
လှိုင်သာယာမြို့နယ်အတွင်း နေထိုင်ကြသည့် ကျူးကျော်နေအိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဖြစ်စဉ် (၁)
လက်ထဲမှာ ကိုင်ထားသည့် တစ်ထောင်တန် ၁၀ ရွက်ကိုကြည့်ရင်း ဒေါ်မြမြရဲ့ ခေါင်းထဲမှာ ရှုပ်ထွေးနေပါတယ်။ သူ့အတွက် ဒီနေ့ကတော့ အတိုးနည်းနည်းနဲ့ ငွေချေးပေးတဲ့ အဖွဲ့အစည်းတစ်ခုကို ပိုက်ဆံပြန်သွင်းရမယ့်နေ့ ဖြစ်ပေမယ့် ပိုက်ဆံက လိုနေပါတယ်။ အဲဒီအတွက်သူလတ်တလော လိုအပ်နေတဲ့ ငွေကြေးကို ဘယ်ကရနိုင်မလဲ တွေးနေပါတယ်။
ဖြစ်စဉ် (၂)
ရှေ့မှာ ခင်းထားတဲ့ ဈေးခင်းကို ကြည့်ရင်း ဒေါ်တင်တင်ရီ တစ်ယောက်တွေးပူနေပါတယ်။ ဒီနေ့ ဈေးရောင်းမကောင်းတဲ့အတွက် နောက်တစ်နေ့မှာ ဘယ်လိုပြန်ရင်း မလဲဆိုတဲ့အတွေးက သူ့ကိုခြောက်လှန့်နေပါတယ်။ သူလုပ်ကိုင်နေတဲ့ လုပ်ငန်းက အခြေခံလူတန်းစားတွေရဲ့ နံနက်စာထမင်းကြော်ဆိုင်လေး ဖွင့်လှစ်ရောင်းချခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဆိုင်မှာ လူတစ်ယောက်အတွက် ကျပ် ၈၀၀ နဲ့ ဗိုက်ဝသွားစေပါမယ်။ ဒါပေမဲ့ သူရောင်းမကောင်းတာ တော်တော်ကြာသွားပါပြီ။ ရောင်းမကောင်းပေမယ့် ဒါပဲရောင်းတတ်တဲ့ သူ့အတွက်ဈေးရင်း ပြုတ်တာဒါနဲ့ဆို သုံးကြိမ်ရှိသွားပါပြီ။
ဖြစ်စဉ် (၃)
အမိန့်ရ အပေါင်ဆိုင်လို့ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်အောက်ကို မမာလာတစ်ယောက် ဝင်သွားပါတယ်။ သူ့ရဲ့လက်ထဲမှာတော့ ရွှေ အုန်းပင် ပုဆိုးအသစ်တစ်ထည်နဲ့ အမျိုးသမီးဝတ် ထဘီတစ်ထည်ကို ကိုင်ထားပါတယ်။ သူ့အတွက် အပေါင်ဆိုင်ဆိုတာ အိမ်ဦးနဲ့ကြမ်း ပြင်ပါပဲ။ ဘယ်နှကြိမ်မြောက်မှန်း မသိရောက်နေတဲ့ အပေါင်ဆိုင်ကိုသူ့ကို ဆိုင်ရှင်ကတောင် မှတ်မိနေပါပြီ။
အထက်ပါ မြင်ကွင်းတွေကတော့ ရန်ကုန်မြို့ရဲ့ အခြေခံလူတန်းစား အများဆုံးရှိတဲ့ လှိုင်သာယာမြို့နယ်နဲ့ သန်လျင်မြို့နယ်တွေက နေ့စဉ်နီးပါး မရိုးနိုင်တဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
“အပေါင်ဆိုင်ဆိုတာက ကျွန်မတို့အတွက် ဝင်ရထွက်ရတာ မစိမ်းတော့ဘူး။ မနက်တိုင်း ဒီလိုပဲသွား နေရတာပေါ့” လို့ မမာလာက ပြောပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ယောကျာ်းအလုပ်သွားနိုင်ဖို့ ခရီးစရိတ်မရှိတဲ့ အချိန်မှာ အခုလိုပဲ လုပ်ကိုင်ရတာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။
ညနေအလုပ်က ပြန်လာရင်တော့ သူ့လုပ်ခလေးတွေနဲ့ မိသားစု ဝမ်းရေးအတွက် ဖြေရှင်းကြတယ်။
“သူကအလုပ်သွား၊ ကိုယ်က ကလေးထိန်းပြီးတော့ ဒီမှာရှိတဲ့ အလုပ်လေးတွေ လုပ်တယ်။ ဘာပဲဖြစ်ဖြစ် ဈေးဖိုးလေးရလည်း မဆိုးဘူးလေ။ အခုပေါင်ထားတဲ့ဟာကိုတော့ သူ့ဆီကရမှ ရွေးမယ်လေ” လို့ မမာလာက ပြောပါတယ်။
“အခုဆိုက်တွေကလည်း အလုပ်သိပ်မကောင်းတော့ တစ်ခါတလေ အလုပ်သွားရပြီး ညနေပိုက်ဆံ ပြန်ပါမလာတွေရှိတယ်။ အဲဒီတော့ ဘာသွားပြောလို့ရမှာလဲ။ သူ (ယောကျ်ား) မကောင်းတာမလုပ်မှာဘဲ စိုးရိမ်တယ်” လို့ မမာလာက ဆက်ပြောပါတယ်။
အလုပ်မလုပ်နိုင်တော့တဲ့ ဒေါ်မြမြတစ်ယောက် ဆိုင်ကယ်ကယ်ရီ ဆွဲနေတဲ့ယောကျ်ားဖြစ်တဲ့သူကိုပဲ အားကိုးအားထားပြုနေရပါတယ်။ ဒါပေမဲ့ သူ့ယောကျ်ားရဲ့ အလုပ်ကလည်း အခုနောက်ပိုင်းမှာ အဆင်မပြေတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နေထိုင်တဲ့ သန်လျင်မှာ လူတိုင်းက ဆိုင်ကယ်ဝယ် နိုင်ပါပြီ။ ဒါပေမဲ့ တစ်လုံးတစ်ခဲတည်း ဝယ်တာမဟုတ်ပါဘူး။ ကုမ္ပဏီတစ်ခုက အရစ်ကျစနစ်နဲ့ ရောင်းပေးတဲ့အတွက်ကြောင့် လူတိုင်းက ဆိုင်ကယ်ဝယ်ပြီး ကယ်ရီဆွဲနေတဲ့ အတွက်ကြောင့်ပါ။
“အရင်တုန်းကတော့ ဆွဲလို့ကောင်းတယ်။ တစ်ရက်ကို တစ်သောင်းခွဲကတော့ ပြေးမလွတ်ဘူး။ အခုကတော့ မြင်တဲ့အတိုင်းပဲလေ။ ဆိုင်ကယ်ကယ်ရီတွေက နေရာတိုင်းမှာ ရှိတယ်လေ။ တစ်ရက်ကို ခြောက်ထောင်၊ ခုနစ်ထောင်ရဖို့တောင် အနိုင်နိုင်ရယ်” လို့ ဒေါ်မြမြရဲ့ ယောကျ်ားက ပြောပါတယ်။
သူတို့ သန်လျင်မြို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကနေလာတဲ့ သီလဝါစက်မှုဇုန် စီမံကိန်းရှိပါတယ်။ လောလောဆယ်တော့ ဆောက်လုပ်နေတာတွေ တွေ့နေရပေမယ့် အလုပ်အကိုင်ကတော့ ဘယ်ဆီနေမှန်း မသိသေးပါဘူး။
