ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီလူစာရင်း ထုတ်ပြန်ခဲ့ပြီး ဂျိုတာလည်း အတူရှိနေမှာဖြစ်ကြောင်း မာတီနက်ဇ် ပြောကြား

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီလူစာရင်း ထုတ်ပြန်ခဲ့ပြီး ဂျိုတာလည်း အတူရှိနေမှာဖြစ်ကြောင်း မာတီနက်ဇ် ပြောကြား
Photo: X
Photo: X
Published 20 May 2026

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီအသင်းရဲ့ အပြီးသတ်(၂၇)ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး ဒီယေဂိုဂျိုတာလည်း အတူရှိနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားသမားအရေအတွက် အများဆုံး(၂၆)ဦးသာခေါ်ယူသွားရမှာဖြစ်ပေမဲ့ ဂိုးသမားတွေထဲမှာ ဒဏ်ရာပြဿနာရှိလာခဲ့ရင် အစားထိုးဖို့ စတုတ္ထဂိုးသမား ရီကာဒိုဗယ်လ်ဟိုကို ထည့်သွင်းရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

ပေါ်တူဂီအသင်းကို ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမား စီရော်နယ်လ်ဒိုက ဆက်လက်ဦးဆောင်မှာဖြစ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက စီရော်နယ်လ်ဒိုအတွက် (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမှာပါ။

ပေါ်တူဂီအသင်းက လူစုံတက်စုံနဲ့ တောင့်တင်းမှုရှိနေပြီး ရူဘင်ဒီယက်စ်၊ ကန်ဆယ်လို၊ နူနိုမန်ဒက်စ်၊ ဒါလော့၊ ဘာနာဒိုဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်စ်၊ ဗီတင်ညာ၊ ဂျော်အိုဖေးလစ်၊ ရာဖေးလ်လီယာအို၊ ဂွန်ကာလိုရာမို့စ်၊ ပတ်ဒရိုနက်တိုတို့လည်း ပါဝင်ခဲ့ပါတယ်။

''ကျွန်တော်တို့ လူစာရင်းက ၂၇+၁ ပါ။ ဒီယေဂိုဂျိုတာက မေ့ပျောက်လို့မရတဲ့သူဖြစ်ပြီး သူက ကျွန်တော်တို့နဲ့အတူ ရှိနေမှာပါ။ သူက ျွန်တော်တို့ရဲ့ ခွန်အား၊ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုလည်း ဖြစ်ပါတယ်'' လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ချီလီ၊ နိုင်ဂျီးရီးယားတို့နဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

 

Most Read

Most Recent