ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့လွှတ်တော် ဖြစ်ပြီလား

ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့လွှတ်တော် ဖြစ်ပြီလား
Published 6 August 2017

လွှတ်တော်အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာလာသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား သြဂုတ် ၂ ရက် (ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၆၆(ဂ)၊ (ဃ) ကို ပယ်ဖျက်ရန် ဆွေးနွေးချက်များ အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်သည့်နေ့) တွင် တွေ့ရစဉ်

NLD အမတ်အများစု ပါဝင်တဲ့ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းကျင်းပနေခဲ့တာဟာ အခုဆိုရင် တစ်နှစ်ခွဲကျော်ကာလကို ရောက်ရှိလာခဲ့ပါပြီ ဖြစ်ပါတယ်။

ဒီလိုတစ်နှစ်ခွဲကျော်ကြာတဲ့ အချိန်မှာတော့ အာဏာရပါတီ NLD အမတ်တွေ နေရာအများစု ပါဝင်တဲ့ လွှတ်တော်တွေက ပြည်သူ့ဆန္ဒကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒုတိယအကြိမ်လွှတ်တော် တစ်နှစ်ခွဲကျော် သက်တမ်းအတွင်းမှာ အစိုးရကို မထိန်းကျောင်းနိုင်တာ၊ ဥပဒေပြုရေးမှာ အားနည်းမှုရှိနေတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ်မှာ ပါတီက ဗဟိုချုပ်ကိုင်မှုများနေတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

စတင်ကျင်းပခဲ့တဲ့ အချိန်က လွှတ်တော်အတွင်းမှာ လှုပ်ခတ်မှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လွှတ်တော်က ငြိမ်သက်နေတယ်လို့ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ဝေဖန်မှုတွေ ရှိလာပါတယ်။

ဒုတိယအကြိမ်လွှတ်တော် အသီးသီးကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်နဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်မှာ အသီးသီးစတင် ကျင်းပခဲ့ပါတယ်။

လွှတ်တော်အားလုံးမှာ အသာရခဲ့တဲ့ NLD

၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ NLD အမတ်ဦး ရေဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ တခြားပါတီက စုစုပေါင်းအမတ်ဦးရေထက်သာ လွန်နေခဲ့ပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ် ၃၂၃ ဦးရှိတဲ့ ပြည်သူ့လွှတ်တော်မှာ NLD အမတ် ၂၄၉ ဦးအထိ ပါဝင်နေပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ၂၈ ဦး၊ တိုင်းရင်းသားပါတီကိုးခုက ကိုယ်စားလှယ် ၃၆ ဦးနဲ့ တစ်သီးပုဂ္ဂလတစ်ဦး ပါရှိပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်ကတော့ ၂၅ ရာ ခိုင်နှုန်းဖြစ်တဲ့အတွက် ၁၁၀ ရှိပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်တာကလွဲလို့ ပြည်သူ့လွှတ်တော်အတွင်း မဲခွဲမှုအားလုံးမှာ NLD ပါတီရဲ့ ဆန္ဒကသာ အနိုင်ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာတော့ ပြည်သူ့လွှတ်တော်မှာ NLD အမတ်က ၂၅၄ ဦးရှိလာပြီး ပြည်ခိုင်ဖြိုးပါ တီအမတ်က ၂၉ ဦး ရှိလာပါတယ်။ တိုင်းရင်းသားပါတီကိုးခုက ကိုယ်စားလှယ် ၃၉ ဦးနဲ့ တစ်သီးပုဂ္ဂလတစ်ဦး ဖြစ်လာပါတယ်။

အမျိုးသားလွှတ်တော်မှာဆိုရင်လည်း ရွေးကောက်ခံကိုယ်စားလှယ် ၁၆၈ ဦးရှိတဲ့အနက် NLD အမတ်က ၁၃၅ ဦးအထိ ပါဝင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ၁၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၀ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က သုံးဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နှစ်ဦး၊ မွန်အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က တစ်ဦးစီနဲ့ တစ်သီးပုဂ္ဂလနှစ်ဦး ပါပါတယ်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ကတော့ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ၅၆ ဦး ရှိပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာကလွဲလို့ အမျိုးသားလွှတ်တော်အတွင်း မဲခွဲမှုအားလုံးမှာ NLD ပါတီရဲ့ ဆန္ဒကသာ အနိုင်ရရှိမှာ ဖြစ်ပါတယ်။

ဒါ့ပြင် လွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စု လွှတ်တော်မှာလည်း NLD အမတ်တွေကသာ ကိုယ်စားလှယ်ဦးရေ အများအပြား ရှိနေတဲ့အတွက် အသာရမှာပဲ ဖြစ်ပါတယ်။

ဒီလို အသာရတဲ့အတွက်ကြောင့် သမ္မတဖြစ်ခွင့်ကို တားမြစ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ရေးဆွဲထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်နေတဲ့ကြားက ပြည်ထောင်စုလွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

လွှတ်တော်ရဲ့ ပထမဆုံးဥပဒေ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံးပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကတော့ သမ္မတဖြစ်ခွင့်ကို တားမြစ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ရေးဆွဲထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပဲ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာကြောင့် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ရပါတယ်။

ဒီလို အမျိုးသားလွှတ်တော်မှာ အငြင်းပွားခဲ့ရတဲ့ ဥပဒေဟာ ပြည်သူ့ လွှတ်တော်ရောက်တဲ့ အခါမှာတော့ ပိုမိုပြင်းထန်မှုတွေ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို အမျိုးသားလွှတ်တော်က ပေးပို့ချက်အတိုင်း အတည်ပြုပေးဖို့ ဥပဒေကြမ်းကော်မတီက တင်ပြခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်သုံးဦးနဲ့ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်တစ်ဦးက ပြင်ဆင်ချက်အဆို ၁၄ ခုအထိ တင်သွင်းခဲ့ကြပါတယ်။

အဲဒီနောက် တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံသူများတာကြောင့် အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက အဆိုပြုတင်ပြခဲ့တဲ့ ၁၄ ချက်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေက မဲမခွဲဘဲသူတို့ရဲ့ ပြင်ဆင်ချက်အတိုင်း အတည်ပြုပေးဖို့ တောင်းဆိုပြီး မဲခွဲပါက ဆန္ဒမဲပေးမှာ မဟုတ်ဘူးလို့  သုံးကြိမ်အထိ ပြောကြားခဲ့ပါတယ်။

စက်ခလုတ်နှိပ် မဲခွဲတဲ့ ၁၄ ကြိမ် စလုံးမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက မဲလုံးဝမပေး ခဲ့ပါဘူး။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း တစ်ခုလုံးကို အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုဖို့ ကန့်ကွက်သူ ရှိ၊ မရှိ လွှတ်တော်ဥက္ကဋ္ဌက မေးမြန်းရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက မတ်တတ်ရပ်ပြီး ကန့်ကွက်ခဲ့ပေမယ့် အနည်းစု ဖြစ်တာကြောင့် အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း အတည်ပြုခဲ့ပါတယ်။

