ပဲခူးတိုင်းဒေသကြီးအတွင်း၌  တစ်နှစ်တာကာလအတွင်း မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၇၀ ဘီလီယံကျော် ဖမ်းဆီးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီးအတွင်း၌  တစ်နှစ်တာကာလအတွင်း မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၇၀ ဘီလီယံကျော် ဖမ်းဆီးနိုင်ခဲ့
ပုံစာ။ ပဲခူးမြို့ မြို့တော်ခန်းမ၌ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနေသည်ကိုတွေ့ရစဉ်
ပုံစာ။ ပဲခူးမြို့ မြို့တော်ခန်းမ၌ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနေသည်ကိုတွေ့ရစဉ်
Published 27 June 2026

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ပြီးခဲ့သော ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၇၀ ဘီလီယံကျော်အထိ ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးများကို လျှို့ဝှက်သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေကြတာကြောင့် တားဆီးနှိမ်နင်းရေးအဖွဲ့များနှင့်အတူ မိဘပြည်သူများက ကူညီလက်တွဲ ဆောင်ရွက်ပေးကြပါရန် ဇွန်လ ၂၆ ရက် နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုက ပြောကြားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အနေဖြင့်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့အထိ အမှုပေါင်း ၃၂၄ မှုမှ တရားခံကျား ၃၇၆ ဦး၊ မ ၈၈ ဦး၊ ပေါင်း ၄၆၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဘိန်းဖြူ ၇၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇ သိန်းကျော်၊ ဆေးခြောက် ၂၈၉ ကီလို ကျော်၊ အိုက်စ် ၂၄၀၀ ကီလိုကျော်၊ ကတ်တမင်း ၈၁ ကီလိုကျော်၊ စိတ်ပြောင်း ဆေးဝါး (Happy Water) ၄.၅ ကီလို၊ ဘိန်းစာရွက်(အစို) ၆.၁ ကီလို စုစုပေါင်း တန်ဘိုး မြန်မာငွေကျပ် ၁၇၀ ဘီလီယံကျော် ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ထူးခြားမှုအနေဖြင့် မူးယစ်ဆေးဝါး ဘိန်းဖြူ၊ စိတ်ပြောင်းဆေးဝါး (ကတ်တမင်း နှင့် Happy Water) တို့အား အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုမှ အခမ်းအနားတွင် ပြောကြားချက်အရသိရသည်။

ထို့အပြင် ပြည်သူ လူထုအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း နှင့် မူးယစ်ဆေးဝါးများကို လျှို့ဝှက်သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေကြတဲ့အတွက် တားဆီးနှိမ်နင်းရေးအဖွဲ့များနှင့်အတူ မိဘပြည်သူများက ကူညီလက်တွဲ ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုပါကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုက အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူတို့အား တာဝန်ရှိသူများက ဆုချီးမြင့်ပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း ၊အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ကျင်းပခဲ့သည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ရေတာရှည်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် အမှတ်(၁) ဦးထွန်းကိုကိုက “မိမိတို့ တိုင်းဒေသကြီး အတွင်း စိတ်ကြွရူးသွပ်ဆေးပြား (WY) ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန် စနစ်တကျစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/ မရှိ" မေးခွန်းအားမေး မြန်းခဲ့ကြောင်းသိရသည်။

အဆိုပါမေးခွန်းအား ဆက်စပ်၍ မိမိတို့တိုင်းပြည် ပြည်တွင်းမငြိမ်သက်မှုကို အခွင့်ကောင်းယူကာ ဒုစရိုက်သမားများ၏  နည်းလမ်းပေါင်းစုံဖြင့် စိတ်ကြွရူးသွပ်ဆေးပြား WY များကိုသယ်ယူကာ ယခင်ကာလများထက် တွင်တွင်ကျယ်ကျယ်ရောင်းဝယ်ဖောက်ကားသုံးစွဲလျှက်ရှိနေသည်ကိုလေ့လာတွေ့ရှိရကြောင်း၊  စိတ်ကြွရူးသွပ်ဆေးပြား WY များအား စျေးပေါပေါဖြင့် ဖြန့်ဖြူးရောင်းချနေခြင်းများကြောင့် အခြေခံလူတန်းစားများ လွယ်လင့်တကူ ဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေများရှိသည့်အတွက် လူငယ်များ လက်တည့်စမ်းလို့ကောင်းသည့် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီး အခြေခံလူတန်းစားများဝယ်ယူသုံးစွဲနိုင်သည့်နှုန်းထားရှိအောင်ပေါများနေခြင်းသည် မိမိတို့တိုင်းပြည် အန္တရယ်ဇုံအတွင်းသို့ ကျရောက်လျှက်ရှိသည်ကို တာဝန်ရှိလူကြီးမင်းများ သတိချပ်စေချင်ပါကြောင်း၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးအရေးယူ ဆောင်ရွက်ရာ၌ အများအားဖြင့် နဝလီ အတိုအစသမားများကိုသာ ဖမ်းမိကြပြီး လက်ကြီးသမားကွင်းဆက်တရားခံများမှာ တရားခံပြေးအနေဖြင့်သာရှိကြကာနောက်ကွယ်၌ အကျင့်ပျက် ဝန်ထမ်းတစ်ချို့၏ လာဘ်ပေးလာဘ်ယူမှုများရှိနေကြသည်ကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အကြံပြုလိုပါကြောင်း၊  စိတ်ကြွရူးသွပ်ဆေးပြားများ WY များ လွယ်လင့်တကူ ရောင်းဝယ်ဖောက်ကားမှုများကြောင့် WY သုံးစွဲမှု တိုးပွားလျှက်ရှိပြီး ၎င်း အခြေအနေများသည် လူငယ်များ၏ အနာဂတ်ကိုထိခိုက်စေခြင်း မိသားစုဘဝပြိုကွဲ​စေခြင်း ရာဇဝတ်မှုများပေါ်ပေါက်လာနိုင်စေခြင်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေနိုင်ခြင်းနှင့်တကွ တစ်မျိုးသားလုံး လူညွန့်တုံးစေနိုင်သော အခြေအနေများပေါ်ပေါက်စေနိုင်သည့်အတွက် မိမိတို့တိုင်းဒေသကြီးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား WY များ ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသုံးစွဲခြင်းများကို တားဆီးနှိမ်နင်းနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအနေဖြင့် စနစ်တကျ စီမံချက် တစ်ရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ သိလိုပါကြောင်း ဆက်စပ်မေးခွန်းအား ထည့်သွင်း မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုက ပဲခူးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု အခြေအနေများ၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု၊ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ထားမှု အခြေအနေများအား လွှတ်တော်တွင် တက်ရောက်ဖြေကြားပေးခဲ့ကြောင်း သိရသည်။



 

Most Read

Most Recent