
လက်ကိုင်ပဝါလေးများကို ယခုအခါ အသက် ၄၀ ကျော်ကျော် ရှိနေသူတိုင်း အသုံးပြုဖူးကြမည်ဟု ကျွန်တော်ထင်ပါသည်။ ယခုခေတ်ကို ဖြတ်သန်းနေကြသည့် လူငယ်လေးများစွာတို့ လက်ကိုင်ပဝါဆောင်ခြင်း၊ သုံးခြင်း မတွေ့ရတော့။ သူတို့ခေတ်တွင် အလွယ်တကူ သုတ်သင်သန့်စင်နိုင်သည့် တစ်ရှူးစက္ကူလေးများ အလွယ်တကူရအောင် ပေါများလာခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
တောမြို့လေးမှနေ၍ ရန်ကုန်မြို့ကြီးဆီ အထက်တန်းပညာသင်ကြားရန် ကျွန်တော်ရောက်လာသည့်အခါ အသက် ၁၄ နှစ်ကျော်စ အချိန်၊ လူပျိုပေါက် ရှိုးထုတ်တတ်စအချိန်။ ထိုစဉ်ကာလက ရန်ကုန်မြို့မှ ကျွန်တော့် အရွယ်တူ သူငယ်ချင်းများ၏ ကျောင်းလွယ်အိတ်ထဲတွင် လက်ကိုင်ပဝါလေးများ ကိုယ်စီပါကြသည်။ တောသားကျွန်တော်လည်း (ဘာရယ် ညာရယ်မဟုတ်) မြို့သားဂိုက်ပေါက်စေရန် သူတို့ကို တုပရသောအခါ လက်ကိုင်ပဝါလေးတစ်ထည်ဝယ်ကာ ကိုင်ဖြစ်ခဲ့သည်။
ကျွန်တော့်အဒေါ်အိမ်က တောင်ဥက္ကလာပ၊ ၁၀ ရပ်ကွက်တွင်ရှိပါသည်။ ထိုအိမ်မှနေ၍ အ.ထ.က (၃) သို့ အဒေါ်၏သမီးဖြစ်သူ အစ်မဝမ်းကွဲနှင့် ကျောင်းအတူသွားကြသည်။ ရပ်ကွက်နှစ်ခုကျော်၍ ခြေကျင်သွားကြခြင်းဖြစ်ရာ နံနက်ခင်းဖြစ်သော်လည်း ကျောင်းရောက်ခါနီးတွင် မျက်နှာတွင် ချွေးစလေးများ စို့လာသည်။ အစ်မဖြစ်သူ၏ မျက်နှာတွင်လည်း ချွေးစများနှင့်။ ထိုအခါမျိုးတွင် လက်ကိုင်ပဝါလေးများကိုယ်စီနှင့် ချွေးသိပ်သွားစေရန် မျက်နှာကို ဖွဖွတို့ရသည်။ ပြီးတော့ တရိုတသေလေး ပြန်သိမ်းရသည်။
လက်ကိုင်ပဝါကို ကာလာစုံသုံးသည့် ဆရာများကိုလည်း ထိုစဉ်ကာလက တွေ့ခဲ့ရဖူးသည်။ ကျောင်းတက်သည်မှာ တောင်ဥက္ကလာပ၊ အ.ထ.က (၃) ဖြစ်သော်လည်း ကျူရှင်တက်သောအခါ သင်္ဃန်းကျွန်းမြို့နယ်တွင်ရှိသော ဓာတုဗေဒဆရာ ဦးညီညီနှင့် ရူပဗေဒဆရာ ဦးဉာဏ်လွင်တို့ထံ သွားတက်ရသည်။
ဆရာဦးညီညီသည် ဓာတုဗေဒ သင်သောအခါ စာသင်စတိတ်ခုံပေါ် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်အားပါးတရ သင်တတ်သည်။ စီးကရက်ကိုလည်း မနားတမ်း ဖွာတတ်သေးသည်။ ပြီးချွေးထွက်လာလျှင် ခါးကြားမှ လက်ကိုင်ပဝါထုတ်ပြီး အားရပါးရ သုတ်တတ်သည်။ နှစ်ခါသုံးခါသုတ်ပြီးလျှင် ထိုလက်ကိုင်ပဝါကို ကျူရှင်စာရေးတစ်ဦးက လာသိမ်းပြီး ဆရာ့လက်ထဲ အသစ်တစ်ထည် ထည့်ပေးတတ်သည်။ တစ်ရောင်ပြီး တစ်ရောင်၊ ရောင်စုံလက်ကိုင်ပဝါလေးများကို စာသင်နေစဉ် လှစ်ခနဲလှစ်ခနဲ မြင်တွေ့ရသည်။
