အမျိုးသားလွှတ်တော်ရုံးတွင် ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေး၊ ယာဉ်မောင်းနှင့် ရုံးအကူ ရာထူးများအတွက် လျှောက်လွှာများ ခေါ်ယူနေကာ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့ပြီး ပုံစံ(၁၂)ရရှိပြီးသူများကို သတ်မှတ်အသက်ထက် သုံးနှစ်တိုးမြှင့်လက်ခံပေးမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ရုံးက ကြေညာထားသည်။
အမျိုးသားလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော ဖော်ပြပါရာထူးများအတွက် အရည်အချင်း၊ သတ်မှတ်ချက်ကိုက်ညီသူများ လျှောက်ထားနိုင်ကြောင်း၊ ယင်းရာထူးများမှာ ဒုတိယဦးစီးမှူး ၁၁ နေရာ (လစာနှုန်း၊ ၂၁၆၀၀၀-၂ဝဝဝ-၂၂၆၀၀၀)၊ အငယ်တန်းစာရေး ၄၈ နေရာ (လစာနှုန်း၊ ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)၊ ယာဉ်မောင်း(၅) ခုနစ်နေရာ (လစာနှုန်း၊ ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)၊ ရုံးအကူ ၁၁ နေရာ (လစာနှုန်း၊ ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) စသည်တို့ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊ ၂၀၂၆ ခုနှစ် မေ ၃၁ ရက် အသက် ၂၈ နှစ်ထက်မကျော်စေရ၊ ဘွဲ့လွန်ဖြစ်ပါက အသက်(၃၀)နှစ်နှင့် ဝန်ထမ်းဖြစ်ပါက (၃၅)နှစ် အထိခွင့်ပြုကြောင်း၊ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ပုံစံ(၁၂)ရရှိပြီးသူများသည် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ဌာနမှသတ်မှတ်အသက်ထက် သုံးနှစ်တိုးမြှင့်၍ လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယဦးစီးမှူးရာထူးနေရာအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်၊ ဝန်ထမ်းဖြစ်ပါက အနည်းဆုံးဝန်ထမ်းလုပ်သက် သုံးနှစ်ရှိသူဖြစ်ရမည် (မဟာဘွဲ့ရရှိသူများကို ဦးစားပေးခန့်ထားမည်) (ကွန်ပျူတာကျွမ်းကျင်မှုအား ရေးဖြေ/လက်တွေ့ စစ်ဆေးပါမည်)၊ အငယ်တန်းစာရေးရာထူးနေရာအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်၊ (ကွန်ပျူတာကျွမ်းကျင်မှုအား လက်တွေ့ စစ်ဆေးပါမည်)၊ ယာဉ်မောင်း(၅)ရာထူးနေရာအတွက် “ခ” အဆင့်ယာဉ်မောင်းလိုင်စင်ရှိသူဖြစ်ရမည် (ကျွမ်းကျင်မှုအားလက်တွေ့စစ်ဆေးပါမည်)၊ ရုံးအကူရာထူးနေရာအတွက်အနည်းဆုံး အခြေခံပညာအလယ်တန်း အဆင့်အောင်မြင်ပြီးသူဖြစ်ရမည် (လူတွေ့စစ်ဆေးပါမည်)၊ ဒုတိယဦးစီးမှူးရာထူးနေရာအတွက် အမျိုးသားလွှတ်တော်ရုံးတွင် အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှထုတ်ပယ်ခြင်း (Removal)၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာ ပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိကြောင်း သိရသည်။
လျှောက်ထားသူများသည် ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည်တော်သို့ ဒုတိယဦးစီးမှူးရာထူးနေရာအတွက် လျှောက်လွှာကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်နောက်ဆုံးထား၍ သော်လည်းကောင်း၊ ကျန်ရာထူးနေရာများအတွက်လျှောက်လွှာကို ဇွန် ၁ ရက် နောက်ဆုံးထား၍သော်လည်းကောင်း ဖော်ပြပါစာရွက်စာတမ်းများ ပူးတွဲလျက် လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှ တစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ယင်းစာရွက်စာတမ်းများမှာ ကိုယ်ရေးမှတ်တမ်း (ပတ်စ်ပို့ဓာတ်ပုံ (၃) ပုံ ပူးတွဲလျက်)၊ ပညာအရည်အချင်းအထောက်အထားမိတ္တူ (တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူအပါအဝင်)၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ဒုတိယဦးစီးမှူးရာထူးနေရာအတွက် ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း၏ခွင့်ပြုချက်မူရင်း/ ယခင်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါက ဌာန၏ နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာ (မူရင်း/မိတ္တူ)၊ ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊ ဝန်ထမ်းမဟုတ်သူများအတွက် ခြောက်လအတွင်း ရရှိထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက် မူရင်း စသည်တို့ဖြစ်ကြောင်း သိရသည်။
အချက်အလက်များ ပြည့်စုံစွာ မပါရှိသည့် လျှောက်လွှာများနှင့်လျှောက်လွှာ ပိတ်ရက်ထက် ကျော်လွန်ရောက်ရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ကြောင်း၊ ဒုတိယဦးစီးမှူးရာထူးနေရာအတွက် အရည်အချင်းစစ်စာမေးပွဲကို ဇွန် ၂၀ ရက် (စနေနေ့)တွင် နံနက် ၉ နာရီမှစတင်၍ အမျိုးသားလွှတ်တော်ရုံး၊ နေပြည်တော်တွင် ဖြေဆိုရမည်ဖြစ်ပြီး အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများကို လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်ရာထူးနေရာများအတွက် အရည်အချင်းစစ်စာမေးပွဲကို ဇွန် ၆ (စနေနေ့)တွင် နံနက် ၉ နာရီမှစတင်၍ အမျိုးသားလွှတ်တော်ရုံး၊ နေပြည်တော်တွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ ဒုတိယဦးစီးမှူးရာထူးအတွက် ဖြေဆိုခွင့်ကတ်ပြားများကို ဇွန် ၁၉ ရက် (သောကြာနေ့)တွင်လည်းကောင်း၊ ကျန်ရာထူးနေရာများအတွက် ဖြေဆိုခွင့်ကတ်ပြားများကို ဇွန် ၅ ရက် (သောကြာနေ့)တွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်ရုံး J - ဆောင်တွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ဖြေဆိုခွင့်ရရှိခြင်း၊ ဖြေဆိုခွင့်ကတ်ပြားထုတ်ယူခြင်းတို့နှင့်စပ်လျဉ်း၍ သိရှိလိုပါက အမျိုးသားလွှတ်တော်ရုံး ဖုန်း ၀၆၇-၄၅၉၁၂၃၁၊ ၀၆၇-၄၅၉၁၆၆၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ရုံးက ကြေညာထားသည်။