အစည်းအဝေး အပြီးမှာတော့ ပြင်ဆင်ချက်တင်ခဲ့တဲ့ ဗိုလ်မှူးချုပ် မောင်မောင်က ဒီမိုကရေစီ အနိုင်ကျင့်မှုဖြစ်တာကြောင့် မဲမပေးခဲ့ကြတာ ဖြစ်တယ်လို့  မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဒါက လွှတ်တော်အစပိုင်း အလှုပ်ခတ်ဆုံးနဲ့ လူပြောအများဆုံး ဥပဒေတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

 

ဥပဒေပြုရေး

နိုင်ငံတော်အချုပ်အခြာအာ ဏာခက်မသုံးဖြာဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမှာ လွှတ်တော်ရဲ့ အဓိကတာဝန်က ဥပဒေပြုရေး ဖြစ်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာတော့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ပြင်ဆင်၊ ဖျက်သိမ်း၊ အသစ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပေါင်း ၂၀ ရှိတယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တဲ့ ဥပဒေ ရှစ်ခု၊ အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တဲ့ ဥပဒေကိုးခု၊ ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်ရမယ့် ဥပဒေသုံးခုကို ဒုတိယအကြိမ်လွှတ်တော်သက်တမ်း တစ်နှစ်ကျော်အတွင်း ကျင်းပခဲ့တဲ့ အစည်းအဝေးတွေမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပြင်ဆင်ခဲ့တဲ့ ဥပဒေကိုးခု၊ အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေ နှစ်ခု၊ ရုပ်သိမ်းတဲ့ ဥပဒေခြောက်ခု၊ တည်ဆဲဥပဒေတွေကို ရုပ်သိမ်းပြီး အသစ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ နှစ်ခု (ငြိမ်း ချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ)၊ စီမံကိန်း၊ ဘတ်ဂျက်၊ အခွန်အကောက်ဆိုင်ရာ ဥပဒေတစ်ခု စုစုပေါင်း ဥပဒေ ၂၀ ကို ပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။

ဒီလို ပြဋ္ဌာန်းနိုင်ခဲ့တဲ့ ဥပဒေတွေအနက် ပြည်သူတွေကြားမှာ ထင်ရှားတဲ့ ဥပဒေတွေကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ် ပေးရေးဥပဒေ၊  ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးများ ရရှိရေးအတွက် ငြိမ်း ချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေစတဲ့ ဥပဒေတွေပဲ ဖြစ်ပါတယ်။

ပယ်ဖျက်ခဲ့တဲ့ ဥပဒေတွေထဲမှာတော့ အရင်က နိုင်ငံရေးသမားတွေကို ဖမ်းဆီးတဲ့အခါမှာ အသုံးပြုပြီး ၅(ည) လို့ နာမည်ကြီးခဲ့တဲ့ ၁၉၅၀ ပြည့်အရေးပေါ် စီမံမှုအက်ဥပဒေ၊ ဒီမိုကရေစီစံချိန်စံညွှန်း၊ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ မကိုက်ညီတဲ့ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေတို့ပဲ ဖြစ်ပါတယ်။

ဒါ့ပြင် ဧည့်စာရင်းတိုင်ကြား စရာမလိုတော့တဲ့ တတိယအကြိမ် ပြင်ဆင်တဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းကို ၂၀၁၆ ခုနစ် နိုဝင်ဘာ ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပြဋ္ဌာန်းနိုင်ခဲ့တဲ့ ဥပဒေတွေကိုကြည့်မယ်ဆိုရင် ဥပဒေအသစ်အနေနဲ့ နှစ်ခု (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေနဲ့ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ) သာ ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီးအရင် ပြဋ္ဌာန်းထားတဲ့ ဥပဒေအများစုကို ပြင်ဆင်တာ၊ ရုပ်သိမ်းတာ အများဆုံး လုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဥပဒေ ကောင်းမရှိတဲ့အတွက် အရင်ဥပဒေ ဟောင်းတွေကို ကောင်းအောင် ပြန်လည်ပြုပြင်နေရတယ်လို့ ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

“ဥပဒေကောင်းကောင်း မရှိတဲ့အတွက် လူတွေက အာဏာနဲ့ အုပ်ချုပ်နေတယ်လို့ ပြောသလို ခံနေရတယ်။ ကျွန်မတို့မှာ ဥပဒေကောင်း ရှိဖို့ရာလိုတယ်။ အဲဒီအတွက်ကြောင့် ရှိပြီးသား ဥပဒေဟောင်းတွေကိုပဲ ကောင်းအောင်ပြန်လည် ပြုပြင်နေတယ်” လို့ ဒေါ်ခင်စန်းလှိုင်က ပြော ပါတယ်။

မင်္ဂလာဒုံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကတော့ “မြန်မာနိုင်ငံမှာက ဥပဒေဆိုတာက အရင်ကလည်း ကောင်းတဲ့ဟာတွေ အများကြီး ရှိခဲ့ပါတယ်။ ကောင်းတဲ့ဟာတွေကို လိုက်ပြီးကျင့်သုံးဖို့ပဲ ကျွန်တော်တို့က ဦးစားပေးပြီး လုပ်မယ်ဆိုပြီးတော့ပဲ ရည်မှန်းခဲ့တာပေါ့နော်။ အရေးကြီးတဲ့ ပြည်သူနဲ့မကိုက်ညီတဲ့ ဥပဒေဆို မှတ်မှတ်ရရဆို ဧည့်စာရင်း ပယ်ဖျက်တာမျိုးတို့ လုပ်ခဲ့တာပေါ့နော်” လို့ ပြောပါတယ်။

ဒါပေမဲ့ လွှတ်တော်ရဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ ဥပဒေပြုရေးကို လုပ်ဆောင်တဲ့နေရာမှာ အစိုးရက တင်သွင်းတဲ့ ဥပဒေကြမ်း အများစုကိုပဲ ဆွေးနွေးဆုံးဖြတ်တာတွေကို အများဆုံးတွေ့ရတယ်လို့ လွှတ်တော်လေ့လာ စောင့်ကြည့်နေသူ အချို့က ပြောကြားမှုတွေ ရှိနေပါတယ်။