“ကိုယ့်ကလည်း သူတို့ခေါ်တဲ့ အချိန်မှာ သူတို့ခိုင်းတာလုပ်တတ်ဦးမှ။ လောလောဆယ်တော့ စက်ရုံအလုပ်ဆိုတာ ဘာတွေလုပ်ရမလဲဆိုတာ မသိဘူး” လို့ သူက ဆက်ပြောပါတယ်။
အလုပ်အကိုင်ရှားပါးမှုနဲ့ တရိပ်ရိပ် တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် သူတို့ မမာလာတို့ မိသားစုလို၊ ဒေါ်မြမြလို အိမ်ရှင်မတွေအတွက်ကတော့ ခေါင်းခြောက်စရာ ကိစ္စတွေပဲ ဖြစ်ပါတယ်။
“တစ်ခါတလေ ဈေးကိုမသွားချင်ဘူး။ ကြောက်လို့ ” လို့ မမာလာက ပြောပါတယ်။
အခြေခံလူတန်းစားအများစု နေထိုင်ရာ ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတချို့က ဆောင်ရွက်ပေးနေတဲ့ အသေးစားချေးငွေ လုပ်ငန်းလေးတွေရှိတယ်။ အဲဒီအဖွဲ့တွေ ချေးငွေပေးတဲ့ ပုံစံတွေက အမျိုးမျိုးရှိပါတယ်။ လူငါးဦးပါ ဝိုင်းကြီးချုပ်စနစ်နဲ့ ချေးငွေပေးတဲ့အပြင် လုပ်ငန်းရှိတဲ့သူ၊ အိမ်ရှိတဲ့သူတွေကို အသေးစား ချေးငွေပေးပါတယ်။ အနည်းဆုံး ချေးငွေကတော့ နှစ်သိန်း၊ အတိုးအနေနဲ့ကတော့ နှစ်ကျပ်တိုးပါ။
“တချို့ကျတော့လည်း စက်ချုပ်လုပ်ငန်းလုပ်ဖို့အတွက်ဆိုပြီး စက်ဝယ်တယ်။ အဲဒီကနေ ချေးငွေရအောင် လုပ်ကြတာပေါ့။ တချို့ကျတော့လည်း အသုပ်ဆိုင်ထောင်တာပေါ့။ အများကြီးပဲ။ ခုနစ်ရက်တစ်ခါ ပြန်ပေးရတာရှိသလို နှစ်ပတ်တစ်ခါ ပြန်ပေးရတာရှိတယ်။ ပြန်ပေးရင်လည်း လုံးခနဲခဲခနဲပေးရတာ မဟုတ်ဘူး။ တစ်သောင်းသုံးထောင်၊ တစ်သောင်းလေးထောင် စသဖြင့်ပေါ့။ ကိုယ်ယူတဲ့ ပမာဏပေါ်မူတည်ပြီး ပေးရတာပဲ” လို့ ဝိုင်းကြီးချုပ်စနစ်နဲ့ ချေးငွေယူထားတဲ့ သန်လျင်မြို့ နယ်မှာနေထိုင်တဲ့ ဒေါ်မိမိက ပြောပါတယ်။
ဝိုင်းကြီးချုပ်စနစ်မှာတော့ တစ်ယောက်လောက် ထွက်ပြေးပြီဆိုရင်တော့ ကျန်တဲ့သူတွေက သူ့ကိုယ်စားပေးရပါတယ်။ အဲဒီလိုမှ မပေးဘူးဆိုရင် နောက်ပိုင်းချေးငွေယူရင် အဆင်မပြေတော့ဘူးလို့ ဒေါ်မိမိက ပြောပါတယ်။
“အခု အဖွဲ့ထဲက တစ်ယောက်ထွက်ပြေးလို့ ကျန်တဲ့သူတွေက စိုက်ပေးနေရတယ်လေ။ ဒါပေမဲ့ လူကများတော့ တစ်ယောက်ကို ဘယ်လောက်မှ မစိုက်ရပါဘူး။ ဒါပေမဲ့ အဖွဲ့ထဲက နှစ်ယောက်လောက်ထွက်ပြေးရင်တော့ မပြောတတ်တော့ဘူး။ အခုတော့အများကြီး မစိုက်ရဘူး” လို့ ဒေါ်မိမိက ဆိုပါတယ်။
အသေးစားချေးငွေယူတဲ့သူ တွေအနေနဲ့ တစ်ချို့ကလုပ်ငန်းမှာပြန်ပြီး အရင်းအနှီးထပ်ထည့်ကြပါတယ်။ အဲဒီအရင်းအနှီးကို ဘာကြောင့်ထည့် ရသလဲဆိုတာက သူတို့မှာ အဖြေ မရှိပါဘူး။
“အရင်းကတော့ ပြုတ်တာခဏခဏပဲ။ အဲဒီပိုက်ဆံဘယ်လိုကုန်လို့ ကုန်မှန်းကို မသိတာ။ ကုန်တာတော့ ကုန်နေတာပဲ။ တော်ကြာ ဆေးဖိုးတော်ကြာသာရေးနာရေးနဲ့ ဘာတွေမှန်းကို မသိပါဘူး” လို့ လှိုင်သာယာမြို့နယ်မှာ ထမင်းဆိုင်ဖွင့် လှစ်ရောင်းချတဲ့ ဒေါ်မြမြကဆိုပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာလို့ အသုံးမခံတဲ့အကြောင်းကိုတော့ ဒေါ်မြမြက မသိဘူးလို့ ဆိုပါတယ်။
“ကျပ်ငွေပဲ ကျကျတက်တက်။ အဲဒါကိုတော့ မသိဘူး။ အသုံးမခံ တော့တာပဲ သိတယ်။ အရာရာဈေးကြီးတာကိုတော့ သိတယ်” လို့ သူမက ဆက်ပြောပါတယ်။
ဒေါ်မြမြအနေနဲ့ လိုအပ်တဲ့ အရင်းအနှီးကိုတော့ အပေါင်ဆိုင် လိုအသေးစားချေးငွေလုပ်ငန်းက မယူပါဘူး။ သူ့အတွက်ကတော့ နှစ်ကျပ်တိုးနဲ့ရတဲ့ ချေးငွေကိုပဲယူပါတယ်။
အဲဒီလိုချေးငွေယူပြီးပေမယ့် ဈေးရောင်းမကောင်းလို့ ပြန်ဆပ်ရမယ့် နေ့ရောက်ရင်တော့ ပြင်ပက အတိုးကြီးကြီး ပေးရတဲ့ငွေကိုတော့ အဆင်ပြေအောင် ခဏယူကြရပါတယ်။
“အဲဒါကတော့ လတ်တလော ဖြေရှင်းမှုပေါ့။ အဲဒါကို ဟိုဘက်ရွှေ့ ဒီဘက်ရွှေ့လိုက်နဲ့ပဲ။ လုံးလည်ချာလည် လိုက်နေတာပဲ ” လို့ ဒေါ်မြမြက ဆိုပါတယ်။
အဲဒီလိုချေးငွေယူပြီး လုပ်ငန်းအသစ်ထောင်တဲ့ သူတွေအနေနဲ့ အစပိုင်းမှာ အဆင်ပြေပေမယ့် နောက်ပိုင်းမှာတော့ အခက်တွေ့လာတယ်လို့ ဆိုပါတယ်။