ဆရာဦးဉာဏ်လွင် ကျပြန်တော့ ဆရာဦးညီညီကဲ့သို့ အော်ဟစ်လမ်းမလျှောက်၍ ချွေးမထွက်ပါ။ သို့သော် မကြာခဏဆိုသကဲ့ သို့သူ ဝတ်ဆင်ထားသည့် တိုက်ပုံအင်္ကျီထဲမှ လက်ကိုင်ပဝါ ရောင်စုံလေးများကိုထုတ်၍ ချွေးသိပ်သကဲ့သို့ မျက်နှာကို တို့တတ်သည်။
ဇွန်လ ပထမအပတ် ကျောင်းဖွင့်ပြီး မကြာမီ ကျောင်းစည်းကမ်းများ တင်းကျပ်လိုက်သည်။ ကျောင်းနောက်ကျလျှင် ကျောင်းတံခါး ဖွင့်မပေးတော့။ မိဘအုပ်ထိန်းသူ ကိုယ်တိုင်လိုက်ပို့ပါမှ နောက်ကျသည့် ကျောင်းသားကို တံခါးဖွင့်ပေးပါသည်။ ကျွန်တော်နှင့် ဝီရိယကောင်းလှသည့် အစ်မဖြစ်သူကတော့ ကျောင်းနောက်ကျသည်ဟူ၍မရှိ။ ဝီရိယနည်းသော ကျွန်တော့်ကို အစ်မဖြစ်သူက အစဉ်အမြဲ တွဲခေါ်ပါသည်။
တောမြို့လေးမှ ကျောင်းလာတက်သည့် ကျွန်တော့်အဖို့ ထူးဆန်းအံ့သြဖွယ်ရာများကို မကြာမီ မြင်ရ၊ ကြားရတော့သည်။ ကျောင်းမုန့်စားဆင်း ၁၅ မိနစ်နားချိန်တွင် စည်းကမ်းတင်းကျပ်စွာ ပိတ်ဆို့ထားသော ကျောင်းဝင်းအတွင်းသို့ တက္ကသိုလ်ကျောင်းသား အစ်ကိုကြီးနှစ်ဦး၊ သုံးဦးတစ်တွဲ တရားလာဟောကြခြင်းပင်။ အံ့သြစရာပင်။ မည်သို့မည်ပုံ ဝင်လာကြသည်မသိ။ ကြည့်မိချိန်တွင် သန့်စင်ခန်းဘေးမှ အုတ်ရေကန်ပေါ်တက်ပြီး တရားဟောနေပြီ။ ခေါင်းစဉ်က အာဏာရှင် အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများအကြောင်း။
ထိုတက္ကသိုလ်ကျောင်းသား အစ်ကိုကြီးများသည် ၎င်းတို့၏ မျက်နှာတစ်ဝက်ကို လက်ကိုင်ပဝါကိုယ်စီဖြင့် ဖုံးအုပ်ထားကြ၏။ ကျွန်တော်သည် သူတို့၏အသံကိုသာကြားရပြီး မျက်နှာအပြည့်အစုံ မမြင်ရသောအခါ အားမလို အားမရ ဖြစ်ရသေးသည်။ ထိုစဉ် ဆရာမများ ရောက်လာပြီး သူတို့ကို သနားလျှင် ပြန်ကြပါဟု ပြောသောအခါ ထိုအစ်ကိုကြီးများက ငါးမိနစ်လောက်တော့ ခွင့်ပြုပေးပါဆိုပြီး တရားဆက်ဟောကြသည်။ ကျောင်းပြန်တက်ရန် ခေါင်းလောင်းထိုးလိုက်လျှင် အလျှိုလျှို ပျောက်သွားကြပါသည်။
ကျွန်တော်တို့ငယ်ဘဝက ဖတ်ခဲ့ရသော ကာတွန်းရုပ်ပြများထဲတွင် လူဆိုးဓားပြများသည်သာ မျက်နှာကို ပဝါအုပ်၍ ရုပ်ဖျက်ကြရသည်။ ထိုတက္ကသိုလ်ကျောင်းသား အစ်ကိုကြီးများသည်ကား လူဆိုးဓားပြများ မဟုတ်ပါဘဲနှင့် ရုပ်ဖျက်ကြရရှာသည်။ အဘယ့်ကြောင့်နည်း။ တောသားကျွန်တော် ဉာဏ်မမီစွာ စဉ်းစားပြီး အတွေးချာချာလည်ခဲ့ရဖူးပါသည်။