“ဒီကနေ့ တည်ဆဲဆိုတဲ့ ဥပဒေတွေထဲမှာကို ရုပ်သိမ်းဖို့၊ ပြင်ဆင်ဖို့ လိုနေတဲ့ ဥပဒေတွေအများကြီး ရှိပါတယ်။ နောက်ပြီးတော့ နိုင်ငံ့အခြေအနေ၊ ကမ္ဘာ့အခြေအနေ အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေရှိမယ့် ဥပဒေတွေလည်း အများကြီးရေးဆွဲဖို့ လိုနေသေးတယ်။ ဒါမှပဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးစတဲ့ နယ်ပယ်အသီးသီးမှာ ဘယ်ဟာကတော့ အရေးကြီးတယ်။ ဘယ်ဟာက ပိုအရေးမကြီးဘူးရယ်လို့ မရှိပါဘူး။ ဥပဒေတစ်ရပ်ဆိုတာကလည်း ဒီဥပဒေကတော့ ပြဋ္ဌာန်းချက်နည်းတယ်၊ များတယ်အဲဒီလို မဟုတ်ပါဘူး။ အရေးပါမှုကတော့ အတူပါပဲ။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဘယ်လောက်ကာကွယ် စောင့်ရှောက်ပေးနိုင်လဲ၊ အကျိုးစီးပွားဖြစ်ထွန်းအောင် ဘယ်လောက်ဖော်ဆောင်ပေးနိုင်လဲ။ ဒီစံနှစ်ချက်နဲ့ တိုက်ပြီးတော့ ဖော်ဆောင်ပေးဖို့ အများကြီး ရှိပါတယ်။ လက်ရှိလွှတ်တော် အခင်းအကျင်း ကြည့်ရတာကတော့ ဥပဒေပြုရေး လုပ်ငန်းစဉ်ဟာ နည်းနည်းများ အားနည်းနေသလားလို့ ထင်မိတယ်။ မေးခွန်းမေးမြန်းတာတွေ၊ အဆိုတင်သွင်းမှုတွေ ရှိပါတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ပိုင်နိုင်ကျေညက်ရမယ်။ အရွေ့တစ်ခုမရှိဘူးဆိုရင် စက်ဝိုင်းတစ်ခုလိုပဲ ဒီနေရာပဲပြန်ရောက်၊ ဒီနေရာပဲပြန်ရောက်နဲ့ ခရီးမတွင်ဘူးပေါ့” လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်း ငါးနှစ်တာကာလမှာ ဥပဒေပေါင်း ၂၂၉ ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ ဥပဒေတွေ၊ မလွဲမသွေ ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ဥပဒေတွေနဲ့ နည်းဥပဒေ မထွက်သေးတဲ့ ဥပဒေများစွာ ရှိနေပါသေးတယ်။

 

မေးခွန်းနဲ့ အဆိုများ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကနေ စတုတ္ထပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြ မေးခွန်း (နှုတ်ဖြေ)၊ ကြယ်ပွင့်ပြမေးခွန်း(စာဖြေ)နဲ့ ကြယ်ပွင့် မပြမေးခွန်း စုစုပေါင်း ၂၂၆၄ ခုကို ဖြေဆိုပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကနေ စတုတ္ထပုံမှန်အစည်းအဝေးအထိ ရိုးရိုးအဆိုနဲ့ အရေးကြီးအဆို စုစုပေါင်း ၄၅ ခု ရှိခဲ့ပါတယ်။

ဒီအထဲမှာမှ ရိုးရိုးအဆိုကို အတည်ပြုတာက ၁၁ ခု၊ မှတ်တမ်းတင်တာက ၂၁ ခု၊ အတည်မပြုတာက နှစ်ခု၊ ရုပ်သိမ်းတာက တစ်ခုနဲ့ ဆက်လက်ဆွေးနွေးဖို့ မသင့်ကြောင်း ဆုံးဖြတ်တာက တစ်ခုရှိပါတယ်။

အရေးကြီးအဆိုမှာလည်း အတည်ပြုတာကငါးခု၊ မှတ်တမ်းတင်တာက သုံးခု၊ အတည်မပြုတာက တစ်ခုရှိခဲ့ပါတယ်။

အဆိုနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင်လည်း ရိုးရိုးအဆို ၃၆ ခု မှာ မှတ်တမ်းတင်တဲ့အဆိုက ၂၁ ခု နဲ့ အများဆုံးဖြစ်နေပြီး အတည်ပြု နိုင်တာက ၁၁ ခုပဲ ရှိပါတယ်။

အရေးကြီးအဆိုမှာတော့ အတည်ပြုနိုင်တာ ငါးခုရှိပါတယ်။ ဒါကြောင့် ရိုးရိုးအဆိုနဲ့ အရေးကြီးအဆို စုစုပေါင်း ၄၅ ခုအနက် အတည်ပြုနိုင်တာက ၁၆ ခုသာရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တွေကြားမှာ ဝေဖန်မှုတွေ ရှိလာပါတယ်။

 

NLD အမတ်တွေရဲ့ အခက်အခဲ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၁၁ (က) အရ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင် ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲမှုနဲ့ အချင်းချင်းအပြန် အလှန်ထိန်းကျောင်းမှုကို ပြုတယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် မဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းကျောင်းဖို့ကလည်း အရေးကြီးလှပါတယ်။

လွှတ်တော်ဟာ မဏ္ဍိုင်ကြီး သုံးရပ်အနက် အဓိက အကျဆုံး၊ အခြေခံအကျဆုံး ဖြစ်ပါတယ်။

ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို ဖွဲ့စည်းပါတယ်။ လွှတ်တော်တွေက ရွေးချယ်ပေးလိုက်တဲ့ နိုင်ငံတော်သမ္မတ၊ သမ္မတက ရွေးချယ်ပေးလိုက်တဲ့ အစိုးရအဖွဲ့၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို လွှတ်တော်က အတည်ပြုပေးခဲ့ရတာပါ။

ဒါကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရ၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တို့ဟာ မဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းကျောင်းနိုင်မှသာ လွှတ်တော်အသက်ဝင်နေမှာ ဖြစ်ပါတယ်။

ဒီလို မဏ္ဍိုင်တစ်ခုနဲ့ တစ်ခုထိန်းကျောင်းရာမှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ မိမိပါတီရဲ့ အစိုးရဖြစ်ပေမယ့်လည်း ပြည်သူ့မျက်နှာကိုသာကြည့်ပြီး အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို ထောက်ပြပြောဆို ဝေဖန်နေရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မထောက်ပြ မဝေဖန်ရင်တော့ ကောင်းမွန်တဲ့ အပြန်အလှန် ထိန်းကျောင်းမှုမရှိတဲ့အတွက် လွှတ်တော်ဟာ အသက်ဝင်မှာ မဟုတ်ပါဘူး။

ပထမလွှတ်တော်သက်တမ်း ငါးနှစ်တုန်းကတော့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိခဲ့ပြီး ဝန်ကြီးဌာနတွေ ဘတ်ဂျက်တောင်းတာနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က ဆီးသီးဗန်းမှောက်တာကို ပြောဆိုခဲ့ရာမှာ အဲဒီစကားဟာ လူတွေ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ဖူးပါတယ်။