“ချေးငွေယူတယ်။ ဈေးဆိုင် လေးပဲဖြစ်ဖြစ်၊ ကွမ်းယာဆိုင်လေးပဲဖြစ်ဖြစ် တည်လိုက်တယ်။ ဖောက်သည်လေးနည်းနည်းရလာလို့ အဆင်ပြေမယ်ကြံကာရှိသေးတယ်။ နောက်တစ်ယောက်က ထပ်ဖွင့်ရော။ အဲဒါဆို ကိုယ့်ဆီကလူပါသွား ပြန်ပြီ။ အဲဒါနဲ့ ရောင်းမကောင်းဘူး။ ရောင်းမကောင်းပေမယ့် အကြွေးက ဒီအတိုင်းမနေဘူးလေ။ ပြန်ဆပ်ရတာ။ အဲဒီအတိုးနည်းနည်း အကြွေးကို ပြန်ဆပ်နိုင်ဖို့ အပြင်မှာချေးတဲ့ မတ်တိုးတွေ၊ နေ့ပြန်တိုးတွေ ပြန်ယူရပြန်ရော။ အဲဒီတော့ အတိုးပေါ် အတိုးဆင့်ပြန်ရော။ အဲဒီလိုနဲ့ သံသရာလည်နေတာပဲ” လို့ သန်လျင်မြို့နယ်မှာ ထမင်းဆိုင်ဖွင့်လှစ်ထားတဲ့ ဒေါ်ခင်လေးမြင့်က ပြောပါတယ်။
ဈေးဆိုင်က ရောင်းကောင်းတဲ့နေ့တွေမှာတော့ ပြန်ဆပ်ရမယ့် ငွေအတွက် ဖယ်ထားပြီးတော့ ကျန်တဲ့ငွေကို အရင်းအနှီးနဲ့ အိမ်စရိတ်အတွက် သုံးစွဲရပါတယ်။
“တစ်ခါတလေ ဘယ်နေ့မှာ ဘယ်သူ့ပေးရမှန်းတောင် မသိတော့ဘူး။ ကိုယ်ယူထားတဲ့သူတွေကများ နေတော့လေ” လို့ ရယ်မောပြီး ဒေါ်ခင်လေးမြင့်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ အခြေခံလူတန်းစားများ အနေနဲ့ အလုပ်အကိုင် မကောင်းခြင်းနဲ့အတူ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် စီးပွားရေးကျပ်တည်း လာပါတယ်။
“ကျပ်လာတာတော့ မပြောပါနဲ့။ အရိပ်ရှိရင်တောင် ဟိုဘက်နည်းနည်း တိုးခိုင်းရတယ်” လို့ မမာလာက ပြောပါတယ်။
အခြေခံလူတန်းစားအများစု ရင်ဆိုင်နေရတဲ့ လက်တလော အကျပ်အတည်းကတော့ အလုပ်အကိုင် ရှားပါးခြင်း၊ ကုန်ဈေးနှုန်းကြီး မြင့်လာတာတွေက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။
တစ်နှစ်ထက်တစ်နှစ် ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းကို မီအောင်မတက်နိုင်တဲ့ လုပ်ခတွေကြောင့် ကျပ်တည်းလာခြင်း ဖြစ်တယ်လို့ သန်လျင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ အခြေခံလူတန်းစားများက ပြောပါတယ်။
“ကျွန်မအိမ်မှာ လူလေးယောက်ပဲရှိတယ်။ ဒါပေမဲ့ ဈေးဖိုးက တစ်ရက်ကို ငါးထောင်ရှိတယ်။ တစ်လဆို တစ်သိန်းခွဲအောက်ထစ် ရှိတယ်။ အဲဒါတခြားအသုံးစရိတ် မပါသေးဘူး” လို့ လှိုင်သာယာမြို့နယ် သမကုန်းမှာ နေထိုင်တဲ့ ဒေါ်ဇင်မာက ပြောပါတယ်။
ဒေါ်ဇင်မာတို့ အိမ်မှာ တစ်လအသုံးစရိတ် တစ်သိန်းခွဲရရှိဖို့ လုပ်အားသုံးဦး ရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ သူ့အမျိုးသား၊ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်တဲ့ သူ့သမီးနဲ့ ဈေးရောင်းတဲ့ ဒေါ်ဇင်မာ။ သူတို့ သုံးယောက်ရဲ့ လုပ်အားနဲ့ အိမ်စရိတ်ကို ရှာဖွေနေကြတာပါ။
“အခုကတော့ ဆောက်လုပ်ရေးလုပ်ငန်းကလည်း မကောင်းဘူးလေ။ သူ့အလုပ်က မသွားရတဲ့နေ့က များလာပြီ}} လို့ ဒေါ်ဇင်မာက ပြောပါတယ်။အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ လက်ထက်မှာ ရန်ကုန်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပြန်လည်စိစစ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာကတည်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်မှု နှေးကွေးသွားတယ်လို့ ဒေါ်ဇင်မာရဲ့ အမျိုးသားက ပြောပါတယ်။
“အဲဒီသတင်းတွေ နည်းနည်းထွက်လာကတည်းက သူဌေးက လူနည်းနည်းလျှော့ချင်လာပြီ။ အတည်လည်းဖြစ်ရော အလုပ်တွေ ပျက်တော့တာပဲ” လို့ သူက ဆိုပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်း မကောင်းတဲ့အတွက်ကြောင့် အလုပ်သမားတွေကို မလျှော့ချင်ဘဲလျှော့ခဲ့ရတဲ့ အချိန်တွေရှိပြီးတော့ အခုထိတော့ နာလန်မထူနိုင်သေးဘူးလို့ ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအဝိုင်း ကပြောပါတယ်။