ဗဟုသုတ အတော်အတန်ပြည့်ဝနေသော ရန်ကုန်သူ အစ်မပြောပြမှသာ သူခိုးက လူပြန်ဟစ်နေ၍ တက္ကသိုလ်ကျောင်းသား အစ်ကိုကြီးများ ရုပ်ဖျက်ထားကြရသည့်အကြောင်းကို သိခဲ့ရ၏။ ထိုနေ့ည တိုက်တိုက်ဆိုင်ဆိုင် ည ၈ နာရီတွင် BBC မှ သတင်းလာသည်။
ဦးလေးဖြစ်သူက ရေဒီယိုနားထောင်ရန်ခေါ်သည့်အခါ မောင်နှမနှစ်ယောက်စလုံး ရေဒီယိုနား ရောက်ခဲ့ကြသည်။
၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၂ ရက် ည ၈ နာရီ သတင်း။ ဇွန်လ ၂၁ ရက်က ကျောင်းသားများ ဆန္ဒပြသည့်အကြောင်း။ စစ်တပ်၏လုံထိန်း ကားများနှင့် လမ်းပေါ်မှာတင် တိုက်သတ်သည့်အကြောင်း။ ကလေးများသေဆုံး။ အရေအတွက် အတိအကျ မသိရသည့်အကြောင်း။ ဤကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်ရှိ ‘စာပေနှင့် အနုပညာရှင်များ’ က လွှတ်တော်သို့ ကန့်ကွက်စာတင်ကြောင်း။ စာပေသမား ၁၀၀ ကျော် လက်မှတ်ရေးထိုးတင်ပြကြောင်း ကြေညာသွားပါသည်။ အစ်မက လက်ခုပ်တီး၍ ရေဒီယိုကို အားပေးသည်။
ကျွန်တော် အူလည်လည်ဖြစ်နေသည်။ စာကြည့်စားပွဲရောက်မှ သူတိုးတိုးလေးပြောပြ၍ အကြောင်းစုံသိရသည်။ ရန်ကုန်မွေး၊ ရန်ကုန်ကြီးသည့် အစ်မက ရန်ကုန်၏ လတ်တလောအခြေအနေကို အတော်ပင် သိနေသည်။
ကျွန်တော့်မှာ မရောက်ဖူးသည့် ပြည်လမ်းမကြီးဆီသို့ စိတ်ကူးဖြင့်ရောက်သွားပြီး ‘ဒို့အရေး…ဒို့အရေး…’ အော်ဟစ်ကြွေးနေသည့် ဘဝတူ အဖြူအစိမ်းလေးများကို မြင်ယောင်လာသည်။ စစ်ကားကြီးများ၏ အသံများ ကြားလာသည်။ ပြီး ငယ်သံမပျောက်သေးသည့် နာကျင်ဟစ်အော်သံများ။ သွေးကွက်များ။ စိတ်မကောင်းခြင်းများစွာနှင့် အိပ်ရာဝင်ခဲ့ရပါသည်။
နံနက် ကျောင်းသွားသည့်အခါ ၃၁ ဘတ်စ်ကားဂိတ်နားက စတိုးဆိုင်ရှေ့ ကျွန်တော့်ကို ရပ်စောင့်ခိုင်းပြီး အစ်မက ဈေးဝင်ဝယ်သည်။ ပြန်ထွက်လာသည့်အခါ ပလတ်စတစ်အကြည်ဖြင့် ထုပ်ပိုးထားသော လက်ကိုင်ပဝါကြီးနှစ်ထည်။ တစ်ထည်ကို သူ့ကချင်လွယ်အိတ်အနီရောင် ဘေးအိတ်လေးထဲထည့်ပြီး နောက်တစ်ထည်ကို ကျွန်တော့် ရှမ်းလွယ်အိတ်အပြာရောင်လေး၏ ဘေးအိတ်ထဲသို့ ထည့်ပေးသည်။ အခု မသုံးရသေးဘူး။ သို့သော် အမြဲထည့်ထားရမည်ဟု ဆို၏။
ထိုအချိန်မှစ၍ ကျွန်တော့် လွယ်အိတ်ထဲတွင် အသုံးမပြုရသေးသည့် လက်ကိုင်ပဝါတစ်ထည် အမြဲပါခဲ့သည်။ ဓာတု၊ ရူပ ကျူရှင်များရောက်တိုင်း ဆရာများ၏ လက်ကိုင်ပဝါ ရောင်စုံများကို ကြည့်ဖြစ်ဆဲ။
