
စစ်တွေ ရှစ်လေးလုံးအရေးတော်ပုံမှ သမိုင်းဝင်လှုပ်ရှားမှု
“ကိုဌေးဝင်းရေ အမှုတွဲထဲက တစ်ဝက်လောက် သေကုန်ပြီ။ ကျန်တဲ့လူတွေကလည်း ဂိနေတာနဲ့။ ဘယ်နေ့ကြွကြမလဲ မသိဘူး”
“အင်းသင်္ခါရတရားပဲလေ။ ဘာတတ်နိုင်မလဲ။ ကျွန်တော်လည်း ယဲ့ယဲ့ပဲကျန်တယ်၊ ကိုသိန်းအောင်ကျော်ရေ။ ဒါနဲ့ ခင်ဗျားရဲ့ကျန်းမာရေးကရော ကောင်းရဲ့လား”
“ကောင်းတယ်တော့ ဘယ်ဟုတ်ပါတော့မလဲလေ။ ဒီလောက် ငဖယ်ထောင်းသလို ထုထားထောင်းထားတာကို ခံထားခဲ့ရတဲ့ ခန္ဓာကိုယ်က သူများမမြင်သာတဲ့ ဒဏ်ရာတွေ အတွင်းကြေတွေ ခုခံစားနေရတာပေါ့ဗျာ”
“ခင်ဗျား သိပ်သောက်တယ်လည်းကြားတယ်။ အသက်အရွယ်လည်း ရလာနေပြီ။ ကျန်းမာရေးက ကိုယ့်ဘာသာဂရုစိုက်မှ။ ဖြစ်လာရင်မလွယ်ဘူး။ ကျွန်တော်ဆိုရင် ဆရာဝန်က အလန်း (Alarm) ပေးပြီးသား။ နောက်တစ်ခေါက်ဖြစ်လို့က ပြီးပြီတဲ့။ ဟား ဟား ဟား ဘယ်လောက် အားရှိစရာကောင်းလိုက်သလဲ”
“စိတ်ဓာတ်သာ အဓိကပါဗျာ။ ခင်ဗျားတို့ ကျွန်တော်တို့ လူ့ငရဲထဲကတောင် အသက်ရှင်လျက် ပြန်ထွက်နိုင်ခဲ့သေးတာပဲ။ အားတင်းထားဗျာ။ ကျွန်တော်သောက်တယ်၊ ဘာညာဆိုတာကလည်း သိတဲ့အတိုင်းပဲလေ။ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ တစ်ဘဝစာခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သက်သာစေဖို့ ဒါလေးနည်းနည်းပါးပါး သုံးတာပါ”
သူပြောသည့်စကားလည်း မမှားပါ။ အသက် ၂၀ ဝန်းကျင် တက်ကြွနိုးကြားသည့် လူငယ်တစ်ယောက်၏ ဘဝအချိန်ကတည်းက မရဏမင်း၏ ခေါင်းလောင်းခေါ်သံအောက်၌ စက္ကန့်နှင့်အမျှ ၁၀ နှစ်ကျော် ရုန်းကန်နေထိုင်ခဲ့ဖူးသူ။ ငယ်စဉ်ကမက်ခဲ့ဖူးသော ဘဝအိပ်မက်အားလုံးကို အပြီးတိုင် မြေမြှုပ်သဂြုႋဟ်ပစ်ခဲ့ရသူတစ်ဦး၏ ရင်ဘတ်မှာ ပူလောင်သည့်မီးက အဘယ်မျှကျွမ်းလောင် ခံစားရသည်ကို ကာယကံရှင်မှလွဲ၍ မည်သူသိနိုင်မည်နည်း။ နားလည်နိုင်မည်နည်း။
သူ့ဘဝမီးသည် သူတစ်ဦးတည်းကြောင့် လောင်မြိုက်ခဲ့သည့် မီးတော့မဟုတ်။ သမိုင်းရထားတစ်စင်း အရှိန်အဟုန်ပြင်းစွာ ခုတ်မောင်းသွားခြင်းခံရသည့် မြန်မာ့သမိုင်းဖြစ်စဉ်ထဲက ရလာသည့် ဒဏ်ရာဒဏ်ချက်လည်း ဖြစ်ပေသည်။ ၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်၌ ရန်ကုန်မြို့တွင် စတင်ဖြစ်ပွားပြီးသည့်နောက် အခြားမြို့များသို့ တောမီးလောင်သည့်နှယ် တစ်မုဟုတ်ချင်း ပျံ့နှံ့ကူးစက်သွားခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှစ်လေးလုံးအရေးတော်ပုံသည် သြဂုတ် ၉ ရက်၌ စတင်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်ကို သူက “၈၈ အရေးတော်ပုံဟာ တကယ်တော့ ခေတ်တစ်ခေတ်က သူ့ခေတ်ရဲ့တာဝန်ကို လူငယ်တွေရဲ့ ပခုံးထက်ကိုတင်ပေးလိုက်တဲ့ သမိုင်းပါ ကိုဌေးဝင်း။ ခေတ်ရေစီးက အရှိန်အဟုန်ပြင်းပြင်းနဲ့ စနစ်ဆိုးတစ်ခုကိုဖြိုလှဲဖို့ အာခေါင်ကိုခြစ်ပြီး ရင်ခေါင်းသံနဲ့ ဟစ်ကြွေးလာချိန်မှာတော့ ကျွန်တော်က အားလုံးရဲ့ရှေ့ကို ရောက်သွားခဲ့တယ်လေ”
“ဘယ်လိုဖြစ်လို့လဲ”
“စစ်တွေမြို့ရဲ့ လမ်းတွေပေါ်မှာ လူတွေဟာ ဟိုတစ်စု ဒီတစ်စု ဟိုကြည့်ဒီကြည့်နဲ့ တိုက်ပွဲတစ်ခုလုံးရဲ့ ဦးဆောင်အလံကို ရှာနေကြတယ်လေ။ အဲဒီကာလက လှုပ်ရှားပုံတိုက်ကွက်ကို အကိုလည်း သိတာပဲမဟုတ်လား။ ဦးဆောင်သူက ဘယ်နေရာက ပေါ်လာမလဲဆိုတာကို လိုက်ကြည့်နေရတဲ့ ကာလလေ”
“ဆိုလိုတာက ခင်ဗျားက စစ်တွေသပိတ်ခေါင်းဆောင်လား။ ခင်ဗျားက အဲဒီတုန်းက စစ်တွေကောလိပ်က ကျောင်းသားလား”
“ခင်ဗျားပြောတာတွေ တစ်ခုမှမဟုတ်ဘူး။ ဒါပေမဲ့ စစ်တွေမြို့ရဲ့ မြို့နယ်ကောင်စီရုံးရှေ့မှာ “ဒီမိုကရေစီ” ဟေ့လို့ ဟစ်ကြွေးပြီး ခွပ်ဒေါင်းအလံကို ပထမဆုံးလွှင့်ထူပေးခဲ့တာကတော့ ကျွန်တော်ပဲဗျ”
ထိုနေ့က ပြည်မက မြို့ကြီးများနည်းတူ စစ်တွေတစ်မြို့လုံးတွင်လည်း နိုင်ငံရေးလှိုင်းတံပိုးသည် မုန်တိုင်းပမာ ပေါက်ကွဲကုန်လေ၏။ စတင်ဖြစ်ပွားခဲ့သောနေ့ကား စစ်တွေအခြေအနေမှာ တည်တည်ငြိမ်ငြိမ်ပင်။ ဆန္ဒပြသူများကလည်း ယုံကြည်မှုအပြည့်နှင့် လမ်းပေါ်တွင် ဟစ်ကြွေးလျက်။ သို့သော် ဒုတိယနေ့ သြဂုတ် ၁၀ ရက်ကား ပထမနေ့နှင့်မတူချေ။
“ဒါပေမဲ့ ဒုတိယနေ့ ဆန္ဒပြမှုမှာတော့ သူတို့တွေဟာ လူအုပ်နဲ့မနီးမဝေးကနေ ဓာတ်ပုံတွေခိုးရိုက်တယ်။ ဒါတွေကို ကျွန်တော်တို့ကို လာပြောကြတယ်။ မင်းတို့ကောင်တွေ သတိထား။ အခုလည်း သူတို့ရှိနေကြသေးတယ်ဆိုလို့ သပိတ်တပ်ဦးက ကျွန်တော်တို့တွေ အဲဒီလူတွေနဲ့ သွားတွေ့ပြီး ဆွေးနွေးကြတယ်”
