီအိုအာ) ကို ကျောချင်းကပ်၊ သတင်းဖလှယ်ကာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် ကြပ်မတ်၊ ထိန်းကျောင်းကြရမည်ဖြစ်သည်။ အိုဘီအိုအာ သုတေသနဌာနများ၊ အိုဘီအိုအာ အလုပ်ရုံဆွေးနွေးပွဲများ၊ အိုဘီအိုအာ နှီးနှောဖလှယ်ပွဲများ၊ အိုဘီအိုအာ ဟောပြောပွဲများကို ဆောလျင်စွာ အသက်သွင်းကြရမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများ၏ အိုဘီအိုအာ စီမံကိန်းနှင့်စပ်လျဉ်းသည့် စီမံချက်များ၊ မျှော်မှန်းချက်များ၊ စာချုပ်များ၊ သဘောတူညီချက်များကို အသေးစိတ်လေ့လာနိုင်ရန် လိုအပ်သည့်အပြင် ဒေသတွင်းနိုင်ငံများ၏ အိုဘီအိုအာနှင့် ဆက်စပ်သော ခြေလှမ်းတိုင်းကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာနေရန် သော့ချက်ကျမည်ဖြစ်သည်။ သို့မှသာ အစိုးရနှင့်လွှတ်တော်များသည် ၂၁ ရာစုပိုးလမ်းမကြီးစီမံကိန်း (အိုဘီအိုအာ) ကို မြင်ကွင်းကျယ်ကျယ် မြင်လာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ဖော်ဆောင်မည့် အိုဘီအိုအာစီမံကိန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသား၊ အထူးသဖြင့် ဒေသခံပြည်သူတို့သဘောတူညီပြီး အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများဖြစ်ရေး မဖြစ်မနေ ဦးစားပေးရမည်ဖြစ်သည်။ စီမံကိန်းများအပေါ် ဒေသခံပြည်သူလူထု၏ သဘောတူညီမှုသည် အခရာကျကြောင်း နှစ်နိုင်ငံအကြား ပြည်သူ့ထံမှပြည်သူ့ထံသို့ ဆက်ဆံရေးက ဖော်ညွှန်းနေသည်။ မြန်မာအစိုးရအနေဖြင့် ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးလျက်၊ မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးအမြတ်နှင့် အခွင့်အလမ်း ရေရာသေချာနိုင်မည့် အိုဘီအိုအာစီမံကိန်းများကို စိစစ်၊ ဖော်ထုတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ဒေသခံနှင့် ပြည်သူလူထုအကြား ဆင်းရဲမွဲတေမှု လျှော့ချနိုင်ပြီး ဝင်ငွေနှင့် အလုပ်အခွင့်အလမ်း သိသာမြင်သာ ချဲ့ထွင်နိုင်မည့် စီမံကိန်းများကို အိုဘီအိုအာနှင့် ဆက်စပ်ဖော်ဆောင်နိုင်ရေး နည်းလမ်းရှာကြံသင့်သည်။

အကယ်စင်စစ် ၂၁ ရာစု ပိုးလမ်းမကြီး (အိုဘီအိုအာ) စီမံကိန်းသည် မြန်မာနိုင်ငံ အပါအဝင် အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံ ၆၀ ကျော်အတွက် စိန်ခေါ်မှုဖြစ်သကဲ့သို့ အခွင့်အလမ်းလည်းဖြစ်သည်။ စီမံကိန်းများ၏ လားရာ၊ အလားအလာနှင့် အခွင့်အလမ်းများကို မျက်တောင်မခတ် ဆန်းစစ်ကြရမည်ဖြစ်သည်။ အစိုးရများ၊ လွှတ်တော်များအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောချင်းကပ်ပူးပေါင်းလျက် အိုဘီအိုအာနှင့် ဆက်စပ်စီမံကိန်းများအား အရည်အသွေးစောင့်ကြည့်၊ ထိန်းကျောင်းနိုင်မည်ဆိုလျှင် အကျိုးများနိုင်ဖွယ်ရှိသည်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အိုဘီအိုအာ၏ အားသာချက်များ၊ အားနည်းချက်များ၊ ဟာကွက်များ၊ လားရာများကို စနစ်တကျ ချဉ်းကပ်လေ့လာနိုင်ရန် လိုအပ်ပြီး မိမိနှင့် မိမိစီးပွားရေးလုပ်ငန်းအတွင်း ၂၁ ရာစုပိုးလမ်းမကြီး (အိုဘီအိုအာ) နှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကို ချဲ့ထွင်သင့်သည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံက တက်ကြွနေသည်ဖြစ်စေ၊ ထိုင်းမှိုင်းလေးလံနေသည်ဖြစ်စေ ၂၁ ရာစုပိုးလမ်းမကြီး (အိုဘီအိုအာ) သည် တစ်လှမ်းချင်း နီးကပ်သည်ထက် နီးကပ်လာနေပြီဖြစ်သည်။ ခလုတ်ထိမှ အမိတ၍ မဖြစ်နိုင်ပေ။ မြန်မာနိုင်ငံသည် အိုဘီအိုအာကို ဘယ်လိုရင်ဆိုင်မလဲ၊ ရင်ဆိုင်ဖို့ ဘယ်လိုပြင်ထားသလဲ စသည့်မေးခွန်းများက စိတ်ဝင်စားဖွယ်ဖြစ်သည်။ ၂၁ ရာစုပိုးလမ်းမကြီး (အိုဘီအိုအာ) ခရီးရှည်တွင် မြန်မာနိုင်ငံသည် ဆည်းပူးမှုနှင့် ပြင်ဆင်မှုအားနည်းမည်ဆိုလျှင် စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ စိုးရိမ်ရေမှတ်ကို ကျော်လွန်သွားနိုင်သည်။ အစိုးရ၊ လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် သတင်းမီဒီယာတို့အနေဖြင့် လက်ချင်းချိတ်လျက် ၂၁ ရာစုပိုးလမ်းမကြီး (အိုဘီအိုအာ) စီမံကိန်းများကို သူလည်းနိုင် ကိုယ်လည်းနိုင် Win Win ဖော်ဆောင်နိုင်ရေး ပြင်ဆင်သင့်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။

Most Read

Most Recent