“ကန်ထရိုက်ဆိုတာ ကျန်တဲ့သူတွေကိုတော့ မပြောတတ်ဘူး။ သူ့အလုပ်သမားတွေအတွက်ကတော့ မရှိရှိတာ ရောင်းချပြီးဖြေရှင်း ပေးတယ်။ တချို့အလုပ်ရှင်တွေက အလုပ်ပြီးပေမယ့် ငွေမပေးသေးတာတွေ အများကြီး ကြုံရတယ်။ ဒါပေမဲ့ အောက်လက်ငယ်သားတွေကိုတော့ ဘယ်ကန်ထရိုက် အလုပ်သမားခေါင်းက မပေးဘဲနေတာ မရှိပါဘူး။ သူတို့ရပ်တည်ရတာလည်း ဒီအလုပ်သမားတွေကြောင့်ပဲလေ။ အဲဒီတော့ ဘယ်သူမှ အမုန်းခံပြီး မလုပ်ဘူး။ လုပ်ငန်းမှာ စိတ်တိုင်းမကျလို့ လက်တွဲဖြုတ်တာကတစ်ပိုင်းပေါ့” လို့ Real Gold ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးဝင်းဌေးက ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေ ကောင်းကောင်းမလည်ပတ်တာက အထပ်မြင့်အဆောက်အအုံကိစ္စတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ တော်တော်လေးကို နာလန်မထူနိုင်ခဲ့တာလို့ ဆောက်လုပ်ရေး အသိုင်းအဝိုင်းက ပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အခြေခံ လူတန်းစားအများစုလုပ်ကိုင်ကြတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အခုလို ရိုက်ခတ်မှုတွေကြောင့် အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ဆောက် လုပ်ရေးအသိုင်းအဝိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားများပြားလာပြီး လက်ရှိခန့် မှန်းချက်များအရ ရာခိုင်နှုန်း ၇၀ ခန့် ရှိနိုင်ပြီးတော့ တကယ်လည်း အခက်အခဲ ဖြစ်နေတာတွေရှိတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က ဆိုပါတယ်။
လှိုင်သာယာမြို့နယ်နဲ့ သန်လျင်မြို့နယ်မှာရှိတဲ့ အခြေခံလူ တန်းစားတွေကို မေးမြန်းမှုတွေအရ သူတို့ရဲ့အခက်အခဲတွေက ဒီဘက်နှစ်တွေမှာ ပိုဆိုးလာတယ်လို့ သိရပါတယ်။
အဓိကအချက်အနေနဲ့ တွေ့ရှိရတာကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။
“အခြေခံလူတန်းစားတွေ ကျပ်တည်းနေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးကအများထင်သလောက် မဖွံ့ဖြိုးလာဘူးလေ” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။
အခြေခံလူတန်းစားအများစု အနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနဲ့ တက်လာတဲ့ ကုန်ဈေးနှုန်းကို မလိုက်နိုင်တဲ့ လုပ်ခလစာကြောင့်ဖြစ်တာလို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက သုံးသပ်ပြောကြားပါတယ်။
“ကုန်ဈေးနှုန်းတွေက မြင့်လာတော့ သူတို့စရိတ်က မြင့်လာတယ်။ သူတို့စရိတ်က မြင့်လာတဲ့အခါကျတော့ရတဲ့ ငွေနဲ့အသုံးစရိတ်က မလောက်တော့ဘူး ဖြစ်သွားတယ်။ ကုန်ဈေးနှုန်းမြင့်လာတဲ့အချိန်မှာ လုပ်အားခက မလိုက်နိုင်ဘူး။ အဲဒါက အဓိကပါပဲ။ ကုန်ဈေးနှုန်းကလည်း ပတ်ဝန်းကျင် တိုင်းပြည်တွေ နဲ့ယှဉ်ရင်တောင် ပြန်ကျဖို့က မလွယ်ဘူး။ ဒီနှစ်ရရှိတဲ့ အချက်အလက်တွေအရဆိုရင် ကုန်ဈေးနှုန်းတက်တာပျှမ်းမျှ ခုနစ်ရာခိုင်နှုန်းလောက် ရှိတာပေါ့။ ကုန်ဈေးနှုန်းတက် သလောက်ဝင်ငွေက လိုက်မတက်ဘူးဆိုရင်တော့ အခြေခံလူတန်းစားတွေအတွက်က ကျပ်တည်းနေဦးမှာပဲ” လို့ ဦးဇော်ဖေဝင်းက သုံးသပ်ပြောကြားပါတယ်။
ဒီလိုအခက်အခဲတွေ ပြေလျော့သွားအောင် အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကို မျှခြေတစ်ခုဖြစ်အောင် ထိန်းကျောင်းကြပ်မတ်သွားဖို့ လိုအပ်ပြီးတော့ တိုင်းပြည်ရဲ့ဝင်ငွေ ပိုများအောင် လုပ်ရမယ်လို့ ဦးဇော်ဖေဝင်းက အကြံပြု ပြောကြားပါတယ်။
“တိုင်းပြည်ရဲ့ ဝင်ငွေတက်လာအောင် လုပ်ရမယ်။ ဒီလိုတိုးတက်လာအောင် လုပ်တဲ့နေရာမှာ အခြေခံလူတန်းစားတွေရဲ့ ဝင်ငွေတိုးအောင်လုပ်ရမှာ။ အဲဒီလိုတိုးတက်ဖို့ဆိုတာက ပတ်ဝန်းကျင် အခြေအနေ ကောင်းတွေကို ဖန်တီးပေးရမယ်။ ကုန်ဈေးနှုန်းဆိုတာက ပြန်ကျဖို့တော့ မလွယ်ဘူး။ အဲဒီတော့ ဝင်ငွေတက်အောင်ပဲလုပ်ရမယ်။ ဆင်းရဲချမ်းသာကွာဟမှု လျော့နည်းအောင်လုပ်ရမယ်။ အဲဒီလိုလုပ်ဖို့ဆိုရင် တခြားနိုင်ငံတွေမှာတော့ အစိုးရကဝင်ပြီး ဆင်းရဲတဲ့သူတွေကို ထောက်ပံ့တာတွေရှိတယ်” လို့ ဦးဇော်ဖေဝင်းက ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိတိုင်းပြည်ရဲ့ အနအထားအရတော့ ဆင်းရဲသူတွေကို ထောက်ပံ့ဖို့ဆိုတာက လတ်တလော မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