စစ်တွေမှာက ဘယ်သူဘာဆိုသည်ကို အချင်းချင်းသိကြပြီးသား။ သပိတ်ကို သပ်လျှိုဖြိုခွဲမည့်သူများသည် ထောက်လှမ်းရေး (၁၀) နှင့် နယ်မြေခံသတင်းပေးများပင် မဟုတ်လား။ သပိတ်တပ်ဦးမှ သူအပါအဝင် လေး၊ ငါးယောက်သည် ထောက်လှမ်းရေးများနှင့် အကျေအလည် ဆွေးနွေးခဲ့ကြရာ နှစ်ဖက်နားလည်မှုရသည့် အနေအထားသို့ ရောက်ခဲ့သည်။ သို့သော် ... “အတတ်နိုင်ဆုံး သူတို့ကိုပြောပြတယ်။ ဖျောင်းဖျတယ်။ ကျွန်တော်တို့ဟာ အဖျက်အမှောင့်တွေ မလုပ်ဘူး။ စိတ်ချ။ ပြည်သူတွေဟာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်တာပဲ။ တစ်နိုင်ငံလုံးက အုံကြွလာကြတာ။ ခင်ဗျားတို့လည်း သိနေတာပဲ။ ဒီနေရာမှာတော့ ခင်ဗျားတို့လည်း လုံခြုံမှုရှိမှာမဟုတ်ဘူးဆိုတာကို ပြောပြတယ်။ ပြီးတော့ သူတို့ဆီမှာရှိနေတဲ့ လက်နက်နဲ့၊ ကင်မရာတွေကို ကျွန်တော်တို့အုပ်စုက ရှာဖွေပြီး သိမ်းယူမလို့လုပ်တော့ လူအုပ်နဲ့ရောပါလာတဲ့ နယ်မြေခံသတင်းပေးတစ်ယောက်ဟာ ပုံမှားရိုက်ပြီး ဝင်ယူသွားလို့ တချို့ပစ္စည်းတွေ မရလိုက်ပါဘူး”
ထိုအချိန်တွင် နေရာအသီးသီးမှ စုဝေးရောက်လာကြသည့် လူအုပ်ကြီးက “ထောက်လှမ်းရေးတွေကို ထုတ်ပေး၊ ခုချက်ချင်းထုတ်ပေး” ဟု ညာသံပေးကာ တောင်းဆိုလာကြရာ စောစောက ရထားသည့် နားလည်မှုများသည် ချက်ချင်း သဲထဲရေသွန်ဆိုသကဲ့သို့ ပြောင်းလဲသွားလေတော့၏။ ထောက်လှမ်းရေးများလည်း လူသားများပင် မဟုတ်လား။ သွေးလန့်ပြီး ရုတ်တရက် ခြေဦးတည့်ရာ ပြေးကြလေတော့၏။ လူထုကထွက်ပြေးကြသော ထောက်လှမ်းရေးများကို အလွတ်မပေးဘဲ ဝိုင်းဝန်းကာ ဆွမ်းကြီးလောင်းလိုက်ကြရာ ထိုနေ့က ထောက်လှမ်းရေးလေးဦး သေဆုံးခဲ့လေ၏။
ရှစ်လေးလုံးဆိုသည်မှာ တကယ်တော့ နှစ်ပေါင်းများစွာ ကာလတာရှည် ရင့်မှည့်ခဲ့သည့် နိုင်ငံရေးအိုင်းအနာတစ်ခု ပြည်မှည့်ပြီး ပေါက်ကွဲခဲ့ခြင်းပင် မဟုတ်လား။ ထို့ကြောင့် မြို့ရော တောပါမကျန် ပါဝင်ခဲ့ကြသည်လေ။ သည်အထဲက ခုထက်တိုင် သူမှတ်မိနေဆဲ နာမည်အချို့ကိုလည်း ပြောပြသည်။
“စစ်တွေမှာတော့ ကျောင်းသားတွေ ဦးဆောင်တာရှိသလို နိုင်ငံရေးသမားကြီးတွေလည်း ထွက်ခဲ့ကြတယ်။ ဦးမောင်ညွန့်စိန်၊ ဦးဦးလှစော၊ ဦးသာထွန်းအောင်၊ ဦးအေးကျော်တို့ပေါ့။ ကျောင်းသားလူငယ်ထဲကဆို ရင်သန်းကျော်၊ အေးမောင်၊ ထွန်ထွန်းနိုင်၊ သန်ထွန်းအေး၊ တင်အောင်ကျော် စသဖြင့်အများကြီးပေါ့ဗျာ။ စစ်တွေတစ်မြို့လုံးပဲလေ”