ကျောင်းဖွင့်ရက် မုန့်စားဆင်းချိန်များတွင် တက္ကသိုလ်ကျောင်းသားအစ်ကိုကြီးများ ခပ်စိပ်စိပ် ရောက်လာတတ်ကာ လက်ကိုင်ပဝါမျက်နှာအုပ်၍ တရားဟောဆဲ။ ကျွန်တော်တောသား၏ ဉာဏ်ဦးနှောက်ကျည်ပွေ့လည်း အတက်နည်းနည်းချင်း ထွက်ခဲ့ပြီ။ လက်ကိုင်ပဝါလေးနှစ်ထည်ကတော့ ကိုယ်စီနေရာယူငြိမ်သက်ကာ သူခိုးက လူပြန်ဟစ်သည့်ခေတ်ကို သရုပ်ဖော်ရမည့်အချိန်ကို စောင့်စားဆဲ။
ထိုနေ့ နံနက်ကျောင်းတက်ကတည်းက ဆရာ၊ ဆရာမများမျက်နှာတွင် စိုးရိမ်ပူပန်သည့် အရောင်ဟပ်နေသည်ကို သတိထားမိသည်။ ဆရာမတစ်ယောက်က ‘သူများယောင်လို့ ယောင်အမောင်တောင်မှန်း မြောက်မှန်းမသိ မလုပ်ကြနဲ့’ ဟု ပြောသောအခါ အစ်မက ထိုဆရာမကိုမထီသလို လှမ်းကြည့်တာတော့ ကျွန်တော်တွေ့လိုက်သည်။ မုန့်စားဆင်းချိန် ကျွန်တော့်အနားသို့ အစ်မရောက်လာပြီး ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် သူ့အနားကပ်နေရန် မှာသည်။
ကျောင်းဝင်းအပြင်ဘက်ရောက်သည့်အခါ ကျွန်တော်တို့ ရွယ်တူကျောင်းသားများ စောင့်ကြိုနေကြပြီ။ အစ်မက သူ့လက်ကိုင်ပဝါကြီးကို ထုတ်၍ မျက်နှာစည်းလိုက်ပြီး ကချင်လွယ်အိတ်နီကို စလွယ်သိုင်းလိုက်သည်။
သူ့အရိပ်အကဲကြည့်နေသူ ကျွန်တော်လည်း သူနှင့် တစ်သဝေမတိမ်း လိုက်လုပ်တော့သည်။ မောင်နှမနှစ်ယောက် လက်ချင်းမြဲမြဲတွဲကာ လူတန်းကြီးနှင့် ပါသွားသည်။
၃၁ ဘတ်စ်ကားဂိတ်၊ သံသုမာလမ်းချိုင့်ဝှမ်းများ၊ ၃၇ ဘတ်စ်ကားဂိတ်၊ စာတိုက်လမ်းဆုံ။ ကြွေးကြော်သံများအော်ရလွန်း၍ လည်ပင်းများနာလာသည်။ မောင်နှမနှစ်ဦး လက်တွဲများ ပြုတ်သွားလိုက်၊ သတိရချိန် ပြန်တွဲလိုက်။ ခြေထောက်များ အားမစိုက်ရပါဘဲနှင့် ရွေ့သွားသည်ကို ပြန်မှတ်မိသည်။ ရွှေတိဂုံကို လှမ်းမြင်နေရပြီ။ ဟစ်ကြွေးသံများ ညံဆဲ။ ခြေလှမ်းများ သွက်ဆဲ။
၂၉ နှစ်တာ ကြာခဲ့ပါပြီ။ ဝီရိယရှိ၍ ဉာဏ်ထက်သော အစ်မသည် ဆရာဝန်မဟုတ်သည့် ဒေါက်တာဘွဲ့ကို ဂျပန်ပြည်မှ ယူလာခဲ့သည်မှာ အတော်ကြာပြီ။ ကျွန်တော်သည် ၈၈ အရေးတော်ပုံကြီးအပြီးတွင် တောမြို့လေးပြန်သွားခဲ့ပြီး တစ်နေ့တခြား ပေါများလာသော မူးယစ်ဆေးဝါး ထောင်ချောက်များမှနေ၍ လွတ်အောင် မနည်းရှောင်ခဲ့ရသည်။ အနားတွင် စီမံခန့်ခွဲပေးတတ်သည့် လက်ကိုင်ပဝါဝယ်ပေးသူ အစ်မ မရှိတော့သည့်အတွက် ပညာရေးမှာ ယောင်ချာချာ။ အစ်မနှင့် ကျွန်တော် ယှဉ်နိုင်တာကတော့ သားသမီးအရေအတွက်ပင်။ ကျွန်တော်က သမီးလေးတစ်ယောက် ရပါပြီ။ ပညာမက်မောသူ အစ်မက တစ်ကိုယ်တည်းအပျိုကြီး။ တူညီတာကတော့ ယနေ့ထက်တိုင် ထိုစဉ်က လက်ကိုင်ပဝါလေးများကို ကိုယ်စီသိမ်းထားကြခြင်းပင်။