“ဒါပေမဲ့ ကိုယ်တွေဆီမှာတော့ အဲဒီလို ထောက်ပံ့ပေးနိုင်ဖို့က မလွယ်သေးဘူး။ လုပ်နိုင်တဲ့ နည်းတွေတော့ ရှိတယ်။ ဥပမာအနေနဲ့ ဘာလဲဆိုတော့ ချမ်းသာတဲ့သူတွေဆီက အခွန်ကိုရအောင် ကောက်ရမယ်။ အဲဒီပြီးရင် ဆင်းရဲတဲ့သူတွေဆီကို အခွင့်အလမ်းတွေ တစ်ဖက်တစ်လမ်းကရအောင် လုပ်ပေးရမယ်။ ထောက်ပံ့တဲ့သဘောတော့ မဟုတ်ဘူး။ ဘယ်လိုမျိုးလဲဆိုတော့ အခြေခံစားသုံးကုန်ဈေးနှုန်းတွေကို ဝင်ထိန်းပေးတာပေါ့။ အရှုံးခံရောင်းပေးတဲ့ သဘောမျိုးပေါ့။ ဒါကလည်း သိပ်တော့မလွယ်ဘူး။ ဘယ်လိုလူမျိုးတွေကို ရောင်းပေးမှာလဲ။ ဘယ်လိုကုန်စည်တွေလဲဆိုတာတွေက ရှိသေးတယ်။ ပြီးရင် အခြေခံလူတန်းစားတွေဆီကို ရောက်အောင် ဘယ်လိုလုပ်မှာလဲ။ အဲဒါတွေက လတ်တလောမှာ မလွယ်လောက်သေးဘူး။ အဲဒီတော့ နောက်တစ်နည်းကတော့ လူတွေရဲ့ ဝင်ငွေတိုးလာအောင် လုပ်ပေးဖို့ပဲရှိတယ်။ အဓိကက အခြေခံလူတန်းစားတွေ အတွက်ပေါ့” လို့ ဦးဇော်ဖေဝင်းက ဆိုပါတယ်။
အစိုးရ အကူးအပြောင်းကာလမှာ စီးပွားရေးလုပ်ငန်းရှင်တွေက အခြေအနေစောင့်ကြည့်ခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်းတွေကို မလုပ်ဆောင်တဲ့အတွက်ကြောင့် အခြေခံ လူတန်းစားတွေအတွက်ကတော့ အကျပ်အတည်းထဲကို ရောက်ရှိသွားစေတယ်လို့ ဦးသန်းစိုးက ပြောပါတယ်။
“အဓိကကတော့ လုပ်ငန်းရှင် အကြီးစားတွေပေါ့။ သူတို့တွေက စီးပွားရေးတွေကို ဝင်ပြီးတော့မရင်းနှီးတာတို့၊ လုပ်ငန်းသစ်တွေ မချဲ့တာတို့။ သူတို့က အဲဒီလိုမလုပ်၊ လက်ကြီးသမားတွေက မလုပ်တော့ စီမံကိန်းအသစ်တွေ၊ ပရောဂျက်တွေ မရှိတဲ့အခါကျတော့ စီးပွားရေးမှာ Space Over Side လို့ခေါ်တယ်။ ဖိတ်လျှံတဲ့ သက်ရောက်မှုပေါ့။ အဲဒါတွေ မရှိတော့ဘူး။ နောက်ဆုံးမှာ ဘယ်သူ့ကို သွားထိလဲဆိုတော့ အခြေခံလူတန်းစားကို သွားထိတာပဲ။ အခြေခံလူတန်းစားတွေဘာကြောင့် ကျပ်ကျပ်တည်းတည်း ဖြစ်လာလဲဆိုတာ သိပ်ကြီးမားတဲ့လုပ်ငန်းရှင်တွေရဲ့ စီးပွားရေး သြသာမဖြစ်တဲ့ အတွက်ကြောင့် ဖိတ်လျှံအကျိုး သက်ရောက်မှု မရှိတော့တာ။ ဒါကတစ်ခု။ အခုလောလောဆယ် ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့အခြေအနေပေါ့” လို့ ဦးသန်းစိုး (ဘောဂဗေဒေ) က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံမှာ ငွေရှားနေတာကလည်း ရိုက်ခတ်မှုတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီး လုပ်ကိုင်တဲ့သူတွေက အလုပ်မလုပ်တော့တဲ့အတွက်ကြောင့် အခုလိုမျိုးတွေ ဖြစ်လာတာလို့ ဦးသန်းစိုးက ဆိုပါတယ်။
“နောက်တစ်ခုက နိုင်ငံမှာက ထင်သလောက် ငွေရှားနေတယ်။ နောက်တစ်ခုက ငွေနဲ့ပတ်သက်ပြီး Liquidity ကလည်းနှေးနေတယ်။ Money Liquidity က အနည်းဆုံး ၃၊ ၄ လောက်ရှိရမှာ။ အခုဟာက ကျွန်တော်ထင်တယ် ၁ လောက်မှာ ပဲရှိနေတယ်လို့ ထင်တယ်။ အဲဒီ Effect က ချမ်းသာတဲ့သူတွေကို ပြဿနာမရှိဘူး။ ငွေထုပ်ကို အိမ်ခန်းထဲထည့်ထားနိုင်တဲ့ သူတွေအတွက်က ပြဿနာမရှိဘူး။ ဆင်းရဲတဲ့သူတွေ အတွက်က အများကြီးသက်ရောက်ပါတယ်” လို့ ဦးသန်းစိုးက ပြောပါတယ်။
လက်ရှိအစိုးရအနေနဲ့ ယခင်တုန်းက နည်းလမ်းမကျ လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်စိစစ်နေတဲ့အတွက်ကြောင့် စီးပွားရေးတွေ နှောင့်နှေးခြင်း ဖြစ်သလို စီးပွားရေးနဲ့ ပတ်သက်ပြီး တိကျတဲ့မူဝါဒတွေ ချမှတ်နိုင်ခြင်း မရှိတာကလည်း စီးပွားရေး ဖွံ့ဖြိုးမှု တုံ့နှေးခြင်းတွေကို ဖြစ်စေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများနဲ့ စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားပါတယ်။
အစိုးရအနေနဲ့ လက်ရှိအခြေ အနေအထိ ယခင်စီးပွားရေးလောကထဲမှာ ရှိတဲ့အရှုပ်တွေကို အခုထိတော့ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ ဦးဝင်းဌေးက ပြောပါတယ်။
“အခုအစိုးရက အရင်ရှုပ်ထားတဲ့ စီးပွားရေးနယ်ပယ်တွေကို ရှင်းနေရတာလည်း ပါတာပေ့ါ။ မြန်မာပြည်ရဲ့စီးပွားရေးက လူတစ်စုပဲချုပ်ထားတာကိုး။ အဲဒါတွေကို မဖြေရှင်းနိုင်ဘူး။ အဲဒီအခက်အခဲကို ရင်ကြားစေ့ရေးနဲ့ ဖြေရှင်းနိုင်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ပိုပြီး ကျပ်တည်းလာတယ်။ အခြေခံလူတန်းစားတွေ ပိုကျပ်လာတယ်။ စီးပွားရေးကို လူတစ်စုက ကိုင်ထားတော့ သူတို့ရဲ့ချည်ထားတဲ့ကြိုးတွေကို အခုထိ ဖြေနိုင်စွမ်းမရှိဘူး။ ဖြေနိုင်ဖို့လည်း နည်းလမ်းတွေ မတွေ့သေးတာလည်း ဖြစ်နိုင်တယ်” လို့ ဦးဝင်းဌေးက ပြောပါတယ်။