ဒါဟာ လွှတ်တော်အနေနဲ့ အစိုးရဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်တောင်းခံမှုတွေ အပေါ်ကို အပြန်အလှန်ထိန်းကျောင်းတဲ့ သဘောနဲ့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာကတော့ ပထမအကြိမ်လွှတ်တော်မှာ ဖွဲ့စည်းပုံခုံရုံးတစ်ခုလုံးကို ပယ်ဖျက်ပစ်လိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါ့ပြင် အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းမှုတွေ ရှိလာတဲ့အတွက် လွှတ်တော်သက်တမ်း နောက်ဆုံးနှစ်တွေဟာ သက်ဝင်လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိကျင်းပနေတဲ့ ဒုတိယအကြိမ်လွှတ်တော်မှာတော့ အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းမှု အားနည်းနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်လေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။

“အစိုးရကို ထိန်းကျောင်းနိုင်မှုအပိုင်းမှာ လိုအပ်ချက်တွေရှိနေတယ်။ အားနည်းချက်တွေရှိနေတယ်။ အဲဒါကို ငြင်းလို့ မရဘူး။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ လက်ရှိလွှတ်တော်တွေ အနေနဲ့ ပြည်သူလူထုကို မျက်နှာမူပြီးတော့ အစိုးရကို ထိန်းကျောင်းဖို့ လိုအပ်တယ်။ နောက်ပြီးတော့ အစိုးရကို ပြည်သူလူထုနဲ့ တစ်သားတည်းကျအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်” လို့ နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေတဲ့ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။

အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်းမှု အားနည်းရတဲ့ အကြောင်းအရာတွေ ရှိလာခဲ့ပါတယ်။ NLD အမတ်တွေအနေနဲ့ အစိုးရအကျပ်အတည်းဖြစ်စေမယ့် မေးခွန်းတွေ၊ အဆိုတွေကို မဆွေးနွေးဖို့ ခေါ်ယူမှာကြားတာတွေ ရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ သတင်းတွေ ထွက်လာပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တချို့ NLD အမတ်တွေကိုယ်တိုင် မီဒီယာတွေကို ပြောကြားထားမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်း တင်သွင်းတဲ့အဆိုနဲ့ ပတ်သက်လို့ အတည်ပြုဖို့ (ဒါမှမဟုတ်) မှတ်တမ်းတင်ဖို့ ပွင့်လင်းစွာပြောကြားဖို့တိုက်တွန်းခဲ့ပေမယ့် အဆိုရှင်က “အကြောင်းကြောင်းကြောင့်” လို့ စကားခံပြီး မှတ်တမ်းတင်ဖို့ ပြောကြားခဲ့ပါတယ်။

“အကြောင်းကြောင်းကြောင့် ကျွန်မကို မှတ်တမ်းတင်ခိုင်းပါတယ်။ ဒါကြောင့် ကျွန်မမှတ်တမ်း တင်ရပါမယ်”လို့ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ တင်တင်ဝင်းက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

“အကြောင်းကြောင်းကြောင့်” အနက်ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ဒေါက်တာတင်တင်ဝင်းကို မီဒီယာတွေက မေးမြန်းရာမှာ ငြင်းဆိုမှု ရှိခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကို ဒေါက်တာတင်တင်ဝင်း တင်သွင်းခဲ့တဲ့အဆိုက အလယ်တန်း၊ အထက်တန်းနှင့် ပညာရေးကောလိပ်များတွင် မျိုးဆက်ပွားကျန်းမာရေး၊ ပြည်သူ့နီတိနှင့် ဒီမိုကရေစီ ဘာသာရပ်များ သင်ကြားပေးရေးအဆို ဖြစ်ပါတယ်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေအပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၅ ဦးထောက်ခံဆွေးနွေးခဲ့တဲ့ ဒီအဆိုကို NLD ကိုယ်စားလှယ်တစ်ဦးက မှတ်တမ်းတင်ဖို့ ဆွေးနွေးပြီးနောက်မှာတော့ ဒေါက်တာတင်တင်ဝင်းရဲ့ အဆိုက ဘာအကြောင်းကြောင့် မှန်းမသိရဘဲ မှတ်တမ်းတင်ရုံသာ တင်နိုင်ခဲ့ပါတယ်။

“လွှတ်တော်ဘက်ကတော့ နှေးကွေးနေတယ်လို့ ပြောလို့ရတာပေါ့။ ဥပဒေတွေ အရာမှာရော၊ နောက်ပြီးတော့ အဆိုတွေဆိုလည်း မှတ်တမ်းတင်တာပဲများတယ်လေ။ အခု လွှတ်တော်ကိုယ်စားလှယ်တွေကတော့ နောက်ကွယ်ကကြိုးကိုင်တာ ခံနေရတယ်။ အရင်ကိုယ်စားလှယ်တွေ တုန်းကလည်း ကြိုးကိုင်မှုတွေ ရှိခဲ့တာပါပဲ။ အခုလောက်ကြီး မထင်ရှားဘူး။ အခုကတော့ စက်ခလုတ်နှိပ်ရင်တော့ အနီနှိပ်ဆိုပြီး ပြောနေတာတွေ ရှိနေတယ်။ ဒါကျတော့ ထိန်းချုပ်မှုတွေ ဖြစ်သွားပြီ။ ဒါကြောင့် ရှေ့ပြေးသင့်သလောက် မပြေးဘဲ နှောင့်နှေးနေတယ်လို့ ပြောလို့ရတယ်” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက ပြောပါတယ်။

ဒါ့အပြင် မေးမယ့် မေးခွန်း၊ အဆို စိစစ်တဲ့အဖွဲ့ကို NLD ကိုယ်စားလှယ်တွေနဲ့  NLD ပါတီက ဖွဲ့စည်းပေးထားပြီး NLD ကိုယ်စားလှယ်တွေ မေးမယ့်မေးခွန်း၊ အဆိုတွေဟာ စိစစ်ရေးအဖွဲ့ကို ဖြတ်သန်းပြီးမှသာ လွှတ်တော်ဆီ တင်သွင်းခွင့်ရနေတာ ဖြစ်ပါတယ်။

ဒါကြောင့် မေးခွန်းတွေ မေးမြန်းခြင်းနဲ့ အဆိုတွေ တင်သွင်းရာမှာ ထိန်းချုပ်ကန့်သတ်ထားခြင်း ခံနေရမှုတွေ ရှိနေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေဆီကနေ သိရပါတယ်။

ဥပမာအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေး မေးခွန်းမေးမြန်းဖို့ စတုတ္ထပုံမှန်အစည်းအဝေးနဲ့ လက်ရှိကျင်းပနေတဲ့ ပဉ္စမအကြိမ်ပုံမှန်အစည်းအဝေးမှာ ပါတီစိစစ်အဖွဲ့ကို တင်သွင်းခဲ့ရာ လွှတ်တော်ဆီ တင်သွင်းခွင့်မရရှိခဲ့ဘဲ ဆိုင်းငံ့ခံခဲ့ရပါတယ်။

ဒါပေမဲ့လည်း မဖြစ်မနေ စိစစ်အဖွဲ့ကို တင်ပြရမှာ မဟုတ်ဘဲ လွှတ်တော်ကို တိုက်ရိုက်တင်သွင်းနိုင် တယ်လို့လည်း NLD လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြားပါတယ်။

“ဒီနေ့လွှတ်တော်ကျတော့ လွှတ်တော်နဲ့ အစိုးရနဲ့ ထိန်းကျောင်းနိုင်မှု မရှိဘူး။ မရှိဘူးဆိုတာက လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က သူတို့ NLD ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့  အစိုးရကို အကျပ်အတည်းဖြစ်မယ့် မေးခွန်းတွေကို မမေးဖို့ အဖြေတွေကို မဆွေးနွေးဖို့ ခေါ်ပြီးတော့ တားတယ်လို့ ကြားတယ်။ ပြီးတော့လည်း အစိုးရကို မေးတဲ့အခါမှာ လွှတ်တော်ဥက္ကဋ္ဌ ခဏခဏ တားတာတွေရှိတယ်။ အဲဒါမျိုးကျတော့ အပြန်အလှန် ထိန်းကျောင်းမှု အားနည်းတယ်လို့ ပြောလို့ရတယ်” လို့ လက်ရှိကျင်းပနေတဲ့ ဒုတိယအကြိမ်လွှတ်တော်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားပါတယ်။

 

အနိုင်ကျင့်မှု မဖြစ်စေဖို့

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို အတည်ပြုတုန်းက တပ်မတော်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဒီမိုကရေစီ အနိုင်ကျင့်မှု ဖြစ်တာကြောင့် မဲမပေးခဲ့ကြတာ ဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ဖူးပါတယ်။

အဲဒီတုန်းကတော့ တပ်မတော် သားကိုယ်စားလှယ် ပြောကြားမှုအပေါ်မှာ ပြည်သူတွေက အမြင်အမျိုးမျိုး ရှိခဲ့ကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ပေးရေးအဆိုနဲ့  H1 N1 အဆိုတွေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ အမြင်ဟာ NLD ကိုယ်စားလှယ်တွေရဲ့ အမြင်နဲ့ ကွဲပြားမှုတွေ ရှိလာပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်မှာ ထိုးထားတဲ့ တံတားအမည်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမည်နာမနဲ့ ဂုဏ်ပြုသတ်မှတ်ပေးဖို့ ပြည်ထောင်စု အစိုးရအား တိုက်တွန်းတဲ့ အဆိုကို မတ် ၁၄ ရက်က  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာပါ။

ဒီအဆိုကို မွန်ပြည်နယ် ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးရာမှာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် အဆိုကို မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်လို့ မွန်ပြည်နယ် ချောင်းဆုံဒေသခံ တိုင်းရင်းသားတွေက ဆန္ဒပြကန့်ကွက်မှုတွေ ပြုလုပ်လာတဲ့အထိ ဖြစ်ပေါ်ခဲ့သလို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ချောင်းဆုံမဲဆန္ဒနယ်မှာ NLD ကိုယ်စားလှယ်လောင်းဟာ ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီလို သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းခြင်းက မသင့်လျော်တဲ့အပြင် စည်းလုံးညီညွတ်မှုနဲ့ လူမျိုးအချင်းချင်း မုန်းတီးမှုဖြစ်နိုင်တယ်လို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနိုင်သက်လွင်က မတ် ၁၅ ရက်က  ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“ဒီတံတားနဲ့ ပတ်သက်လို့ကတော့ မော်လမြိုင်ဘက်က ဒေသခံတွေက ဘာကြိုက်လဲ။ ချောင်းဆုံဘက်က ချောင်းဆုံတံတားပေါ့။ အရင်ကလည်း ချောင်းဆုံ (သံလွင်) တံတားလို့ ဆိုင်းဘုတ်တပ်ထားခဲ့တာပဲ။ မော်လမြိုင်-ချောင်းဆုံ-သံလွင်တံတားဆို ပြီးသွားပြီ။ ဆင် ခြေတက်စရာ မရှိတော့ဘူး။ တံတားအမည် ပြောင်းတာကတော့ မသင့်လျော်ဘူး။ တိုင်းရင်းသားတွေအတွက် စည်းလုံးညီညွတ်မှုကလည်းပြီးတော့ လူမျိုးအချင်းချင်း မုန်းတီးမှုလည်း ဖြစ်တယ်။ အဲဒီလိုဟာမျိုး လွှတ်တော်ထဲမှာလာတင်ပြီး အနိုင်ယူတာကတော့ မသင့်လျော်ဘူးပေါ့။ မဖြစ်သင့်ဘူးပေါ့။ ဒါတွေက အင်မတန်သေးသိမ်၊ အဆင့်အတန်း မမီဘူးပေါ့။ ဒီလိုအနိုင်ယူတာ လူပြိန်းတွေ အနိုင်ယူတဲ့ ပုံစံမျိုးပေါ့” လို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ် သြဂုတ် ၂ ရက် က ပြည်သူ့လွှတ်တော်မှာ H1 N1 ရောဂါကူးစက် ပြန့်ပွားမှုမရှိစေဖို့နဲ့ အသေအပျောက် နည်းပါးဖို့အတွက် လူနေထူထပ်ရာ ကျောင်း၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံ၊ ရထား၊ ဘတ်စ်ကား၊ သင်္ဘောဆိပ်၊ လေဆိပ်တွေအထိ ပညာပေးရေးလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ကြရာ အဆိုရှုံးနိမ့်ပြီး မှတ်တမ်းသာတင်ခဲ့ပါတယ်။

အဲ့ဒီအဆိုကို တပ်မတော်သားကိုယ်စားလှယ်နှစ်ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂ ဦးက ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပြီး ချိန်မှာတော့ အဆိုနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် H1 N1 နှင့်ပတ်သက်၍ ဆောင်ရွက်နေသည်များလည်း ရှိသည့်အပြင် ထပ်မံဆောင်ရွက်ရန် အစီအစဉ်များလည်း ချမှတ်ထားပြီးဖြစ်သဖြင့် အဆိုကို မှတ်တမ်းသာတင်သင့်ကြောင်း မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့ အဆိုရှင်ဖြစ်သူ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက အဆိုကို အတည်ပြုပေးသင့်ကြောင်း ပြောကြားတဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၄၆ မဲ ကန့်ကွက်မဲ ၂၃၁ မဲ ကြားနေလေးမဲဖြစ်လို့ အဆိုရှုံးနိမ့်ပြီး မှတ်တမ်းသာ တင်ခဲ့ရတာပါ။