စစ်အာဏာသိမ်းပြီးနောက်များမကြာမီ ထိုအကျိုးဆက်သည် သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေ၏။ ၁၉၈၈ ခုနှစ် နိုဝင်ဘာလထဲက ညတစ်ည၏ သန်းခေါင်ကျော်။ လူခြေတိတ်ချိန်မှာ သူသည်ဖမ်းဆီးခံခဲ့ရလေသည်။။ ထို့နောက် သူသည် ငရဲပြည်သို့ ဗီဇာမလိုဘဲ ချက်ချင်းရောက်ခဲ့ရတော့၏။ သူရောက်သွားသည့်နေရာကား အမှတ် (၁၀) ထောက်လှမ်းရေးတပ်။ အပြင်ဘက်တွင် အများသူငါ အနွေးထည်ထူထူထဲထဲဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်ရန် ဝတ်ဆင်ထားကြချိန်။ သူ့မှာတော့ ငါးပေခုနစ်ပေ ပတ်လည်အခန်းကျဉ်းထဲမှာ။ အင်္ကျီပါးပါးလေးကိုဝတ်ပြီး တစ်ထည်တည်းသော ခါးဝတ်ပုဆိုးကိုခြုံလို့။ အေးစက်နေသည့် သမံတလင်းထက်မှာ လဲလျောင်းအိပ်စက်ရ၏။ သမံတလင်းပပ်ကြားအက်တွေကြားမှာ ကြွက်တွင်းကလည်း ရှိနေသေး။
“နေ့စဉ် နေ့ဆက်၊ ညစဉ် ညဆက် မေးခွန်းတွေ မေးလိုက် နှိပ်စက်လိုက်။ ညှဉ်းပန်းလိုက်နဲ့။ မှတ်ဉာဏ်တွေကလည်း ဘတ်လဘိုင်လိုက်နေပြီ။ သူတို့ချချင်တဲ့ ပြစ်ဒဏ်ကို ချမယ့်ဟာကို နှိပ်စက်နေလိုက်ကြတာများဗျာ။ စကားလုံးနဲ့ ပြန်ပြောပြစရာ ဝေါဟာရတောင် ရှာမရပါဘူး။ အစာကိုအသာထား၊ ရေတောင်မှန်အောင် မတိုက်ဘဲထားတော့ အာခေါင်တွေလည်း ခြောက်ကပ်နေခဲ့တယ်။ ရင်ခေါင်းထဲက အသက်ရှူသံကလည်း ပန်းပဲဖိုများလားပဲ။ တစ်ကိုယ်လုံးကလည်း ဒဏ်ရာတွေအပြည့်နဲ့။ လူ့ငရဲဆိုတာ ဒါပဲပေါ့။ သူတို့ရဲ့ ရက်စက်မှုက လူတွေမှဟုတ်ကြသေးရဲ့လားလို့ ထင်မိတယ်။ အခန်းပေါက်ဝမှာ လာရပ်မယ့် တစ္ဆေသရဲတွေရဲ့ ခြေသံကို အထိတ်တလန့် စောင့်ဆိုင်းရင်း စစ်ကြောရေးစခန်းကို ဖြတ်သန်းခဲ့ရတယ်လေ”
“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့သူတိုင်းဟာ ဒီငရဲလမ်းကို ဖြတ်သန်းခဲ့ကြရတာချည်းပါပဲလေ။ ကိုသိန်းအောင်ကျော်ရေ။ ဒါတွေဟာ ကျွန်တော်တို့သမိုင်းရဲ့ ကမ္ဘာတည်သရွေ့ တည်ရှိနေမယ့် ဒဏ်ရာအမာရွတ်တွေပေါ့ဗျာ”
“အင်း ကျွန်တော်က ဘမျိုးဘိုးတူဆိုရမလားပဲ”
“သြော်.. ခင်ဗျားရဲ့ မျိုးရိုးက တော်လှန်ရေးမျိုးရိုးလား။ ဒါဖြင့် နည်းနည်းလောက် ပြောပြစမ်းပါဦး”