အကြီးစား စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လက်ထဲက ငွေတွေ ဈေးကွက်ထဲ စီးဝင်ဖို့ ဆိုတာတွေက လက်ရှိအချိန်မှာ မလွယ်နိုင်သေးဘူးလို့ စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားပါတယ်။
“အဓိက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ၊ နောက်ပြီးတော့ ချေးငွေတွေနဲ့သေနေတဲ့ စီးပွားရေးအင် ဂျင်ကိုနှိုးဖို့ ကြိုးစားရမှာပေါ့” လို့ ဦးသန်းစိုးက ဆိုပါတယ်။
“အခုလူတွေ ခေါ်နေကြတဲ့ ခရိုနီပေါ့။ သူတို့ဆီမှာ ငွေတွေအိပ်နေတော့ ဒီအင်ဂျင်ကောင်းကောင်း မလည်ပတ်နိုင်ဘူး။ ဒါပေမဲ့ FDI လို ဟာမျိုးတွေ၊ ချေးငွေတွေနဲ့ အင်ဂျင်ကို နှိုးလို့ရနိုင်တယ်” လို့ ဦးသန်းစိုးက ပြောပါတယ်။
ဒါပေမဲ့ အခုလို လုပ်နိုင်ဖို့အတွက်က ကြိုးနီးစနစ်တွေနဲ့ နိုင်ငံသားတွေ အလုပ်အကိုင်ရရှိဖို့က အရေးကြီးတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက ပြောပါတယ်။
“ကိုယ်တို့ဆို အဆင်မပြေဘူး။ စာစောင်တွေထဲမှာတော့ ပြောကြတာပေါ့။ ဘာစီမံကိန်း ညာစီမံကိန်းဆိုတာပေါ့။ အရင်တုန်းကတော့ တာဝါတိုင်ဆောက်တာတွေပေါ့။ မြန်မာပြည်မှာ လုပ်ငန်းတစ်ခုရဖို့က ပွဲစားတွေလက်ထဲက မလွတ်ဘူး။ အဲဒါတွေကလည်းရှိတယ်။ ဗီယက်နမ်တွေဆိုရင် သူတို့ဆီက လုပ်သားတွေ သွင်းလာတာတွေရှိတယ်။ သူတို့က အဲဒီထက်ပိုတာတွေ ရှိတယ်။ ဒီဟာကိုလုပ်နိုင်တဲ့ ဗီယက်နမ်ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကိုပါ ခေါ်သွင်းလာတာရှိတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာလည်း ဝင်မတိုးနိုင်တာတွေ ဖြစ်လာတယ်။ အခုလက်ရှိ ဆောက်လုပ်ရေးကုမ္ပဏီကြီး နှစ်ခုမှာပဲ ပြည်ပက အလုပ်သမားတွေ အများကြီး သွင်းလာတာတွေရှိတယ်။ ဒီဘက်က လဝက ဥပဒေကလည်း လျော့ရဲမှုတွေရှိနေတော့ သွင်းလို့ရနေတာပေါ့။ တိတိကျကျအရေးယူမှုတွေ အားနည်းတယ်” လို့ ဦးဝင်းဌေးက ဆိုပါတယ်။
အစိုးရပိုင်းအနေနဲ့ Law Inforcement အားနည်းမှုများလည်းရှိပြီး အဲဒါတွေကို အရင်ဆုံးပြုပြင်ရမှာဖြစ်ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း နိုင်ငံသားတွေရဲ့ အလုပ်အကိုင်အတွက် အာမခံချက်ပေးနိုင်တဲ့ ဥပဒေတွေ ဖြစ်ဖို့လိုအပ်တယ်လို့ ဦးသန်းစိုးက ဆိုပါတယ်။
“တကယ်တော့ ဗီယက်နမ်ပဲ လာလာ၊ ဂျပန်ပဲလာလာ Construction Side တွေလာလို့ရှိရင် နိုင်ငံတကာမှာက Package လိုက်ကို လက်မခံဘူး။ Package ဆိုတာက သူ့မှာနည်းပညာပါမယ်။ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းသုံးတွေပါ မယ်ပေါ့။ ဒါပေမဲ့ လုပ်သားမပါဘူး။ တော်တော်များများက။ ကျွန်တော်တို့ဆီမှာ Labour ကပါတယ်။ ဥပမာ ဆိုရင်ဗီယက်နမ်ပေါ့။ အမြဲတမ်း သတိထားမိတယ်။ သူတို့ဆိုရင် သူတို့နိုင်ငံက Labour တွေမဟုတ်ရင် ထိုင်းတို့၊ တရုတ်တို့က Labour တွေ ပါလာတယ်။ လုပ်ငန်းကျွမ်းကျင်မှု ပိုမြင့်တယ်။ လုပ်ခသက်သာတယ်ဆိုတဲ့ အနေအထားတွေကြောင့်ပေါ့။ ဒါကတစ်ပိုင်း။ တစ်ခုရှိတာက ကျွန်တော်တို့နိုင်ငံမှာက ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ် အချိုးအစားတစ်ခုခုက ပါတယ်။ ဥပဒေအရ အကာအကွယ်ပေးထားတယ်။ ဒါပေမဲ့ခက်တာက Law Inforcement ပေါ့။ ဥပဒေလည်းရှိတယ်။ ပေါ်လစီအရလည်း ခွင့်မပြုထားဘူး။ သို့သော်လုပ်နေတယ်ဆိုတာ ကတကယ်တော့ Law Inforcement အားနည်းလို့ဖြစ်တာ။ စစ်ဆေးအရေးယူမှုတွေ အားနည်းတော့ သူတို့တွေက Package အလိုက်လာကြတာကို တွေ့နေရတယ်။ တကယ်တော့ ဥပဒေကလည်း ရှိပြီးသား၊ နည်းဥပဒေတွေလည်း ထွက်ပြီးသား ထိထိရောက်ရောက် မလုပ်လို့ဖြစ်တာ။ စိစစ်မှုအားနည်းတာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ မလုပ်လို့ပဲ။ အဲဒါတွေကို ထိထိရောက်ရောက် ထိန်းကျောင်းပေးမယ်ဆိုရင် ခုနကပြောတဲ့ ပြဿနာတွေနည်းမယ်။ နိုင်ငံသားတွေ အလုပ်အကိုင်အတွက် အခွင့်အလမ်းရလာမယ်။ နောက်တစ်ခုက နည်းပညာတွေလည်း Transfer ဖြစ်လာနိုင်တယ်။ ပြောရမယ်ဆိုရင်ရှိတဲ့ ဥပဒေတွေကို အကောင်အထည်ဖော်မှု အားနည်းတာပေါ့” လို့ ဦးသန်းစိုးက ပြောပါတယ်။
