အီရန်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရန် သဘောမတူပါက ၎င်းတို့အတွက် မည်သည့်အရာမျှ ကျန်ရှိတော့မည်မဟုတ်ကြောင်း ထရန့် သတိပေး

အီရန်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရန် သဘောမတူပါက ၎င်းတို့အတွက် မည်သည့်အရာမျှ ကျန်ရှိတော့မည်မဟုတ်ကြောင်း ထရန့် သတိပေး
Published 18 May 2026
Ref: AFP

အီရန်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရန် သဘောမတူပါက ၎င်းတို့အတွက် မည်သည့်အရာမျှ ကျန်ရှိတော့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၁၇ ရက်တွင် သတိပေးခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ပြီး အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက အီရန်အပေါ် စစ်ပွဲဆင်နွှဲခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသကို တုန်လှုပ်စေခဲ့ပြီး စွမ်းအင်စျေးနှုန်းများကို မြင့်တက်စေခဲ့သည်။

လက်ရှိတွင် အဆိုပါစစ်ပွဲကို အဆုံးသတ်ရန်အတွက် မတိုးသာ၊ မဆုတ်သာဖြစ်နေသည့် အခြေအနေကို ကျော်လွှားရန် ရုန်းကန်နေရသည်။

“အီရန်အတွက် အချိန်တွေ ကုန်ဆုံးနေပြီ၊ သူတို့အနေနဲ့ မြန်မြန်ဆန်ဆန် လှုပ်ရှားဆောင်ရွက်တာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင်တော့ သူတို့အတွက် ဘာမှကျန်တော့မှာမဟုတ်ဘူး” ဟု ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ယခုစစ်ပွဲကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့် ပုံမှန်ဖြတ်သန်းသွားလာရာ အရေးပါသည့် ဟော်မုဇ်ရေလက်ကြားသည် ပိတ်ဆို့ခြင်းခံထားရပြီး အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အစ္စရေးနှင့် လက်ဘနွန်တို့သည်လည်း အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို ကျောထောက်နောက်ခံပြုပေးထားသည့် အီရန်အစိုးရက အမေရိကန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် မရယူမီ လက်ဘနွန်တွင် ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးတစ်ခု ရရှိရန် တောင်းဆိုထားသည်။

အစ္စရေးနှင့် လက်ဘနွန်ကြား အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် သဘောတူညီခဲ့သော်လည်း ဟစ်ဇ်ဘိုလာအဖွဲ့သည် ပြီးခဲ့သည့်ရုံးပိတ်ရက်များအတွင်း အစ္စရေးနိုင်ငံနှင့် အစ္စရေး တပ်ဖွဲ့များကို ဒုံးကျည်များ၊ လက်နက်ကြီးများဖြင့် အကြိမ် ၂၀၀ ခန့် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent