ပင်လယ်ကွေ့နိုင်ငံများ၏ တောင်းဆိုချက်ကြောင့် အီရန်ကိုတိုက်ခိုက်မည့် အစီအစဉ်သစ်ကို ထရန့် ရွှေ့ဆိုင်း

ပင်လယ်ကွေ့နိုင်ငံများ၏ တောင်းဆိုချက်ကြောင့် အီရန်ကိုတိုက်ခိုက်မည့် အစီအစဉ်သစ်ကို ထရန့် ရွှေ့ဆိုင်း
Published 19 May 2026

ထရန့်၏ ကြေညာချက်​ကြောင့် ရေနံစျေးများထိုးကျ

လက်ရှိတွင် အလေးအနက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ပင်လယ်ကွေ့နိုင်ငံများ၏ တောင်းဆိုချက်အရ မေ ၁၉ ရက်တွင် လုပ်ဆောင်ရန် စီစဉ်ထားသည့် အီရန်စ​စ်ဆင်​ရေးသစ်ကို ဆိုင်းငံ့လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ​ကြေညာလိုက်သည်။

ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင်စု) ခေါင်းဆောင်များက ယင်းသို့ဆိုင်းငံ့ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်အတွက် အလွန်လက်ခံနိုင်ဖွယ်ရှိသည့် သဘောတူညီချက်တစ်ခု ရလိမ့်မည်ဟု မိမိအား အကြောင်းကြားထားကြောင်း ထရန့်က ဆိုပြီး အီရန်တွင် နျူကလီယားလက်နက် လုံးဝရှိလာမည်မဟုတ်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

သို့သော် လက်ခံနိုင်လောက်သည့် သဘောတူညီချက်မျိုး မရလာပါက အချိန်မရွေး အီရန်ကို အကြီးအကျယ် တိုက်ခိုက်ရန် အမေရိကန်က အသင့်ဟုလည်း ထရန့်က တစ်ဆက်တည်း သတိပေးခဲ့သည်။ အီရန်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကမူ အမေရိကန်အနေဖြင့် ကြီးမားသည့် အတွက်အချက်အမှားများ ထပ်မလုပ်မိစေနှင့်ဟု သတိပေးထားသည်။

ထို့နောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရန့်က "အလွန်အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခုဆိုပေမဲ့ တကယ်ပဲ ရလဒ်ထွက်၊ မထွက်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ" ဟု ပြောကြားခဲ့သည်။

"သဘောတူညီချက်ရဖို့ အတော်လေး နီးစပ်နေပြီလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း အဆင်မပြေဖြစ်ခဲ့ရတဲ့ အချိန်ကာလတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ အခြေအနေ နည်းနည်းကွာခြားပါတယ်" ဟု ထရန့်ကဆိုသည်။

အီရန်နှင့် သဘောတူညီချက်ရရှိရန် အလားအလာ အလွန်ကောင်းနေပုံရသည်ဟု ထရန့်ကပြောကြားခဲ့ပြီး "သူတို့ကို ဗုံးကြဲတိုက်ခိုက်စရာမလိုဘဲ ဒီအတိုင်း သဘောတူညီချက် ရမယ်ဆိုရင် ကျွန်တော် အလွန်ဝမ်းသာမှာပါ" ဟု ထရန့်က​ပြောသည်။

အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။ မေ ၁၈ ရက် အစောပိုင်းတွင် အမေရိကန်၏ နောက်ဆုံးကမ်းလှမ်းချက်အပေါ် တုံ့ပြန်ထားပြီးဖြစ်ကြောင်းနှင့် ကြားဝင်စေ့စပ်​ပေးသူ ပါကစ္စတန်မှတစ်ဆင့် ဆက်လက်ညှိနှိုင်းနေကြောင်း အီရန်က ​ပြောသည်။

သို့သော် အီရန် Tasnim သတင်းဌာနက အထွတ်အထိပ်ခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီ၏ မှတ်ချက်စကားများကို ထုတ်ပြန်ခဲ့ပြီး ရန်သူ့ဘက်က အတွေ့အကြုံနည်းပါးပြီး ထိခိုက်လွယ်နိုင်သည့် နေရာသစ်များတွင် စစ်မျက်နှာသစ်များ ဖွင့်သွားမည်ဟု သတိပေး​ကြေညာခဲ့သည်။

အီရန်ကိုတိုက်ခိုက်မည့် အစီအစဉ် ​ရွှေ့ဆိုင်းလိုက်ပြီဆိုသည့် ထရန့်၏ မှတ်ချက်​ကြောင့် မေ ၁၈ ရက်တွင် ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးကျသွားပြီး ဘရန့်ဒ်ရေနံစိမ်း (Brent crude) စျေးနှုန်းမှာ တစ်စည်လျှင် ၁၁၂ ဒေါ်လာမှ ၁၀၉ ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်။

Ref: BBC

Most Read

Most Recent