ဒါ့အပြင် စီးပွားရေး မူဝါဒတွေ ဥပဒေတွေ ရေးဆွဲတဲ့အချိန်မှာ ရှေ့နောက်မညီမှုတွေကိုလည်း ပြုပြင်ရမှာဖြစ်တယ်လို့ စီးပွားရေးပညာရှင် အချို့က ဆိုပါတယ်။
“ပေါ်လစီတစ်ခုနဲ့ တစ်ခုချိတ်ထားရမယ်။ တစ်ခုက တောင်ဘက်သွားပြီး တစ်ခုကမြောက်ဘက်သွား လုပ်လို့မရဘူး။ ဒါတွေက ချိတ်ဆက်နေရမှာ။ ဒါတွေကို Overview နားလည်တဲ့သူတွေက ထိုင်ပြီးရွှေ့နေရုံပဲ။ ကျန်တာက အလုပ်ဆက်လုပ်သွားလိမ့်မယ်” လို့ ဦးသန်းစိုးက ပြောပါတယ်။
လက်ရှိမှာ အစိုးရပိုင်းအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ဖြေလျှော့ပေးမှုတွေရှိခဲ့တယ် ဆိုပေမယ့် ဥပဒေစိုးမိုးရေးကိုလည်း အားစိုက်လုပ်ဆောင်ရမယ်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောကြားပါတယ်။
“Law တွေကတော့ သိပ်တော့လည်း ကမောက်ကမတော့ မဖြစ်ပါဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာအောင် အစိုးရလည်း တတ်နိုင်သလောက် လျှော့ပေးခဲ့တာတွေရှိတယ်။ သို့သော်လည်းပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုတာတွေသည် ဥပဒေတစ်ခုတည်းနဲ့ ပေါ့နော်။ အခွင့်အရေးတွေပေးတယ်။ ဖြေလျှော့မှုတွေပေးတယ် ဆိုပေမယ့် တရားဥပဒေစိုးမိုးဖို့ကလည်း အရေးကြီးတယ်” လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။
အခြေခံလက်လုပ်လက်စား လူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ အဲဒီကိစ္စအပေါ်မှာတော့ အကောင်အထည်ဖော်တဲ့သူ တွေအနေနဲ့ အာရုံစူးစိုက်မှု နည်းပါးနေတယ်လို့ ဦးသန်းစိုးက ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာ ရှိပါတယ်။ အလုပ်အကိုင်များ ဖန်တီးရေးပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး မူဝါဒအရဆိုပြီး ပြောသွားပေမယ့် အဲဒီ job – Creation နောက်ကို စဉ်းစားတဲ့သူက မရှိဘူးလို့မြင်တယ်။ ဒါကြောင့်လည်း ကျပ်တည်းသွားတာပေါ့”လို့ ဦးသန်းစိုးက သုံးသပ်ပြောကြားပါတယ်။
လက်ရှိမှာတော့ အလုပ်အကိုင်ရှားပါးမှုက ထိပ်ဆုံးမှာရှိနေပြီးတော့ လက်ရှိလုပ်ငန်းတွေကိုပဲ မပျောက်အောင် လုပ်နေရတယ်လို့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများနဲ့ အခြေခံလူတန်းစားများက ပြောပါတယ်။
“ရှိတဲ့အလုပ်ကို မပျောက်အောင်မနည်းလုပ်နေရတယ်။ လုပ်ငန်းအသစ်တွေ ရဖို့ဆိုတာက မတွေ့သေးဘူး။ အရင်တုန်းက ပြောထားတဲ့ အလုပ်တွေကလည်း မစသေးတော့ လုပ်ငန်းအသစ်ရဖို့ ဆိုတာက ဝေးနေတယ်” လို့ နည်းပညာ ကုမ္ပဏီတစ်ခုကို ထူထောင်ထားတဲ့ ကိုအောင်မြင့်နိုင်က ဆိုပါတယ်။
အသေးစားစီးပွားရေးလုပ်ငန်းလေးတွေ အနေနဲ့ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ရေရှည်မှာ ရပ်တည်ဖို့ ခက်ခဲသွားနိုင်တယ်လို့ သူက ဆိုပါတယ်။
အစိုးရအနေနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းလေးတွေကို ချေးငွေတွေရရှိအောင် ဆောင်ရွက်နေတယ်ဆိုပေမယ့် အဓိကဖြစ်စဉ်က ဈေးကွက်တွေ ပျောက်ဆုံးနေတာလို့ သူကပြောပါတယ်။
“ကျွန်တော်တို့ မရင်းရဲဘူး။ အခုချိန်မှာက။ ဘာလို့လဲဆိုတော့ လူတွေလက်ထဲမှာ ပိုက်ဆံမရှိတော့ဘူးလေ။ အခုချိန်မှာလုပ်ရင် ရှုံးမှာပဲ။ အရင်ကတော့ချေးငှားပြီးတောင် လုပ်ရဲတယ်။ အခုတော့ လက်ရှောင်တယ်။ ကျွန်တော်တို့ဆီမှာက လက်ထဲမှာ ဒါပြီးရင် ဘာမှမရှိတော့ဘူး။ အကြီးစားတွေတောင် မလုပ်တာ ကျွန်တော်တို့ မရင်းရဲဘူး” လို့ ကို အောင်မြင့်နိုင်က ပြောပါတယ်။
လက်ရှိမှာ တိုင်းပြည်ရဲ့စီးပွားရေးကို ချုပ်ကိုင်ထားတဲ့ လူတန်းစားတစ်စုကို မည်သို့ပြုပြင်ပြောင်းလဲ မလဲဆိုသည့်အချက်နှင့် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့်အချက်နှင့် မည်သူ့ကိုမျှ အားကိုးစရာမလိုသည့် အချက်များမည်သည့်လမ်းကို ရွေးမလဲဆိုသည်မှာ တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ပေါ်မူတည်ကြောင်း၊ ထို့ပြင်စီးပွားရေး ပေါ်လစီများကိုလည်း တည်ငြိမ်မှုရှိနိုင်ရန် လိုအပ်ကြောင်း ဦးသန်းစိုးက ဆိုသည်။