လက်ရှိအချိန်မှာ ရန်ကုန်အပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်အချို့မှာ ရာသီတုပ်ကွေး (H1 N1) ရောဂါဖြစ်ပွားလာမှုဟာ တစ်နေ့ထက်တစ်နေ့ များပြားနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သြဂုတ် ၅ ရက်နေ့ထုတ်ပြန်ချက်အရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက် ရောက်ကုသသူ စုစုပေါင်းလူနာ ၃၅၆ ဦးရှိတဲ့အနက် H1 N1 ပိုးတွေ့ လူနာစုစုပေါင်း ၁၃၆ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၅ ဦးအထိ ရှိလာပါတယ်။

ဒါကြောင့်  ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းတဲ့ အရေးကြီးအဆိုဟာ လက်ရှိအနေအထားအရ သင့်လျော်မှုရှိပေမယ့်လည်း ရှုံးနိမ့်ခဲ့ရမှုအပေါ်မှာ ပြည်သူတွေက စိတ်ပျက်ခဲ့ရပါတယ်။ ဒီအပေါ်မှာ ပါတီစွဲ မထားဘဲ ပြည်သူ့မျက်နှာကိုသာကြည့်ပြီး လုပ်ဆောင်ရမှာဖြစ်ပေမယ့် ပါတီစွဲတွေရှိနေတာက အရင်လွှတ်တော်နဲ့ မထူးဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိ ဒုတိယအကြိမ် လွှတ်တော်အသီးသီးမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနက် NLD ကိုယ်စားလှယ် ဦးရေက သာလွန်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကလွဲပြီး လွှတ်တော်အတွင်း ဘယ်ကိစ္စမဆို NLD အမတ်တွေရဲ့ သဘောဆန္ဒကသာ အဓိကအတည်ဖြစ်မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်မှုတွေရှိခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်အစိုးရလက်ထက်က နိုင်ငံရေးသမားတွေကို ဖိနှိပ်ဖမ်းဆီးထောင်ချခဲ့တဲ့ ၅(ည) လို့ နာမည်ကြီးတဲ့ ၁၉၅၀ ပြည့် အရေးပေါ် စီမံမှုအက်ဥပဒေလိုမျိုး၊ ဒီမိုကရေစီစံချိန်စံညွှန်း၊ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ မကိုက်ညီတဲ့ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေတို့ကိုလည်း ပယ်ဖျက်နိုင်ခဲ့ပါတယ်။

နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ၊  ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးများ ရရှိရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းနိုင်ခဲ့သလို ဧည့်စာရင်း တိုင်ကြားစရာမလိုတော့တဲ့ တတိယအကြိမ် ပြင်ဆင်တဲ့ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကြမ်းကိုလည်း ၂၀၁၆ ခုနစ် နိုဝင်ဘာ ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို ကြည့်မယ်ဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဟာ သမ္မတဖြစ်ခွင့်ကန့်သတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်ပြဋ္ဌာန်းခဲ့တာဖြစ်သလို ၅ (ည) လို့ နာမည်ကြီးတဲ့ ၁၉၅၀ ပြည့် အရေးပေါ် စီမံမှုအက်ဥပဒေနဲ့ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေတွေ ပယ်ဖျက်လိုက်ခြင်းကလည်း အရင်က NLD ပါတီဝင်တွေကို နိုင်ငံရေးအရ နှိပ်ကွပ်ခဲ့တဲ့ဥပဒေတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ဥပဒေပြဋ္ဌာန်းတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးရှိစေချင်တယ်ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ တရားဥပဒေရဲ့ ကာကွယ်မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ ဦးတည်တာကို ပြောတာပါ။ တရားဥပဒေဆိုတာဟာ တရားမျှတရမယ်။ ကောင်းမွန်တဲ့သက်ရောက်မှုရှိနိုင်တဲ့ ဥပဒေတွေရှိရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ တရားစီရင်ရေး မဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနဲ့ပတ်သက်လို့ ဆိုလို့ရှိရင် တရားမျှတမှု ရှိရမယ်။ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။ တရားမျှတမှု ဆိုတာဟာ၊ မျှတတဲ့ တရားစီရင်ခြင်း ဆိုတာဟာအဆို ရှိပါတယ်။ လုပ်ရုံတင်နဲ့ မပြီးဘူး။ လုပ်ပါတယ်ဆိုတာ ထင်ရှားရမယ်။ တရားမျှတရုံနဲ့ မလုံလောက်ဘူး။ တရားမျှတခြင်း ရှိပါတယ်ဆိုတာ ထင်သာမြင်သာ ဖြစ်ရပါလိမ့်မယ်။ အဲဒါကတော့ အခြေခံ တစ်ခုပါပဲ။ နောက်တစ်ခုက တရားဥပဒေစိုးမိုးရေးအတွက် အင်မတန် အရေးကြီးတဲ့ မူတစ်ခုကတော့ မည်သူမဆို အပြစ်ရှိတယ်ဆိုတာကို ခိုင်လုံတဲ့ သက်သေသာဓက မရှိလို့ရှိရင် အပြစ်မဲ့လို့ သတ်မှတ်ရပါလိမ့်မယ်။ ဒါဟာ တရားဥပဒေရဲ့ အခြေခံလိုအပ်တဲ့မူတစ်ခု ရှိပါတယ်။ အပြစ်ရှိတဲ့ လူများပင်လျှင် တရား ဥပဒေအရစီရင်တဲ့အခါမှာ တရားဥပဒေ ထိရောက်မှုကို အကြင်နာ၊ ကရုဏာနဲ့ ပျော့ပျောင်းအောင် လုပ်ရမယ်ဆိုတဲ့ အဆိုလည်း ရှိပါတယ်။ ဒီလိုအကြင်နာ၊ ကရုဏာနဲ့ တရားဥပဒေရဲ့ ထိရောက်မှုကို ပျော့ပျောင်းအောင်လုပ်တဲ့ ခြေလှမ်းတစ်ခု အနေနဲ့လည်း ကျွန်မတို့ သမ္မတကြီး ကနေပြီးတော့ ဒီနှစ်သစ်ကူး အခါသမယမှာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စတွေကို လက်မှတ်ထိုးပြီးတော့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ တရားဥပဒေစိုးမိုးရေးဆိုတာဟာ ပြည်သူတွေကို ကာကွယ်ဖို့၊ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးဖို့ ဖြစ်ပါတယ်။ ပြည်သူတွေကို ချုပ်ချယ်ဖို့ မဟုတ်ပါဘူး။ ဖိနှိပ်ဖို့ မဟုတ်ပါဘူး။ တချို့တွေက ဥပဒေဆိုရင် ကြောက်ကြပါတယ်။ ဥပဒေဆိုတာ ပြည်သူကို ဖိနှိပ်ဖို့လို့ ထင်ကြပါတယ်။ ဒီလို မဟုတ်ပါဘူးဆိုတာ ကျွန်မအနေနဲ့ ရှင်းလင်းပြီးတော့ ပြောချင်ပါတယ်”ဟု သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥပဒေဆိုတာ ပြည်သူကို ချုပ်ခြယ်ဖို့၊ ဖိနှိပ်ဖို့ မဟုတ်ဘူးဆိုတာကို ပြောကြားထားပါတယ်။ လက်ရှိအချိန်မှာ ပြည်သူလူထုကို အဓိက ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတစ်ခု ရှိနေပါတယ်။

အဲဒီဥပဒေကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ပဲ ဖြစ်ပါတယ်။ အရင် ဦးသိန်းစိန်အစိုး ရလက်ထက်မှာ အဲဒီပုဒ်မနဲ့ တရားစွဲဆိုခံရသူ ခုနစ်ဦးသာရှိပေမယ့် လက်ရှိ  NLD အစိုးရလက်ထက်မှာတော့ ၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်အထိ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ စာရင်းတွေအရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း ၈၁ မှုရှိသွားပြီလို့ သိရပါတယ်။ ဒီပုဒ်မနဲ့  တရားစွဲဆိုမှု များပြားလာတဲ့အတွက် ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် ဥပဒေပညာရှင်တွေကပါ ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်မှာတော့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) ကိုထုတ်ပြန်ခဲ့ပြီး အဲဒီမူကြမ်းမှာ ပြင်ဆင်ချက် ခြောက်ချက်ပါရှိလာပါတယ်။

ဒီ ဥပဒေ (မူကြမ်း) မှာ ပါရှိတဲ့ ပြင်ဆင်ချက် ခြောက်ချက်အနက် လူပြောများပြီး ဝေဖန်မှုအများဆုံးခံနေရတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) လည်း ပါဝင်ခဲ့ပါတယ်။ ဒီလိုပုဒ်မ ၆၆ (ဃ) ရဲ့ ပြင်ဆင်ထား တဲ့အချက်ထဲမှာ မူလဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်းနဲ့ မလျော်သြဇာသုံးခြင်းဆိုတဲ့ အချက်တွေ မပါဝင်တော့တာကို တွေ့ရပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၀ ကို ပြင်ဆင်ရာမှာလည်း ဥပဒေပါပြစ်မှုများကို ရဲအရေးပိုင် အဖြစ်သတ်မှတ်ရန်၊ ပုဒ်မ ၆၆ ပုဒ်မ ခွဲ (ဂ)၊ (ဃ)နဲ့ ပုဒ်မ ၆၈ ပုဒ်မခွဲ(က)တို့ပါ ပြစ်မှုတွေမှတစ်ပါး ကျန်ပြစ်မှုများကို တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရယူရန်၊ ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ ပုဒ်မခွဲ (က)၊(ခ)နဲ့ (ဃ) တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်ရန်နဲ့ မည်သည့်တရားရုံးမျှ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) ပါ ဆက်သွယ်ရေးကွန် ရက်တစ်ခုခုကိုအသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံရသူကဖြစ်စေ၊ တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရလို့ ပြင်ဆင်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

ဒီဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို သြဂုတ် ၂ ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။ ပုဒ်မ ၆၆ (ဃ) ပယ်ဖျက်ဖို့ ဆွေးနွေးချက်ကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၂၇ မဲ၊ ကန့်ကွက်မဲ  ၄၇ မဲ၊ ကြားနေမဲရှစ်မဲ ဖြစ်တဲ့အတွက် ဆွေးနွေးချက် ရှုံးနိမ့်ခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အား ပယ်ဖျက်ရန်ဆွေးနွေးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ ဦးရဲထွဋ်က “ဒီနေ့ အဆုံးအဖြတ်က ဒီမိုကရေစီအရေး ရေချိန်မြင့်လား၊ နိမ့်လားဆိုတာကတော့ ဒီဥပဒေအတည်ဖြစ်ပြီးရင် နောက်လာမယ့် နှစ်ကာလတွေမှာ အဖြေပေါ်လိမ့်မယ်လို့ ယူဆတာပေါ့လေ” လို့ လွှတ်တော်နားချိန်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဌေးဦးကတော့ အမျိုးသားလွှတ်တော်ရဲ့ အဆုံးအဖြတ်ဟာ ပြည်သူ့အသံလွှတ်တော် အသံဆိုတာနဲ့ လွဲနေတယ်လို့ ပြောပါတယ်။

