ခြောက်နှစ်ကြာ အဖြေရှာမရခဲ့တဲ့ X2O သြင်္ကန်ရေကစားမဏ္ဍပ် ဗုံးကွဲမှုပုစ္ဆာ

ခြောက်နှစ်ကြာ အဖြေရှာမရခဲ့တဲ့ X2O သြင်္ကန်ရေကစားမဏ္ဍပ် ဗုံးကွဲမှုပုစ္ဆာ
Published 10 July 2017

၀၁၀ ပြည့်နှစ် မြန်မာနှစ်ကူးကာလ ဧပြီ ၁၅ ရက် (သြင်္ကန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ ရေကစားမဏ္ဍပ်တစ်ခုရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားရာ ရေကစားနေကြသူအချို့ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုနေ့က ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်း (ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်) ကရဝိက်ဝင်ပေါက်အနီးရှိ X2O ရေကစားမဏ္ဍပ်ရှေ့တွင်  ညနေ ၃ နာရီ ၅ မိနစ်ခန့်မှစ၍ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ယင်းပေါက်ကွဲမှုကြောင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၇၅ ဦး စုစုပေါင်း ၁၇၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ခဲ့သည်။

အဆိုပါပေါက်ကွဲမှုမှာ မဏ္ဍပ်ပေါ်တွင် ပေါက်ကွဲခြင်း မဟုတ်ဘဲ မဏ္ဍပ်ရှေ့ရှိ လမ်းမပေါ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားကြသည်။ ယင်းနေ့ ညနေပိုင်းတွင် မဏ္ဍပ်များအားလုံးမှာ အရေးပေါ် ပိတ်သိမ်းခဲ့ရသည်။

အင်းလျားလမ်းတွင် ရေကစားမဏ္ဍပ်များ ဆောက်ခွင့်မပြုတော့ဘဲ ကန်ပတ်လမ်းတွင်သာ မဏ္ဍပ်များကို ဆောက်လုပ်ခွင့်ပြုပြီးနောက် အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းဗုံးကွဲမှုကြောင့် သြင်္ကန်နောက်ဆုံးရက်ဖြစ်သော သြင်္ကန်အတက်နေ့တွင် စည်ကားခြင်းမရှိတော့ဘဲ လုံခြုံရေးတင်းကျပ် တိုးမြှင့်ခြင်းများကိုလည်း ပြုလုပ်ခဲ့ရသည်။ ယင်း ဗုံးကွဲမှုမှာ နောင်နှစ်သြင်္ကန်များထိတိုင်အောင် ခြောက်လှန့်မှုတစ်ခုဖြစ်ခဲ့ပြီး အနီးစပ်ဆုံး ၂၀၁၁ သြင်္ကန်ပွဲတော်တွင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ရေကစားခဲ့ကြရသည်။

Most Read

Most Recent