“အဓိက,ကတော့ စီးပွားရေး ၁၂ ချက်တို့၊ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ job-Creation တို့၊ နောက်ပြီးတော့ ခရိုနီတွေဆီက ပိုက်ဆံတွေ ဈေးကွက်ထဲဝင်လာအောင် နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ဘယ်လိုလုပ်မလဲတို့ ၊ စီးပွားရေးပေါ်လစီက ခဏခဏ ပြောင်းနေတာတို့ အဲဒါတွေပေါ့။ အဲဒါတွေကို မချနိုင်ဘဲနဲ့တော့ စီးပွားရေးက ပြောင်းလဲမှာ မဟုတ်ဘူး။ နေ့ပြောင်းညပြောင်းဖြစ်နေတဲ့ စီးပွားရေး ပေါ်လစီကို အဓိကငြိမ်အောင် လုပ်ရမယ်” လို့ ဦးသန်းစိုးက ပြောပါတယ်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ ပြောင်းလဲချင်တဲ့ စိတ်နဲ့သက်ဆိုင်ပြီးတော့ နည်းမှန်လမ်းမှန်နဲ့သာ လုပ်ဆောင်သွားရင် စီးပွားရေးက အချိန်တိုအတွင်း ဖွံ့ဖြိုးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်များက ပြောကြားပါတယ်။
“အဓိက,ကတော့ ခေါင်းဆောင်တွေရဲ့ ဘယ်လောက်အထိ မြန်မြန်နဲ့ ထူထောင်လုပ်ကိုင်မလဲ ဆိုတာနဲ့ပဲဆိုင်တယ်။ အချိန်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ဆီမှာ လာလုပ်ချင်တဲ့ သူတွေအများကြီး ရှိပါတယ်။ တကယ်တော့ အချိန်အတိုင်းအတာက ပြဿနာမရှိဘူး။ တကယ်တော့ အဲဒီလိုပုံစံမျိုးသာ နိုင်ငံရေးစိတ်ဆန္ဒအတိုင်း စီးပွားရေး စိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် လူမှန်နေရာမှန် လုပ်မယ်ဆိုရင် အနည်းဆုံး ဆယ်နှစ်အပြင် ပိုမကြာပါဘူး” လို့ ဦးသန်းစိုးက ဆိုပါတယ်။
“အလုပ်အကိုင်တွေ များများရလာမယ်ဆိုရင်တော့ ဝင်ငွေကတော့ တိုးနိုင်တာပေါ့။ လောလောဆယ် ရေတိုကတော့ မရနိုင်သေးဘူး။ ချက်ချင်းကြီးတော့ ကောင်းမလာနိုင်သေးဘူး” လို့ ဦးဇော်ဖေဝင်းက သုံးသပ်ပြောကြားပါတယ်။
ဒါ့အပြင် နားလည်တတ်ကျွမ်းသူများ၏ အကြံပေးချက်၊ ပေါ်လစီများကိုလည်း ရယူရန် လိုအပ်တယ်လို့ ဦးသန်းစိုးက ဆိုပါတယ်။
“လုပ်တယ်မလုပ်ဘူးဆိုတာထက် နားလည်တတ်ကျွမ်းတဲ့သူ တွေရဲ့စကားကို ဘယ်လောက်အထိ အလေးထားလဲမထားလဲဆိုတာ အရေးကြီးပါတယ်။ နားလည်တတ်ကျွမ်းတဲ့သူတွေရဲ့ စကားကိုအလေးထားတာတို့၊ နားလည်တတ်ကျွမ်းတဲ့ သူတွေရဲ့စကားကို အလေးထားတာတို့အပေါ်မှာ မူတည်ပြီး ပညာရှင်ဆိုတာက အသံထွက်တာကိုး။ အဲဒီအပေါ်မှာ Don’t Care လုပ်လာရင် သူက ဘာမှမပြောတော့ဘူး” လို့ ဦးသန်းစိုးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ တာဝန်ယူပြီး တစ်နှစ်ကျော် အကြာမှာတော့ အခြေခံလူတန်းစားတွေရဲ့ အခြေအနေက ကောင်းမွန်တဲ့ အခြေအနေကို မရောက်သေးပါဘူး။ တည်ငြိမ်တဲ့ အခြေအနေကို ရောက်ရှိဖို့ မှန်ကန်တဲ့ ပေါ်လစီတွေ ချမှတ်ဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင်များက ပြောပါတယ်။
ပြုပြင်ပြောင်းလဲမှုကာလမှာ အထိနာဆုံးလူတန်းစားဖြစ်တဲ့ အခြေခံ လူတန်းစားတွေအတွက် အသက်ရှူပေါက်ချောင်အောင် လုပ်ပေးနိုင်ဖို့ လိုအပ်တယ်လို့ ဦးဝင်းဌေးက ဆိုပါတယ်။
“ကျွန်တော်တို့ တင်တဲ့အစိုးရဆိုတော့ ဖြစ်ရင်တောင် ကြိတ်မှိတ်ခံနေရတယ်။ အခုဆို ကျွန်တော်တို့ အလုပ်အကိုင်တွေ မကောင်းဘူး။ ဒါပေမဲ့ တစ်ယောက်မှညည်းတာကို မကြားသေးဘူး။ ဒါတွေက ရှေရှည်မှာ မကောင်းဘူး။ သူတို့ဆီကိုပဲ သတင်းတွေက မရောက်တာလား၊ သတင်းတွေ သိရဲ့သားနဲ့ မလုပ်ကိုင်သေးတာလား ဆိုတာက သူတို့ပဲ သိမှာပေါ့” လို့ ၎င်းက ဆိုပါတယ်။
လက်ထဲမှာရှိတဲ့ တစ်ထောင်တန် ၁၀ ရွက်ကိုကိုင်ရင်း လိုအပ်နေတဲ့ ငွေကိုဘယ်ကရှာရမလဲ ဆိုတာကို ဒေါ်မြင့်မြင့်တစ်ယောက် စဉ်းစားနေပါတယ်။ သူ့မှာရှိတဲ့ငွေက အသေးစားချေးငွေ ချေးပေးတဲ့ အဖွဲ့အစည်းတစ်ခုကို ပေးရမှာဖြစ်ပေမယ့် မလောက်ပါဘူး။ လိုအပ်တဲ့ငွေကို ပေးနိုင်ဖို့ ရပ်ကွက်ထဲမှာရှိတဲ့ ငွေတိုးပေးတဲ့သူကိုပဲ ဆက်သွယ်ရမယ့်သဘောမှာ ရှိပါတယ်။
“ဒါလေးကို ပေးနိုင်ဖို့ လတ်တလော ဖြေရှင်းရမှာပေါ့။ အခုကတော့ တစ်ဆယ်တိုးပဲ ရရ၊ နေ့ပြန် တိုးနဲ့ပဲရရ ယူရမှာပဲ။ ယောကျ်ားပြန်လာရင်တော့ ပိုက်ဆံပါလောက်ပါတယ်။ အဲဒီတော့မှ ပြန်ဆပ်ရမှာပေါ့။ လောလောဆယ်တော့ ဒီလိုပဲ ဖြေရှင်းရမှာပဲ” လို့ ဒေါ်မြမြက ပြောပါတယ်။









