အသက်ပေးရမယ့် စပ်ဆေးပြဿနာ

အသက်ပေးရမယ့် စပ်ဆေးပြဿနာ
Published 2 August 2017

Photo: AFP

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ နဲ့ ၃၀ ရက်နေ့တွေတုန်းက ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ကျင်းပတဲ့ ‘စံမညီ၊ တရားမဝင်ဆေးဝါးနှင့် ဆေးဝါးအတုတို့၏ အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လူထုပညာပေးပြပွဲ’ ကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ အခုနောက်ပိုင်းမှာ အတော်လေး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာတာ တွေ့နေရသလို ဒီလိုလူထုပညာပေးပွဲမျိုး ကျင်းပလာတာ ဒါက ဒုတိယအကြိမ်လို့လည်း သိရပါတယ်။ အစားအသောက်တွေ အရည်အသွေးမပြည့်ဝတာ၊ ဓာတုပစ္စည်းတွေ ရောနှောတာ၊ အဲဒီအပြင် အဆိုးဝါးဆုံး ကြုံတွေ့နေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ကတော့ စပ်ဆေးကိစ္စပါပဲ။ ယနေ့အချိန်ထိလည်း ဘယ်သူမှ မဖြေရှင်းနိုင်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ အနည်းငယ် ဆွေးနွေးလိုပါတယ်။

၁။ စပ်ဆေးဆိုတာ ဘာလဲ

ကျွန်တော်တို့အသုံးပြုနေကြတဲ့ ဆေးဝါးတွေကို အဓိကအားဖြင့် အမျိုးအစား သုံးမျိုး ခွဲခြားနိုင်ပါတယ်။

(၁) ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူသောက်သုံးလို့ရတဲ့ ဆေးဝါးတွေ (OTC- Over the counter drugs)
(၂) ဆရာဝန်လက်မှတ်ပါမှ ဝယ်လို့ရတဲ့ ဆေးဝါးတွေ (POM- Prescription only medicine) နဲ့
(၃) ထိန်းချုပ်ဆေးဝါး (Controlled drugs) တို့ ဖြစ်ပါတယ်။

ပထမအမျိုးအစားကိုသာ ဆရာဝန်နဲ့ မပြဘဲ သောက်လို့ရပေမယ့် နောက်အမျိုးအစားနှစ်ခုကတော့ ဆရာဝန်လက်မှတ်ပါမှ ရပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ဆီမှာ တွင်တွင်ကျယ်ကျယ် ရောင်းနေကြတဲ့ စပ်ဆေးတွေထဲမှာတော့ အဲဒီအမျိုးအစား သုံးခုလုံး ပါနေတတ်ပါတယ်။

နောက်ပြီး အသုံးမပြုသင့်တဲ့ ဆေးတွေကို အမျိုးအစားခွဲ ပြောကြတဲ့အခါ စံမညီဆေးဝါး၊ တရားမဝင်တဲ့ ဆေး၊ ဆေးအတု၊ ရောနှောဆေး၊ သက်တမ်းလွန်ဆေး၊ မှတ်ပုံတင်မထားတဲ့ဆေး (လိုင်းဆေးလို့ခေါ်ကြတယ်၊ မှတ်ပုံတင်ထားတဲ့ဆေးတွေထက်စာရင် ဈေးသက်သာတာမို့ ဆရာဝန်တချို့ကတောင် သုံးနေကြတယ်) ပျက်စီးနေတဲ့ဆေး၊ စသဖြင့် ခွဲခြားလို့ရပါတယ်။ ဒီစပ်ဆေးမှာတော့ အဲဒါတွေ အကုန်လုံး ပါနေနိုင်ပါတယ်။ အတုတွေလည်း ပါမယ်၊ သက်တမ်းလွန်နေတဲ့ ဆေးတွေလည်း ထည့်ချင်ထည့်ပေးလိုက်မယ်။ စံမညီတဲ့ ဆေး၊ ပျက်စီးနေတဲ့ ဆေးတွေလည်း ပါချင်ပါလာမယ်။ ဒါကြောင့်မို့ စပ်ဆေးဟာ ပြည်သူ့ကျန်းမာရေးအတွက် အန္တရာယ်သိပ်ကြီးတဲ့ ပြဿနာ ဖြစ်လာပါတယ်။

