
လာမည့်နှစ် ရွေးကောက်ပွဲတွင် ဆယ်စုနှစ်လေးခုနီးပါးကြာသည့် သမ္မတရောဘတ် မူဂါဘီ၏ အုပ်စိုးမှုကို အဆုံးသတ်ရန်ရည်ရွယ်လျက် ညွန့်ပေါင်းအဖွဲ့ထူထောင်ရန် ဇင်ဘာဘွေနိုင်ငံ၏ အဓိက အတိုက်အခံခေါင်းဆောင် မော်ဂင်ဆဗင်ဂီရိုင်းသည် သူ၏မဟာ မိတ်ဟောင်းများနှင့် သြဂုတ် ၅ ရက်တွင် ပြန်လည်ပူးပေါင်းခဲ့သည်။
ဗြိတိသျှတို့၏ ကိုလိုနီအုပ်စိုးမှုမှနေ၍ ၁၉၈၀ ပြည့်နှစ်တွင် လွတ်လပ်ရေးရယူပြီး ကတည်းက အာဏာရယူထားသော မူဂါဘီသည် အသက်အရွယ် ၉၃ နှစ်သို့ ချဉ်းကပ်လာပြီး ကျန်းမာရေးချွတ်ယွင်းလာသည့် လက္ခဏာရပ်များ ပြနေသော်လည်း လာမည့်နှစ် ရွေးကောက်ပွဲအတွက် သူ၏ပါတီမှနေ၍ ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံမည်ဟု အတည်ပြုထားပြီး ဖြစ်သည်။
မြို့တော် ဟာရာရီတွင် ပြုလုပ်သော လူထုစုဝေးမှုတစ်ရပ်တွင် အတိုက်အခံ ဒီမိုကရေစီ ပြောင်းလဲရေးလှုပ်ရှားမှု (MDC) ပါတီ ခေါင်းဆောင် ဆဗင်ဂီရိုင်းက မူဂါဘီ၏ ZANU – PF ပါတီကို ရင်ဆိုင်ရန် လက်ထောက်ဟောင်းနှစ်ဦးနှင့်အတူ အင်အားစုများကို စုစည်းမည်ဖြစ်ကြောင်း ထောက်ခံသူများကို ပြောကြားခဲ့သည်။
“တခြား ဘယ်အရာမဆို ဖြစ်လာဖို့အတွက် အတိုက်အခံပါတီတွေအဖြစ် ကျွန်တော်တို့ စုစည်းညီညွတ်ရပါမယ်” ဟု ဆဗင်ဂီရိုင်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဒီခရီးကို အတူတကွသွား ပြီးပါပြီ။ အတူတကွ ပြီးဆုံးအောင် လုပ်ကြရပါမယ်။ ကျွန်တော်တို့ဟာ ဒီမလိုအပ်တဲ့ မကျန်းမာတဲ့ ပြိုင်ဘက်ရဲ့ အထက်ကို မြင့်တက်လာနေပါတယ်” ဟုလည်း ဆဗင်ဂီရိုင်းက ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ဆဗင်ဂီရိုင်းသည် ရွေးကောက်ပွဲပထမအကျော့တွင် မူဂါဘီကို အနိုင်ရရှိခဲ့သည်။ သို့သော် အတိုက်အခံ တက်ကြွလှုပ်ရှားသူအများအပြားကို သတ်ဖြတ်ပစ်ခြင်းအပါအဝင် အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်ခြင်းများကြောင့် ဒုတိယအကျော့၌ အရှုံးပေးခဲ့ရသည်။
အတိုက်အခံခေါင်းဆောင်ကသူသည် သူ၏လက်ထောက်ဟောင်း ဝေစမန်ကူဘေး၊ အနီးကပ်လူယုံဖြစ်ခဲ့ဖူးသူ တန်ဒေးဘီတီတို့အပြင် အခြားအတိုက်အခံအဖွဲ့ လေးဖွဲ့တို့နှင့် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
“ညွန့်ပေါင်းအဖွဲ့ဟာ အပိုင်းပိုင်းကွဲနေတာကို ရပ်တန့်ဖို့ပါ။ ကျွန်တော်တို့သာ ညီညွတ်နေရင် မူဂါဘီ ရွေးကောက်ပွဲမသမာမှု လုပ်ရင်ဆင်ခြေပေးစရာ ရှိမှာမဟုတ်ပါဘူး” ဟု ဆဗင်ဂီရိုင်းက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
ညွန့်ပေါင်းအဖွဲ့အဖြစ် ပူးပေါင်းရန် လက်မှတ်ရေးထိုးခဲ့သော ပါတီများထဲတွင် ဝါရင့်စစ်ပြန်တစ်ဦးနှင့် သံတမန်ဟောင်းတစ်ဦးဖြစ်သူ အဂရစ်ပါမူတမ်ဘာရာ ဦးဆောင်သည့် “ပြည်သူသာပထမ ဇင်ဘာဘွေပါတီ” လည်း ပါဝင်သည်။