“ကျွန်တော့်အဘိုးလေး နာမည်က သိန်းကျော်အောင်တဲ့။ မင်းပြားမြို့နယ်ထဲက ကျိန်းတိုက်နယ်က သူကြီးရဲ့ညီပေါ့။ သူ့ခေတ် သူ့အခါက သူ့နယ်မှာတော့ သူရဲကောင်းပေါ့ဗျာ။ ဂျပန်ခေတ်က ဒီနယ်တစ်လွှားမှာ သိန်းကျော်အောင်တပ်ဆိုရင် သူခိုး၊ ဓားပြတွေ ဖိန့်ဖိန့်တုန်နေအောင် ကြောက်ကြသတဲ့။ ကျွန်တော့်နားထဲမှာ အဖေပြောပြောပြလို့ စွဲနေတဲ့ နာမည်နှစ်ခုက အဘိုးသိန်းကျော်အောင်နဲ့ အဘိုးဦးကျော်ယဆိုတဲ့ ကျွန်တော့်ရဲ့ သူရဲကောင်းတွေပေါ့ဗျာ”
“အင်း ဖြစ်နိုင်တယ်။ ခင်ဗျားသွေးထဲမှာ ဒီသူရဲကောင်းတွေရဲ့ သွေးတွေကစီးနေတာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါကြောင့်မို့ ဒီတော်လှန်ရေး နိုင်ငံရေးရေစီးကြောင်းထဲ ထဲထဲဝင်ဝင် ပတ်သက်နေခဲ့တာနေမယ်”
“ဒီလိုပဲ ကိုဌေးဝင်းရေ။ ကျွန်တော့်အဖေလည်း ရခိုင်တော်လှန်ရေးသမားတစ်ယောက် ဖြစ်ခဲ့တယ်လေ။ အဖေ့နာမည်က ဦးအောင်ကျော်မြ။ ဒါပေမဲ့ သက်တော်ရှည်ဆိုပြီးလည်း ခေါ်ကြသေးတယ်။ အဲဒီခေတ်က ဗမာ့နိုင်ငံရေး၊ ရခိုင့်နိုင်ငံရေး အကွဲအပြဲကိစ္စတွေကို ခင်ဗျားလည်း သိပြီးသားပဲဟာ။ ဒါပေမဲ့ ခင်ဗျားမသိတာက ကျွန်တော့်အဖေ အကြောင်းပေါ့။ အဲဒီတုန်းက ရဲဘော်ဖြူတွေနဲ့ အဖေတို့တပ်တွေ တိုက်ပွဲဖြစ်ရင်း အဖေဟာ ရဲဘော်ဖြူတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လေ။ သူတို့ဟာ အဖေ့ကို ထိပ်တုံးခတ်ပြီး ချုပ်ထားလိုက်ကြတယ်။ ပြီးတော့ အဖေ့ကို သူတို့က သေဒဏ်ပေးခဲ့ကြတယ်”
“အိုး ကျွတ် ကျွတ် ဖြစ်ရလေဗျာ”
“အဖေ့ကိုမသတ်မီ တစ်ရက်အလို ညနေခင်းမှာ ဒီတစ်ဘဝစာအတွက် နောက်ဆုံးညနေစာ စားခွင့်ကို ပေးခဲ့ကြတယ်။ နက်ဖြန်မနက် နေထွက်ရင် အဖေဟာ ဇီဝိန်ချွေခံရတော့မယ်လေ။ ဒါပေမဲ့ အဖေဟာ ငါ့ဘဝသွားပါပြီဆိုပြီး တွေဝေငိုင်ငေးပြီး စိတ်ဓာတ်ကျမနေခဲ့ဘူး။ အဲဒီအချိန်မှာ အဖေဟာ ငါ့အသက်တစ်ချောင်းအတွက် ရုန်းထွက်ရမယ်ဆိုတဲ့အသိက ဦးနှောက်ထဲမှာ စွဲထင်ပူးကပ်နေတယ်။ အသက်တစ်ချောင်းကို အလဟဿ ဆုံးရှုံးခံလိုက်ရမယ့်အစား ရုန်းရင်းကန်ရင်း အဓိပ္ပာယ်ရှိရှိ သေရတာကမှ မြတ်ဦးမယ်ဆိုတဲ့ သူရဲကောင်းတို့ရဲ့စိတ်က အဖေ့နှလုံးသွေးထဲမှာ တဒိန်းဒိန်း လည်ပတ်နေတယ်”
“ခင်ဗျားတို့သားဖတွေရဲ့ ဘဝတွေကို နားထောင်ရတာ မွန်းကျပ်လိုက်တာဗျာ”