၂။ စပ်ဆေးအန္တရာယ် ဘယ်လောက်ကြီးလဲ

အဲဒီလို အကုန်ပေါင်းထည့်ပြီး ပေးလိုက်တဲ့ စပ်ဆေးတွေကြောင့် ဘာတွေဖြစ်လာနိုင်သလဲဆိုရင် ရောဂါနဲ့ဆေး လွဲတာမျိုး ဖြစ်တတ်တယ်။ ဘာလို့ဆိုတော့ တချို့သော လက္ခဏာတွေဟာ ဘာရောဂါပါလို့ တိတိကျကျ ပြောမရတတ်ပါဘူး။ ဥပမာဆိုရင် ချမ်းတုန်ဖျားတယ်ဆို ရောဂါပေါင်းမြောက်မြားစွာကြောင့် ဖြစ်နိုင်တယ်။ ဒီအခါ ချမ်းတုန်ဖျားတယ်ဆိုတိုင်း တစ်မျိုးတည်းပေးနေရင် အနာနဲ့ဆေး လွဲတတ်တယ်။ နောက်ပြီး ဒီစပ်ဆေးက ပုရွက်ဆိတ်ကို အမြောက်နဲ့ထုသလိုပါပဲ။ အဲဒီတော့ ဝေဒနာခံစားနေရတာ ခဏသက်သာသွားမယ်။ ဒါပေမဲ့ အရှင်းပျောက်သွားတာ မဟုတ်ဘူး။ ငုပ်သွားတာ။ ပိုဆိုးလာမှ သွားပြတော့ အချိန်မမီတော့တာတွေ ဖြစ်လာတယ်။ နောက်ပြီး ဆေးကို အကုန်မသောက်တော့ ရောဂါတာရှည်တယ်။ ပိုးသတ်ဆေးတွေဆို အချိန်မှန်မှန်၊ ရက်အပြည့် သောက်ရတယ်။ အဲဒီလို မသောက်ကြတော့ ကြာလာတဲ့အခါ ဆေးမတိုးတော့တာတွေ ဖြစ်လာတယ်။ ဘယ်ဆေးမဆိုလည်း ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတတ်တာမို့ ဒါကိုမသိဘဲ ကာလရှည်ကြာ စွဲသုံးတဲ့အခါ ရောဂါတွေ ထပ်ရတယ်။ အကိုက်အခဲ ပျောက်ဆေးတွေ အကြာကြီးသုံးမိလို့ အစာအိမ်ပေါက်ပြီး ဒုက္ခဖြစ်ကုန်တာတွေ မနည်းဘူး။ နောက်ဆုံး အသက်အန္တရာယ် ထိခိုက်တဲ့အထိကို စပ်ဆေးက ဒုက္ခပေးနိုင်တယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေဆို ပိုလို့တောင်မှ အန္တရာယ်များပါသေးတယ်။ ဒါကြောင့်မို့လည်း ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရှင်တွေ အားလုံးက ဒီပြဿနာကို ဇောင်းပေးပြောနေကြတာပါ။

၃။ စပ်ဆေးပြဿနာ ဘာကြောင့်ရှိနေတာလဲ

ရှင်းပါတယ်။ ဝယ်သူနဲ့ ရောင်းသူရှိလို့ ဒီစပ်ဆေးတွေ ရှိနေတာပါ။ ဒါဆို ဘာလို့ ရောင်းသူရှိတာလဲ၊ ဘာလို့ ဝယ်သူရှိတာလဲ။ အသေးစိတ်ရှင်းပါမယ်။

