■ ဂျာမနီ ၂-၁ ဆွီဒင်
တကယ်ကိုရင်ခုန်စရာကောင်းတဲ့ အကြိတ်အနယ်ရှိတဲ့ ပွဲဖြစ်ခဲ့ပြီး လက်ရှိချန်ပီယံတို့ရဲ့ နောက်ဆုံးမိနစ်အထိတိုက်ပွဲဝင်စိတ်ဓာတ်ကိုတွေ့ခဲ့ရပါတယ်။
အဖွင့်ပွဲမှာ ရှုံးနိမ့်ထားတဲ့အသင်းနဲ့ အနိုင်ရထားတဲ့အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ တကယ်ကိုပဲနောက်တစ်ဆင့်အတွက်အရေးပါခဲ့ပါတယ်။ ဂျာမနီဟာ အဖွင့်ပွဲက လူစာရင်းကို အပြောင်းအလဲများစွာလုပ်ခဲ့ပြီး ခြေစွမ်းမပြနိုင်ဘဲ ဝေဖန်ခံနေရတဲ့ အိုဇေးလ်၊ ခီဒီယာတို့နေရာမှာ မာကိုရွိုက်စ်နဲ့ ရူဒီတို့ကစားခဲ့ပြီး ဒဏ်ရာရသွားတဲ့ ဟမ်းမဲလ်နေရာမှာ ရူဒီဂါကစားခဲ့ပါတယ်။
ဆွီဒင်အသင်းကတော့ တောင်ကိုရီးယားကိုအနိုင်ရခဲ့တဲ့ ပွဲကလူစာရင်းကိုပဲအဓိကအားပြုပြီး နောက်ခံလူ ယန်ဆန်နေရာမှာ လင်ဒီလော့ဖ်ကိုကစားစေတာကလွဲလို့ အပြောင်းအလဲမရှိခဲ့ပါဘူး။
ကြိုတွေးထားတဲ့အတိုင်း ဂျာမနီအတွက် ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ဂျာမနီဟာ ပထမပိုင်းတစ်ပိုင်းလုံး ကစားကွက်တည်မရခဲ့ဘဲ ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။ ဆွီဒင်အသင်းကတော့ တောင်ကိုရီးယားနဲ့ ပွဲကထက်ပိုမိုကောင်းမွန်တဲ့ ကစားပုံကိုပြခဲ့တယ်။ ဂျာမနီအသင်းကို မာမာထန်ထန်နဲ့ တုံ့ပြန်ခဲ့တယ်။ တန်ပြန်တိုက်စစ်ကိုလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။
ပွဲအစပိုင်းမှာပဲ ဆွီဒင်တို့ ပယ်နယ်တီရနိုင်တဲ့ အခွင့်အရေးရှိခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။ နော်ယာနဲ့ တစ်ဦးချင်းအတွေ့ ဆွီဒင်တိုက်စစ်မှူး မားကပ်စ်ဘတ်ချ်ကို ဘိုတန်တားဆီးရာမှာ သိသိသာသာကြမ်းခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပါဘူး။ ဆက်တိုက်ဆိုသလို ဆွီဒင်တို့ရဲ့ ကစားအားကိုမြင်ခဲ့ရပြီး အဖွင့်ဂိုးကိုလည်း ဆွီဒင်အသင်းကပဲ ရရှိခဲ့ပါတယ်။ ပွဲချိန် (၃၂)မိနစ်မှာ ကလာဆန်ရဲ့ပေးပို့မှုကို တွိုင်ဗိုနန်က ရင်ဘတ်နဲ့ထိန်းပြီး ဂျာမနီဂိုးသမားနော်ယာကို ကျော်ဖြတ်ပြီး လှလှပပသွင်းယူခဲ့တာပါ။ ဂိုးပေးလိုက်ရပေမယ့် ဂျာမနီတို့ ပထမပိုင်းပြီးတဲ့အထိ ပုံစံကောင်းကိုမပြသနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းမှာတော့ ဂျာမနီတို့ ကစားကွက်တည်ဖို့ကြိုးစားလာခဲ့ပြီး အခွင့်အရေးတွေလည်း