Photo: Metro
ITV တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးသပ်သူအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် ပြင်သစ်နောက်ခံလူဟောင်း အီဗရာက ဖိအားများအပေါ် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ ကိုင်တွယ်ဖြေရှင်းပုံ ကွာခြားချက်အား ပြောကြားခဲ့သည်။
အီဗရာက ပြီးခဲ့သည့်ပွဲစဉ်များတွင် အာဂျင်တီးနားနှင့် ပေါ်တူဂီ အသင်းတို့၏ ရလဒ်များမှာ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ အပေါ်တွင် မူတည်ကြောင်းလည်း ဆိုခဲ့သည်။
အီဗရာက " သူတို့အသင်းတွေရဲ့ ရလဒ်တွေဟာ သူတို့နှစ်ဦးနဲ့ ဆိုင်ပါတယ်။ ဒါကို ခင်ဗျားတို့လည်း မြင်ပြီး ဖြစ်မှာပါ။ အိုက်စလန်ပွဲမှာ အာဂျင်တီးနားကစားသမားတွေဟာ မက်ဆီကို တည်ပြီး ကစားခဲ့တာ ဖြစ်တဲ့အတွက် သူ ဒီထက်ပိုပြီး ခြေစွမ်းပြသင့်ခဲ့တာပါ။ ဒါပေမဲ့ မက်ဆီ မလုပ်နိုင်ခဲ့ဘူး။ စပိန်အသင်းနဲ့ ကစားတဲ့ပွဲမှာ ပေါ်တူဂီကစားသမားတွေက စီရော်နယ်လ်ဒိုကို တည်ကစားခဲ့ပြီး စီရော်နယ်လ်ဒိုကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ စီ ရော်နယ်လ်ဒိုက မက်ဆီထက် ဖိအားဒဏ်တွေကို ပိုသဘောကျတယ်လို့ ကျွန်တော်ထင်တယ်။ အသင်းဖော်တွေ ခြေစွမ်းမပြနိုင်ဘူးဆိုရင် မက်ဆီက စိတ်တိုနေပြီ။ စီရော်နယ်လ်ဒိုကတော့ အဲဒီလို မဟုတ်ပါဘူး။ စပိန်နဲ့ပွဲမှာ စီရော်နယ်လ်ဒို ပယ်နယ်တီကန်သွားတာကို အားလုံးလည်း တွေ့မှာပါ။ သူ ဂိုးသွင်းနိုင်မယ်ဆိုတာကို စီရော်နယ်လ်ဒိုက လုံးဝသံသယမရှိဘူး။ ပြီးတော့ သွင်းလိုက်တာပါပဲ" ဟု ပြောဆိုခဲ့သည်။