ဘာလို့ ရောင်းသူရှိတာလဲဆို ရောင်းလို့ရလို့ ရောင်းနေကြတာပါ။ နယ်စပ်ကနေ ဝင်လာတာတွေရှိတယ်။ ကိုယ့်နိုင်ငံထဲမှာလည်း ဒီဆေးတွေကို မထုတ်လုပ်နိုင်တော့ အတုလုပ်ဖို့၊ တရားမဝင်လုပ်ဖို့ရာ ပိုလွယ်နေတယ်။ ဖမ်းမယ့်သူ၊ အရေးယူမယ့်သူမရှိဘဲ ပြည်သူတွေကိုချည်း ဘာတွေ မစားနဲ့၊ ဘာဆေးတွေ မသောက်နဲ့ ပြောနေလို့မရပါဘူး။ လိုအပ်တဲ့ ထိန်းချုပ်မှု လုပ်ပေးဖို့လိုပါတယ်။ ခုဆို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကနေ ဖိဖိစီးစီးနဲ့ ဖမ်းဆီးသတိပေး၊ အရေးယူနေတယ် ကြားရတာ အင်မတန်မှကို ဝမ်းသာပါတယ်။ ဒါမျိုး ထိထိရောက်ရောက် အရေးယူမှုရှိမှသာ ရောင်းသူတွေ နည်းကုန်မှာပါ။ နိုင်ငံတကာမှာဆို ဆရာဝန်လက်မှတ်ပါမှ ရောင်းရမယ့်ဆေးကို ဒီအတိုင်း သွားဝယ်ကြည့်၊ ရောင်းမပေးပါဘူး။ ၁၈ နှစ်အောက် ကလေးကို ဆေးလိပ်၊ အရက်မရောင်းသလိုပေါ့။ ဒီမှာကတော့ သိတဲ့အတိုင်းပါပဲ။ ဥပဒေက သတ်သတ်၊ လူက သတ်သတ် ဖြစ်နေဆဲပါ။ ဒါ့ကြောင့်မို့ ပြည်သူဘက်ကလည်း ပူးပေါင်း ပါဝင်ပေးဖို့ လိုပါလိမ့်မယ်။ စပ်ဆေးရောင်းနေတာရှိရင် တိုင်ကြားပေးတာ၊ ကိုယ်တိုင်လည်း မဝယ်ဘဲနေတာ၊ ဒါမျိုးတွေ လုပ်ပေးဖို့လိုတယ်။ ဒီလိုဝိသမလောဘသမားတွေကို ဥပဒေပိုင်းနဲ့ရော၊ လူထုကပါ ထိထိရောက်ရောက် အပြစ်ပေးနိုင်မှလည်း ဒီလိုပြဿနာတွေ လျော့ကျသွားမှာဖြစ်ပါတယ်။

နောက်တစ်ပိုင်းကတော့ ဝယ်သူရှိတဲ့အပိုင်း။ ဘာလို့ လူတွေ ခုချိန်ထိ စပ်ဆေးပဲ သောက်နေကြသလဲ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ အင်မတန်မှကို အားနည်းပါတယ်။ ဒါနဲ့ပတ်သက်လို့ 4A နဲ့ ရှင်းပြချင်ပါတယ်။

Availability (ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမီမီရရှိမှု) - ရွာမှာ ဆရာဝန် မရှိဘူး၊ ဆရာမ မရှိဘူး၊ သူတို့နဲ့ပြမယ်ဆို တကူးတကသွားရမယ်။ စပ်ဆေးဆိုင်က အလွယ်တကူ ရှိနေတယ်၊ ဝယ်လို့ရနေတယ်။ ဒါကြောင့် ဆေးခန်း မသွားတော့ဘူး၊ စပ်ဆေးပဲ သောက်ကြတယ်။