“မနက်ဖြန် သေစားသေစေ သေဒဏ်ချခံထားရတဲ့ အဖေဟာ ထိတ်လန့်မနေဘူး။ အရမ်းတည်ငြိမ်နေခဲ့တယ်။ ထမင်းပွဲရှိရာကို တစ်လှမ်းချင်း တစ်လှမ်းချင်း ခြေလှမ်းမှန်မှန် လျှောက်နေခဲ့တယ်။ ဒီအချိန်မှာ အဖေ့ခေါင်းထဲမှာ တိုက်ပွဲခေါ်သံတွေ ဟိန်းထွက်လာနေတယ်။ ငါရှိသမျှအားနဲ့ ရင်ဆိုင်သွားမယ်။ ငါရှုံးသွားခဲ့ရင် ငါ့အသက်ကို နင်နုတ်ယူသွားလိုက်။ ငါနိုင်ခဲ့ရင် နင်အစားပြန်ပေးရမှာက ကမ္ဘာမကြေတဲ့ သမိုင်းကြွေးတွေပဲ။ အဲဒီလိုဖောက်ထွက်ဖို့ ချောင်းနေတဲ့ အဖေဟာ ရုတ်တရက် သူ့ကိုလုံခြုံရေးယူထားတဲ့ ရဲဘော်နှစ်ယောက်ကို မြေကြီးပေါ်လဲကျသွားအောင် သိုင်းပညာနဲ့ တိုက်ခိုက်အနိုင်ယူလိုက်တယ်။ အဖေ့လက်ထဲကို သေနတ်ရောက်လာချိန်မှာတော့ “ဟိတ်အကောင်တွေ မင်းတို့တွေ တစ်ကောင်မှမလှုပ်နဲ့ ပစ်ထည့်လိုက်မယ်။ မင်းတို့ ငါ့ကို ရန်မူမယ်ပြင်တာနဲ့ ငါ့လက်ထဲက သေနတ်က မင်းတို့မိန်းမတွေကို ချက်ချင်း မုဆိုးမလုပ်ခိုင်းလိုက်မယ်။ သဘောပေါက်” ဆိုပြီး အဖေဟာ အရှုံးကနေ အနိုင်ကို ချက်ချင်းပြောင်းလဲရယူခဲ့တယ်။ ပြီးတော့ ရန်သူ့နယ်မြေက အမြန်ဆုံး ပြေးထွက်လွတ်မြောက်လာခဲ့တယ် ကိုဌေးဝင်းရေ”
“ဒါနဲ့စစ်ကြောရေးမှာ ဘယ်လောက်ကြာခဲ့လဲ။ ခင်ဗျားကို ဘယ်လိုပုဒ်မတွေနဲ့ ဘာပြစ်ဒဏ်တွေ ချမှတ်ခဲ့သလဲဗျ”
“စစ်ကြောရေးမှာ ၁၄ ရက်ကြာတယ်။ အမိန့်ချတာက စစ်ခုံရုံးက။ လူသတ်မှု၊ လက်နက်မှု၊ တိုင်းပြည် မတည်ငြိမ်အောင် ဆူပူအောင်လုပ်မှုတွေနဲ့ သေဒဏ်ချမှတ်ခံခဲ့ရတာပေါ့ဗျာ”
“ထောင်ထဲမှာ အတော်ကြာခဲ့လားဗျ”
“၁၀ နှစ်ကျော်ကျော် ကြိုးသမားဘဝနဲ့ နေခဲ့ရတယ်လေ။ စစ်တွေထောင်၊ အင်းစိန်ထောင်၊ သာယာဝတီထောင်တွေမှာ ကျင်လည်ခဲ့ရတာပေါ့”
သူကား သူယုံကြည်ရာအတွက် သူ့ဘဝတစ်ခုလုံးကို ပေးဆပ်ခဲ့သူဖြစ်သည်။ ထို့ပြင် သူသည် သူ့ဖခင်၏ အရှုံးမပေးတတ်သည့် နှလုံးသွေးဖြင့် တိုင်းပြည်အရေးတွင် ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပေသည်။ သူသည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထာဝစဉ်ဥဒါန်းတွင်ရစ်မည့် သမိုင်းဝင်ရှစ်လေးလုံး အရေးတော်ပုံကြီး၌ အရေးအကြီးဆုံး သင်္ကေတတစ်ခုဖြစ်သော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို တက်ကြွသော၊ ရဲရင့်သော လူငယ်တစ်ယောက်၏ အဆုံးစွန် စွန့်လွှတ်ရဲသောစိတ်ဓာတ်ဖြင့် ပထမဆုံးလွှင့်ထူခဲ့သူပင် မဟုတ်ပါလော။
■ Writer - ဌေးဝင်း