ယခုကဲ့သို့ ညွန့်ပေါင်းဖွဲ့ရန် သဘောတူညီချက် ရရှိသွားခြင်းသည် ပါလီမန်အမတ် နေရာတစ်နေရာတည်းအတွက် အတိုက်အခံ ကိုယ်စားလှယ်များစွာ ယှဉ်ပြိုင်ကြရမည့်အဖြစ်ကို ရှောင်လွှဲနိုင်စေသောကြောင့် လာမည့်နှစ်တွင် မူဂါဘီကိုဖြုတ်ချရန်အတွက် ဆဗင်ဂီရိုင်းအတွက် အခွင့်အရေးအမြင့်ဆုံး ဖြစ်သွားစေသည်။
MDC ပါတီမှခွဲထွက်လျက်ကိုယ်ပိုင် ပါတီထူထောင်ခဲ့သည့် ဘီတီက “ကျွန်တော်တို့ စုစည်းညီညွတ်စွာနဲ့ ဇင်ဘာဘွေပြည်သူတွေကို ရောဘတ်မူဂါဘီကို ဖယ်ရှားနိုင်စေဖို့ နောက်ထပ်အခွင့်အလမ်း ပေးရပါမယ်” ဟု ပြောကြားခဲ့သည်။
“စစ်မှန်တဲ့ အပြောင်းအလဲကို ကျွန်တော်တို့ ပေးနိုင်ရေး သေချာစေဖို့ ကျွန်တော်တို့ စတင်လိုက်တဲ့အရာကို အပြီးသတ်ဖို့ ဇင်ဘာဘွေပြည်သူတွေထံမှာ ကျွန်တော်တို့ အကြွေးတင်နေပါတယ်။
ငါ မသေသေး
သူ၏ဇနီး ဂရေ့စ်က သူ့အားအရိုက် အရာဆက်ခံမည့်သူတစ်ဦး ခန့်ထားရန် တောင်းဆိုခဲ့ပြီးနောက် သူ၏ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလာနေခြင်းကို လွန်ခဲ့သည့်လအတွင်းက အတင်းအကျပ် ဖယ်ရှားရန် မူဂါဘီသည် သူ၏အရိုက်အရာကို ဆက်ခံမည့်သူအား ရွေးချယ်ရန် ငြင်းဆိုခဲ့သည်။
မကြာသေးမီနှစ်များအတွင်း မူဂါဘီ၏ စင်ကာပူသို့ ဆေးကုသမှုခံယူရန်သွားသည့် ခရီးစဉ်များ အကြိမ်စိပ်လာခဲ့ပြီး အာဖရိက၏ သက်တမ်းအရှည်ဆုံး အုပ်စိုးသူများထဲမှ တစ်ဦးဖြစ်သူ မူဂါဘီ ရာထူးရယူထားဆဲ၌ သေဆုံးသွားပါက သူ၏အရိုက်အရာကို မည်သူဆက်ခံမည်နည်းဟူသည့် ရှုမြင်မှုများ မြင့်တက်၍ လာခဲ့သည်။
“သမ္မတ ထွက်သွားရင်ဆိုတဲ့ အကြောင်းအရာ ရှိပါတယ်။ ကျွန်တော်ထွက်သွားမှာ မဟုတ်ပါဘူး။ သမ္မတ သေသွားမယ်ဆိုရင်ဆိုတဲ့ဟာလည်း ရှိပါတယ်။ ကျွန်တော် သေခါနီးဆဲဆဲ မဟုတ်ပါဘူး” ဟု မူဂါဘီက ဇူလိုင်လ အနှောင်းပိုင်းတွင် သူ၏ဇာတိမြို့ဖြစ်သော ချင်ဟိုယီ၌ လူထုစုဝေးပွဲတစ်ရပ်အတွင်း ထောင်နှင့်ချီသော သူ့အားထောက်ခံသူများကို ပြောကြားခဲ့သည်။
မူဂါဘီ၏လက်အောက်တွင် တစ်ချိန်က အာဖရိကတိုက်၏ စပါးကျီကြီးဟု ခေါ်ဝေါ်ခံရသော ဇင်ဘာဘွေနိုင်ငံ၏ စီးပွားရေးသည် အကြီးအကျယ် ကျဆင်းခဲ့သည်။ တရိပ်ရိပ် တက်လာသော ငွေကြေးဖောင်းပွမှုနှုန်းကြောင့် ရုန်းကန်နေရပြီး နိုင်ငံခြားအထောက်အပံ့အပေါ်၌ မှီခိုနေရသည်။
“လမ်းတစ်လျှောက် ကျွန်တော်တို့ အမှားတွေ လုပ်ခဲ့ပါတယ်။ အဲဒီအမှားတွေကိုပြင်ဆင်ဖို့ ဒီကနေ့ ဒီမှာကျွန်တော်တို့ ရှိနေပါတယ်။ အရင်က ကျွန်တော်တို့ မူဂါဘီကို အနိုင်ရခဲ့ဖူးပါတယ်။ နောက်နှစ်မှာ မူဂါဘီကို ထပ်ပြီး အနိုင်ရမှာပါ” ဟု ကူဘီက သြဂုတ် ၅ ရက်တွင်ပြုလုပ်သော လူထုစုဝေးပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။