ရလာခဲ့ပါတယ်။ ဆွီဒင်အသင်းကတော့ အနိုင်ဂိုးကို ထိန်းဖို့နဲ့ ဂိုးမပေးရဖို့အတွက်ပဲ ဦးတည်ကစားလာပါတယ်။ ဒါကြောင့်လည်း ဒုတိယပိုင်းစပြီး (၃)မိနစ်အကြာမှာပဲ ဂျာမနီတို့ ချေပဂိုးရခဲ့ပါတယ်။ ပွဲချိန် (၄၈)မိနစ်မှာ ဝါနာရဲ့ပေးပို့မှုကနေ ဂိုးမက်ဇ်နဲ့ထိပြီး ထွက်လာတာကို မာကိုရွိုက်စ်က ပြေးပိတ်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ မာကိုရွိုက်စ်ရဲ့ ဂျာမနီအသင်းအတွက် ပထမဆုံးကမ္ဘာ့ဖလားသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။
ချေပဂိုးရပြီးချိန်မှာ ဂျာမနီတို့ အနိုင်ဂိုးအတွက် အားတင်ကစားလာခဲ့ပေမယ့် ဆွီဒင်အသင်းရဲ့ နောက်တန်းနဲ့ ဂိုးသမားက အကောင်းဆုံးပုံစံမှာရှိနေသလို ဂျာမနီတိုက်စစ်မှူးတွေဖြစ်တဲ့ ဂိုးမက်ဇ်၊ ဝါနာနဲ့ မာကိုရွိုက်စ်တို့ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့လို့လည်း အနိုင်ဂိုးနဲ့ ဝေးနေခဲ့ပါတယ်။ ပွဲချိန် (၈၂)မိနစ်မှာ ဂျာမနီနောက်ခံလူ ဘိုတန် (၂)ဝါ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဂျာမနီတို့ ပိုဖိအားများသွားခဲ့ပါတယ်။ ဘိုတန်ရဲ့ အနီကတ်ဟာ ဒီပြိုင်ပွဲရဲ့ဒုတိယမြောက်အနီကတ်ဖြစ်ပြီး ဟမ်းမဲလ်ဒဏ်ရာရနေချိန်မှာ ဘိုတန်အနီကတ်ထိခဲ့တာက လာမယ့်ပွဲစဉ်တွေမှာ ဂျာမနီရဲ့ ခံစစ်ပိုင်းအတွက်တော့ ဖိအားတွေပါပဲ။
ပွဲပြီးဖို့နီးလာတာနဲ့အမျှ ဂျာမနီတို့ အနိုင်ဂိုးအတွက် ပိုပြီးဖိဖိစီးစီးကစားခဲ့သလို အပိုင်ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ လူစားဝင်လာတဲ့ ဘရန့်ရဲ့အဝေးကန်ချက် တိုင်ထိထွက်ခဲ့သလို၊ ဂိုးမက်ဇ်ရဲ့အပိုင်ခေါင်းတိုက်ချက်ကိုလည်း ဆွီဒင်ဂိုးသမား အော်လ်ဆင်ကာကွယ်နိုင်ခဲ့လို့ ဂျာမနီတို့အတွက်တော့ အစိုးရိမ်ရဆုံးအနေအထားဖြစ်လာခဲ့ပါတယ်။
မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပို (၄)မိနစ်မှာတော့ ဂျာမနီတို့ ဆွီဒင်အသင်းရဲ့ ဂိုးစည်းနားမှာပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ဒီပြစ်ဒဏ်ဘောကို မာကိုရွိုက်စ်နဲ့ အပေးအယူလုပ်ပြီး တိုနီကရို့စ်က ထောင့်ဖြတ်အနေအထားကနေ လှလှပပကန်သွင်းသွားခဲ့ပြီး လက်ရှိချန်ပီယံရဲ့ နောက်တစ်ဆင့်တက်ရောက်ရေး အိပ်မက်ကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။