Affordability (ငွေကြေးတတ်နိုင်မှု) - ဒါက တိုင်းပြည်ဆင်းရဲခြင်းနဲ့ ဆက်စပ်တယ်။ လူတွေက ဆင်းရဲတော့ ဆေးရုံဆေးခန်းသွားရင် ပိုက်ဆံကုန်မယ်။ ရပ်ကွက်ထဲက ဆေးခန်းလေးပဲ သွားရင်တောင် ထောင့်ငါးရာ၊ နှစ်ထောင်ကုန်တယ်။ စပ်ဆေးကျတော့ ရာဂဏန်းလောက်နဲ့ ဝယ်လို့ရတယ်။ မြန်မြန်လည်း ပျောက်တယ်။

Awareness (သတိရှိမှု) - စပ်ဆေးတွေဟာ အန္တရာယ်များပါတယ်ဆိုတဲ့အသိ ပြည်သူအများစုမှာ မရှိကြသေးဘူး။ ဒီအတွက် ကျန်းမာရေးအသိပညာပေးမှုတွေ ခပ်များများ လုပ်ရလိမ့်ဦးမယ်။ မြို့ကြီးပြကြီးတွေမှာတင် ကျွန်တော်တို့ ရပ်နေလို့မရဘူး။

Acceptability (လက်သင့်ခံနိုင်မှု) - ဒီအပိုင်းမှာတော့ ပြည်သူများရဲ့ အသိပညာနဲ့ ခံယူချက်တွေက သိပ်အရေးကြီးလာတယ်။ ပညာရေးနိမ့်ကျတဲ့ နိုင်ငံမို့ ဆင်းရဲသား ပြည်သူတွေဟာ ဆင်ခြင်နိုင်စွမ်းနည်းပါးတယ်။ ကျန်းမာရေးအသိနိမ့်တယ်။ သွေးတိုးတို့၊ ဆီးချိုတို့ဆိုတာ တစ်သက်လုံး အရှင်းပျောက်သွားနိုင်တဲ့ ရောဂါမျိုးမဟုတ်ဘူး၊ ထိန်းပဲထိန်းထားလို့ ရတယ်ဆိုတာ မသိတော့ သွေးတိုးကျဆေးတွေကို မှန်မှန်မသောက်ဘူး။ အစားအသောက် မရှောင်ဘူး။ ဖြစ်လာမှ၊ ခေါင်းမူးလာမှ မြန်မြန်သက်သာစေတဲ့ ဒီလိုစပ်ဆေးတွေကို ပြေးဝယ်သောက်တယ်။ တရားမဝင် ဆေးခန်းတွေက အရှင်းပျောက်အောင် ကုပေးမယ်ဆိုလည်း သွားကြတာပဲ။ ပယောဂဆိုလည်း ကုလိုက်တာပဲ။ လှိမ့်လုံးပတ်လုံးတွေကို တကယ်ယုံတယ်။ သိပ္ပံနည်းကျ ဆေးပညာကျတော့ လက်မခံချင်ကြဘူး။ ဒီနေရာမှာ မဖြစ်မနေ ထည့်ပြောရမှာက ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းများရဲ့ ပြောဆိုဆက်ဆံခြင်း စွမ်းရည် (Communication skill) အားနည်းမှုပါပဲ။ ဒီတော့ ဆင်ခြင်နိုင်စွမ်းအားနည်းတဲ့ လူနာတွေဟာ ပယောဂတို့၊ စပ်ဆေးတို့ဆီ ရောက်ကုန်တော့တယ်။ ဒါက တစ်ချက်။