“အမျိုးသားလွှတ်တော်ရဲ့ အခု အဆုံးအဖြတ်ဟာ လွှတ်တော်အသံ၊ ပြည်သူ့အသံဆိုတဲ့ဟာနဲ့ လွဲနေတယ်လို့ ကျွန်တော်မြင်တယ်။ ပြည်သူတွေကဒါကို တရားမျှတမှုမရှိလို့၊ နစ်နာတဲ့လူတွေရှိလို့ ပယ်ဖျက်ချင်တယ်။ ဒါကို ကိုယ်စားမပြုတဲ့ ဆုံးဖြတ်ချက်ပဲလို့ ဒီလိုပဲ ကျွန်တော် မြင်တယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီကို  လက်ခံထားတဲ့အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုတော့ ကျွန်တော်တို့က ငြင်းခွင့်မရှိဘူးပေါ့။ အဲဒီအနေအထားတော့ ဖြစ်သွားတာပေါ့” လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၃) မှ ဦးခင်မောင်လတ်ကလည်း “အရင်ဥပဒေနဲ့ သိပ်မထူးဘူး။ အတည်ပြုလိုက်တော့လေ။ ဦးတို့ ဆွေးနွေးတာကို နည်းနည်းပြုပြင်ပေးရင်တော့ မဆိုးဘူး။ တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ပြည်သူလူထုနဲ့ မီဒီယာလောက အခုက ဘာမှမထူးဘူး။ အဲဒီဝန်ကြီးဌာနတင်တာနဲ့ ဥပဒေကြမ်းနဲ့က ဘာမှမထူးဘူး။ ဒီဥပဒေကြမ်းကို အစကတည်းက မဆွေးနွေးစေချင်တဲ့ သဘောရှိတယ်။ ခါတိုင်းဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးတယ်ဆိုရင် အဲဒီမှာ စာရင်းပေးလို့ရတယ်။ ဒီဆွေးနွေးမယ့်သူ စာရင်းလက်ခံတဲ့ ဝန်ထမ်းတွေက မလာဘူး။ ဆိုတော့ သိပ်မဆွေးနွေးစေချင်တဲ့ သဘောရှိတယ်။ နောက်ဥပဒေကြမ်းဆွေးနွေး ဖို့ဟာကို တစ်ရက်ကြိုပေးထားရမှာ မပေးဘူး။ ဒီနေ့မှပေးတယ်။ အဲဒါ သိပ်မရိုးသားချင်ဘူး။ နောက်မဲပေး တဲ့စနစ်တွေလည်း ရှုပ်ထွေးတာ။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ် အသစ်တွေပေါ့။ ဒီနှစ်အတွင်း လာတဲ့ဟာတွေ ခေါင်းရှုပ်ထွေးတဲ့ဟာတွေ သိပ်အတွေ့အကြုံမရှိသေးဘူး။ ရှင်းပြဖို့လိုတယ်။ လွှတ်တော် ဥက္ကဋ္ဌကဖြစ်ဖြစ်၊ ဥပဒေကြမ်းကော်မတီကဖြစ်ဖြစ် ရှင်းပြဖို့လိုတယ်။ မရှင်းပြဘူးဆိုတော့ မဲထည့်တာ မှားမှားယွင်းယွင်းတွေ ဖြစ်သွားနိုင်တယ်။ ပေါ်ပေါက်နိုင်တယ်။ ဒါပေမဲ့ စနစ်တကျကြီး လုပ်ထားလည်း သိပ်မထူးဘူး။ အကုန်လုံးညှိပြီးသား မနေ့ညနေက ညှိထားတဲ့သဘော။  ဥပဒေကြမ်းကော်မတီရဲ့ ဟာသာလျှင် အတည်ဖြစ်တယ်ပေါ့။ ပြည်သူတွေ သိပ်ကြိုက်မှာ မဟုတ်ဘူး။ လူတိုင်းက ဖုန်းကိုင်တာကို။ ဖုန်းနည်းနည်း ထိလိုက်တာနဲ့ မှားသွားနိုင်တယ်။ အဲဒီ Facebook ကိုင်တဲ့၊ တင်တဲ့သူတိုင်းက တရားခံဖြစ်သွားနိုင်တယ်။ အချိန်မရွေး။ ဆရာတို့ အပါအဝင်ပေါ့။ ပြည်သူတွေကြိုက်မှာ မဟုတ်ဘူး။ မီဒီယာလောကဆို အကုန်လုံး မကြိုက်ဘူး။ အခုဟာက အာဏာရှိတဲ့သူတွေ၊ ပုဂ္ဂိုလ်တွေ၊ အာဏာရှင်ဟောင်းတွေကို အကူအညီပေးတဲ့ ကူညီရာရောက်သွားတာပဲ။ လွှတ်တော်ထဲမှာ ရောက်နေတာလည်း အဲဒီအာဏာရှိတဲ့သူ ကတစ်ဖက် အဲဒီလိုဖြစ်သွားတယ်။ အဟောင်းရော၊ အသစ်ရော။ နိုင်သည်ဆိုတာနဲ့ ပြည်သူလူထုက အကျိုးမခံစားရဘူး။ ဥပဒေက လက်ရှိအစိုးရကို ဘက်လိုက်တာကို ပြောမယ်ဆိုရင် အခုစွဲတာတွေလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က တက်စွဲတော့ ဘယ်တရားသူကြီးက အာမခံပေးတော့မှာလဲ။ အာမခံ ပေးနိုင်သည်ဆိုတာနဲ့ မရဘူးပေးကို ပေးရမယ်ဆိုတာမျိုးပါမှ လူထုကအကျိုးခံစားရမယ်။ မီဒီယာသမားတွေ အကျိုးခံစားရမယ်။ ဒါဖျက်ကိုဖျက်ရမှာပဲလေ” လို့ မဲခွဲဆုံးဖြတ်အပြီး လွှတ်တော်ရပ်နားထားချိန်မှာ မီဒီယာတွေရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဆက်သွယ်ရေးဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပေမယ့် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးအတည်ပြုဖို့ ကျန်ရှိနေပါသေးတယ်။ တကယ်လို့သာ ပြည်သူ့လွှတ်တော်က ပုဒ်မ ၆၆ (ဃ) ပယ်ဖျက်ရေးကို လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ဆန္ဒတွေဟာ ပြည့်ဝနိုင်ခြေရှိနေပါတယ်။

ဒါကြောင့် ပြည်သူတွေက ဖျက်သိမ်းဖို့တောင်းဆိုနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ပြည်သူ့လွှတ်တော်က NLD အမတ်တွေအနေနဲ့  “ပြည်သူ့အသံလွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့ လိုအပ်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတဲ့လွှတ်တော်ရဲ့ ဆောင်ပုဒ်အတိုင်း ဆောင်ရွက်နိုင်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရုံသာ ရှိပါတော့တယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါက်တာညိုညိုသင်းက “အမျိုးသားလွှတ်တော်ကတော့ ပြည်သူ့လွှတ်တော်နဲ့ယှဉ်ရင် လွှတ်တော်ကိုယ်စားလှယ်က နည်းတယ်ပေါ့။ အဲဒီတော့ အမျိုးသားလွှတ်တော်မှာ ပြည်သူဘက်က ရှုံးတာနဲ့ ရှုံးသွားတယ်လို့ ပြောလို့မရသေးဘူး။ ပြည်သူ့လွှတ်တော် ကျန်သေးတယ်။ ဒါပေမဲ့ အခုလိုမျိုး ဗွေဆော်ဦး ပြည်သူ့အခွင့်အရေးရပိုင်ခွင့် ဆုံးရှုံးသွားတယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ Freedom of Expression ဆိုတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ နိုင်ငံသားတွေရဲ့ တကယ့်အခြေခံ မူလအခွင့်အရေးလေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတောင်မှ နိုင်ငံသားတွေရဲ့အခွင့်အရေးတစ်ရပ်အနေနဲ့ အာမခံထားတယ်။ အဲဒီတော့အခု ဒီမိုကရေစီ လွှတ်တော်ကလည်းပဲဒါကို အားကောင်းမောင်းသန်ဖြစ်ဖို့၊ ဒီအခွင့်အရေးပေါ့။ လွတ်လပ်စွာ မိမိရဲ့ထင်မြင်ယူဆချက်ကို အများသူငှာ မထိခိုက်စေဘဲနဲ့၊ ပြည်သူလူထု အကျိုးစီးပွားမထိခိုက်စေဘဲနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို ပြည်သူ့လွှတ်တော်က ကာကွယ်စောင့်ရှောက်ဖို့ လိုတာပေါ့။ အမျိုးသားလွှတ်တော်မှာတော့ ရှုံးသွားပြီ။ ပြည်သူ့လွှတ်တော်မှာတော့ ဆက်ပြီးတော့ တိုက်ပွဲဝင်ဖို့ လိုသေးတယ်” လို့ ပြောကြားပါတယ်။

Most Read

Most Recent