အစ္စရေးကလက်ဘနွန်ကိုဆက်လက်တိုက်ခိုက်နေမှုများသည် အရှေ့အလယ်ပိုင်းစစ်ပွဲရပ်တန့်ရေးအတွက် အမေရိကန်နှင့်ချုပ်ဆိုထားသော သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သည်ဟုဆိုကာ သင်္ဘောအသွားအလာ အလွန်များပြားသည့် ဟော်မုဇ်ရေလက်ကြားကို ဇွန် ၂၀ ရက်တွင် တစ်ကျော့ပြန် ပိတ်လိုက်သည်ဟု အီရန်က ထုတ်ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုက နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးအသစ်ကို ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပင် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းတွင် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သလို၊ အစ္စရေးစစ်လေယာဉ်များကလည်း ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြသည်။
ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်တို့ချုပ်ဆိုခဲ့သော ဒေသတွင်းစစ်ပွဲ အလုံးစုံရပ်တန့်ရေး မူလသဘောတူညီချက်မှာ အဖတ်ဆယ်ရန် ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် တိုက်ပွဲများရပ်တန့်ရေးသည် အီရန်အစိုးရ၏ အဓိကတောင်းဆိုချက် ဖြစ်သည်။
အီရန်ဗဟိုစစ်ဌာနချုပ်က စနေနေ့တွင် ထုတ်ပြန်ရာ၌ အမေရိကန်ဘက်မှ "ကတိကဝတ် ပျက်ကွက်မှု" နှင့် "ဇီယွန်ဝါဒီစစ်တပ် (အစ္စရေး) က လက်ဘနွန်တောင်ပိုင်း၌အပစ်အခတ်ရပ်စဲရေးကို ဆက်တိုက်ချိုးဖောက်နေမှု" တို့ကို အကြောင်းပြကာ "ဟော်မုဇ်ရေလက်ကြားတစ်လျှောက် ကုန်တင်သင်္ဘောများ ဖြတ်သန်းသွားလာမှုကို ပိတ်လိုက်ပြီဟု" ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျသော အဆိုပါရေလက်ကြားကို အီရန်က စစ်ပွဲကာလတစ်လျှောက်လုံး ပိတ်ဆို့ထားခဲ့ခြင်းကြောင့် ကမ္ဘာ့စွမ်းအင်စျေးကွက်တွင် ရိုက်ခတ်မှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့ရသည်။
နောက်ပိုင်းတွင် အမေရိကန်နှင့် ကနဦးသဘောတူညီချက်ရရှိပြီးနောက် ရေလက်ကြားကို ပြန်ဖွင့်ပေးရန် အီရန်က သဘောတူခဲ့သဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သင်္ဘောများ ပြန်လည်ဖြတ်သန်းသွားလာနေစဉ် ယခုကဲ့သို့ ဟော်မုဇ်ရေလက်ကြာကိုတစ်ကျော့ပြန် ပိတ်လိုက်ခြင်း ဖြစ်သည်။
Ref:AFP
Photo- AFP