နောက်တစ်ခုက ပြည်သူတွေရဲ့ ခံယူချက် (mindset)။ ဘာလဲဆိုတော့ ဖြစ်လာရင် မြန်မြန်ပျောက်ချင်တတ်ကြတာပဲ။ တခြားမပြောနဲ့၊ ကျွန်တော်တို့ ပရဟိတဆေးကုခရီးတွေ သွားရင်တောင် လာပြတဲ့သူတွေက ဆေးသုံးရက်သောက်ဆို မသောက်ချင်ဘူး။ ထိုးဆေးလေးထိုးလိုက်ရမှ ကျေနပ်တယ်။ တကယ်ဆို ထိုးဆေးတွေဟာ မလိုအပ်ဘဲထိုးတာ မကောင်းပါဘူး။ အထွေထွေရောဂါကု ဆေးခန်းတွေဆိုလည်း ဆရာဝန်က ထိုးဆေး ထိုးမပေးရင် အဲဒီဆေးခန်း လူနာပါးတယ်။ သွေးတိုး၊ ဆီးချိုအတွက် ဆေးမှန်မှန်သောက်ပါဆို မသောက်ဘူး၊ အစားရှောင်ဆို မရှောင်ဘူး၊ တရားမဝင်ဆေးခန်းတွေက ဒီရောဂါတွေ အမြစ်ပြတ်ကုပေးမယ်ဆို ငွေဘယ်လောက်ကုန်ကုန် ကုတယ်။ ကလေးက သွေးလွန်တုပ်ကွေးဖြစ်တယ်၊ ဆေးရုံလာလိုက်ရင် အလွယ်လေး ကုလိုက်လို့ရတယ်။ အဲဒါကို မက်ကလောင်ဖောက်လိုက်တော့ ပိုးဝင်ပြီး ကုရခက်သွားတယ်။ ကလေးလည်း မသေသင့်ဘဲ သေဆုံးရတယ်။ ဒါကြောင့် ပယောဂပါဆိုပြီး ကုရင်း သေရတာတွေ၊ မက်ကလောင်ဖောက်လိုက်လို့ ပိုးဝင်ပြီး သေရတာ၊ တရားမဝင်ဆေးခန်းတွေမှာ ငွေကုန်ပြီး အကျိုးမရှိဖြစ်ရတာ၊ စပ်ဆေးတွေ ခပ်လွယ်လွယ်သောက်ပြီး ဒုက္ခရောက်ရတာတွေအားလုံးဟာ ပြည်သူတွေရဲ့ ရောဂါဖြစ်လာရင် ချက်ချင်းအမြန်ပျောက်၊ အရှင်းပျောက်ချင်ပြီး ကိုယ့်ဘက်ကတော့ မဆင်ခြင်ချင်ကြတဲ့ အလေ့အထကြောင့်ဆိုလည်း မမှားပါဘူး။

ဒါကြောင့် စပ်ဆေးဝယ်တဲ့သူ၊ သုံးတဲ့သူတွေ မရှိတော့ဖို့ အစိုးရပိုင်းက လုပ်ဆောင်ရမှာတွေ ရှိသလို ပြည်သူတွေအနေနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာတွေ၊ လိုက်နာရမှာ၊ ပြင်ဆင်ရမှာတွေ ရှိနေပါတယ်။

၄။ စပ်ဆေးပြဿနာ ဘယ်လိုဖြေရှင်းမလဲ

အရင်ဆုံးတော့ အစိုးရမှာ တာဝန်ရှိပါတယ်။ တိုင်းပြည်ဆင်းရဲနေသရွေ့ဒါမျိုး ပြဿနာတွေ ရှိနေဦးမှာပါပဲ။ နောက်ပြီး ရောင်းတဲ့သူတွေ မရှိတော့အောင် စနစ်တကျ စစ်ဆေးမှု၊ ပိတ်ပင်မှုတွေ များများလုပ်ဖို့လိုတယ်။ ဥပဒေစိုးမိုးဖို့လိုတယ်။ ခုဆို အရင်ထက် ထိထိရောက်ရောက် ဖမ်းဆီးအရေးယူလာပြီ။ သို့သော် ဒီထက်ဒီထက် ပိုပိုပြီး လုပ်ဆောင်သွားဖို့တော့ လိုပါလိမ့်ဦးမယ်။