မော်ဂင်ဆဗင်ဂီရိုင်းဆိုတာ ဘယ်သူလဲ
မော်ဂင်ဆဗင်ဂီရိုင်းသည် ဇင်ဘာဘွေနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သည်။ ဆဗင်ဂီရိုင်းသည် သူ၏နိုင်ငံတွင် အာဏာရှင်စနစ် ဆက်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတကာ၏ အာရုံစိုက်မှုရအောင် ဆောင်ရွက်ခဲ့သူဖြစ်သည်။
သူ၏ဘဝအစပိုင်းတွင် အလွန်အမင်း အလုပ်ကြိုးစားသူအဖြစ် သက်သေပြနိုင်ခဲ့ပြီး နီကယ်သတ္တုတွင်းတစ်ခုတွင် ၁၀ နှစ်ကျော် ကြာအောင် အလုပ်လုပ်ခဲ့သည်။
ဆဗင်ဂီရိုင်းသည် အလျင်အမြန်ကျော် ကြားလာပြီး သတ္တုတွင်းလုပ်သားများ သမဂ္ဂ၌ ရာထူးအဆင့်ဆင့် မြင့်တက်လာကာ အတွင်းရေးမှုူးချုပ် ဖြစ်လာခဲ့သည်။
နှစ်အတန်ကြာအတွင်း လက်ရှိအစိုးရကို ဆန့်ကျင်သည့် သူ၏နိုင်ငံရေးအတိုက်အခံ ပြုလုပ်မှုသည် ကြီးထွားအားကောင်း၍ လာခဲ့သည်။
သမ္မတရောဘတ်မူဂါဘီကို ဖြုတ်ချရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲရန် ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ဆဗင်ဂီရိုင်းသည် နိုင်ငံရေးပါတီသစ်တစ်ခုကို ထူထောင်ခဲ့သည်။
ဆဗင်ဂီရိုင်း၏ပါတီသည် ဇင်ဘာဘွေသမိုင်းတွင် အားအကောင်းဆုံး အတိုက်အခံအဖွဲ့ ဖြစ်လာခဲ့သည်။ ဆဗင်ဂီရိုင်းသည် တရားဝင် ရွေးကောက်ပွဲတစ်ရပ်၌ မူဂါဘီကို ဆန့်ကျင်၍ ရွေးချယ်ခံရန် ကြိုးပမ်းခဲ့သည်။ သို့သော် မူဂါဘီအစိုးရက ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သည်။
ဆဗင်ဂီရိုင်းသည် အစိုးရအဖွဲ့ကို ပုန်ကန်မှုဖြင့် သုံးကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရသည်။ နောက်ဆုံး၌ တရားစွဲဆိုမှုအားလုံး ဖယ်ရှားပေးခြင်းခံရသော်လည်း အာဏာရှင် မူဂါဘီ၏ အာဏာကို ယိမ်းယိုင်သွားအောင် ပြုလုပ်ရာ၌ အောင်မြင်မှုအနည်းငယ်သာ ရရှိခဲ့သည်။
သို့သော် နောက်ဆုံးတွင် နိုင်ငံတကာ၏ ဖိအားကြောင့် ဇင်ဘာဘွေနိုင်ငံတွင် အာဏာခွဲဝေရေးအစိုးရအဖွဲ့ကို ဖွဲ့ခဲ့ရပြီး ယင်းအစိုးရ အဖွဲ့တွင် ဆဗင်ဂီရိုင်းသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဆဗင်ဂီရိုင်းသည် မည်သည့်ရွေးကောက်ပွဲတွင်မှ မူဂါဘီကို အနိုင်ရရှိခဲ့ခြင်းမရှိသော်လည်း ဇင်ဘာဘွေအစိုးရ၏ အာဏာအလွဲ သုံးစားပြုလုပ်မှုများကို နိုင်ငံတကာက အာရုံစိုက်အောင် ပြုလုပ်နိုင်ခဲ့သည်။
ကမ္ဘာက မူဂါဘီ နုတ်ထွက်ရန်နှင့် မူဂါဘီ၏ သိသာထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုရပ်တန့်ရန် စတင်ဖိအားပေးလာခြင်း၌ ဆဗင်ဂီရိုင်း၏ ကြိုးပမ်းမှုက အဓိကပါဝင်ခဲ့သည်။