နောက်ပြီးရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဒီထက်ပိုအားကောင်းလာဖို့ လိုပါမယ်။ ဝန်ဆောင်မှုတွေ ရုပ်ပိုင်းဆိုင်ရာ အရရော၊ ငွေရေးကြေးရေးအရပါ ပိုလက်လှမ်းမီလာဖို့၊ နောက်ပြီး အထွေထွေရောဂါကု ဆရာဝန်များရဲ့ အခန်းကဏ္ဍကို အလေးထားပြီး သူတို့အရည်အသွေး တိုးတက်လာအောင် လုပ်ပေးဖို့လိုပါတယ်။ ပြည်သူကိုလည်း အသိပညာ များများပေးကြရလိမ့်ဦးမယ်။ ကျွန်တော်တို့ဆရာဝန်၊ ဆရာမတွေမှာလည်း ပြောဆိုဆက်ဆံမှု စွမ်းရည်တွေ တိုးတက်လာအောင် လုပ်ကြရမယ်။ စီးပွားရေးသမားတွေ လူမှုရေးအသိ ဒီထက်ရှိဖို့လိုမယ်။ ဒီထက်တာဝန်ယူတတ်ဖို့လိုမယ်။

ပြည်သူလူထုအနေနဲ့လည်း စပ်ဆေးပြဿနာ ဖြေရှင်းရေးမှာ တစ်တပ်တစ်အား ပါဝင်ဖို့လိုပါတယ်။ အရင်ဆုံးအနေနဲ့ စပ်ဆေးတွေဟာ လူရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်ဆိုတာ သိပေးပါ။ သိတဲ့အတိုင်း ရှောင်ရှားပေးပါ။ သုံးနေသူတွေ့ရင်လည်း အချင်းချင်း လက်ဆင့်ကမ်း ဝေမျှပေးပါ၊ ပြောပြပေးပါ။ စပ်ဆေးရောင်းနေတာ သတိထားမိရင်လည်း တိုင်ကြားပါ။ နေထိုင်မကောင်းဖြစ်လာရင် တတ်ကျွမ်းနားလည်သူနဲ့ ပြပါ။ ဆေးတစ်ခုခု သောက်ရတော့မယ်ဆိုတိုင်း ဆေးမှာ Expiry date ပါမပါ၊ မှတ်ပုံတင်အမှတ်ပါမပါ စစ်ဆေးပြီးမှ သောက်ပါ။ သောက်ရင်လည်း ဆရာဝန် ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာပါ။ ငါးရက်သောက်ရမှာကို သက်သာသွားပြီဆိုပြီး သုံးရက်လောက်နဲ့ မသောက်တော့ဘဲ ရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ နောက်ဆုံးတစ်ခုကတော့ ရောဂါတစ်ခုသက်သာဖို့ဟာ ဆရာဝန်နဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ လူနာဘက်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အငန်တွေစားနေသရွေ့ သွေးတိုးနေမှာပါ၊ အချိုတွေ စားနေသရွေ့ ဆီးချိုတက်နေမှာပါ။ အရက်၊ ဆေးလိပ်၊ ကွမ်းမရှောင်နိုင်သရွေ့၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်သရွေ့ ဆေးဘယ်လောက်ကုကု သွေးတိုး၊ နှလုံး၊ ဆီးချိုတွေ ဖြစ်နေမှာပါ။ ဒါကို သဘောပေါက်ကြစေချင်ပါတယ်။ ရောဂါရှာဖွေရတာတွေအတွက်လည်း စိတ်ရှည်သည်းခံပေးပါ။ အလွယ်လမ်းမလိုက်ပါနဲ့။ အဲဒီအလွယ်လမ်းတိုင်းရဲ့အဆုံးမှာ ရောဂါပျောက်ကင်းခြင်းဆိုတာ မရှိဘဲ ဒီထက်ပိုဆိုးတဲ့ ပြဿနာများသာ စောင့်ကြိုနေတာပါ။ ဒါကြောင့်မို့ ကိုယ့်ရောဂါတွေ ယူပစ်သလို ပျောက်သွားစေမယ့် နည်းလမ်းတွေကို မျှော်လင့်နေမယ့်အစား ကိုယ့်ဝေဒနာတွေ သက်သာဖို့အတွက် ကိုယ်တိုင် ပူးပေါင်း ပါဝင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

Writter: ဒေါက်တာဖြိုးသီဟ

Most Read

Most Recent