အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၁၁၁ ဦးအထိ ရှိလာ

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၁၁၁ ဦးအထိ ရှိလာ
Published 15 May 2026
Rf;AFP

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း တိုက်ခတ်သွားခဲ့သည့် ပြင်းထန်သောမုန်တိုင်းများကြောင့် အနည်းဆုံး လူ ၁၁၁ ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိများက ပြောကြားခဲ့ပြီး ခရိုင်အများအပြားမှ ထိခိုက်သေဆုံးမှုသတင်းများ ထပ်မံပေးပို့လာခြင်းကြောင့် ယခင်ထုတ်ပြန်ထားသည့် သေဆုံးသူအရေအတွက်ထက် မြင့်တက်လာခြင်းဖြစ်သည်။

မေ ၁၃ ရက်နေ့က အဆိုပါပြည်နယ်တွင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပွားခဲ့ရာ အဆောက်အအုံများမှ သွပ်မိုးများ လွင့်စင်သွားခဲ့ပြီး သစ်ပင်များ အမြစ်မှကျွတ်ထွက်ကာ လမ်းများကို ပိတ်ဆို့ထားသည်ကို ရုပ်သံသတင်းများတွင် ပြသခဲ့သည်။

လူဦးရေ သန်း ၂၄၀ ကျော် နေထိုင်သည့် ဥတ္တရာပရာဒက်ရှ်ပြည်နယ်သည် မုတ်သုံမိုးမရွာသွန်းမီ နွေရာသီလများအတွင်း မုန်တိုင်းဒဏ်ကို မကြာခဏ ခံရလေ့ရှိပြီး လျှပ်စီးလက်ခြင်းကြောင့် လူသေဆုံးမှုများ ပုံမှန်ဖြစ်ပွားလေ့ရှိသည်။

ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့ဖြစ်သော ကယ်ဆယ်ရေးကော်မရှင်နာရုံးက မေ ၁၃ ရက်နေ့တွင် လူ ၈၉ ဦး သေဆုံးကာ ၇၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ကြောင်း အစိုးရက ကနဦး ထုတ်ပြန်ခဲ့သည်။

သို့သော် သတင်းပို့ချက်များ ထပ်မံရရှိပြီးနောက် သေဆုံးသူ ၁၁၁ ဦးအထိရှိလာကြောင်း မေ ၁၅ ရက်နေ့ထုတ် The Hindu သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

သေဆုံးသူ ၁၁၁ ဦးရှိကြောင်း သတင်းများရရှိထားပါတယ်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လူ ၇၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထည့်သွင်းပြောခဲ့သည်။

The Times of India သတင်းစာက သေဆုံးသူ ၁၁၇ ဦးရှိကြောင်း ဖော်ပြခဲ့သော်လည်း အေအက်ဖ်ပီ အနေဖြင့် ယင်းကိန်းဂဏန်းကို ချက်ချင်းအတည်မပြုနိုင်သေးပေ။

အိန္ဒိယမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြသည့် ဗီဒီယိုတစ်ခုတွင် အဆိုပါပြည်နယ်၏ ဘာရေလီခရိုင်၌ အဆောက်အအုံတစ်ခု၏ အမိုးလွင့်ထွက်သွားချိန်တွင် အမျိုးသားတစ်ဦး လေထဲသို့ မြင့်မားစွာ လွင့်ပါသွားသည်ကို တွေ့ရသည်။

အေအက်ဖ်ပီအနေဖြင့် အဆိုပါဗီဒီယိုကို ချက်ချင်းအတည်မပြုနိုင်သေးသော်လည်း Press Trust of India (PTI) သတင်းဌာနသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် အသက်ရှင်ကျန်ရစ်သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းက မိမိသည် ဗီဒီယိုထဲတွင် မြင်တွေ့ရသည့်အမျိုးသားဖြစ်ကြောင်း ပြောကြားခဲ့သည်။

နေ့စားအလုပ်သမားတစ်ဦးဖြစ်သူ နန်ဟေးအန်ဆာရီက ၎င်းသည် သွပ်မိုးကို ကြိုးဖြင့် ချည်နှောင်ရန် ကြိုးစားနေစဉ် ပြင်းထန်သော လေပြင်းတစ်ခုက သွပ်ပြားကို မတင်သွားခဲ့ရာ ၎င်းက တွဲခိုပါသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လေပြင်းတိုက်လို့ သွပ်ပြားက လှုပ်ခါနေတာကြောင့် အဲဒါကို ချည်ဖို့ ကြိုးယူလာခိုင်းခဲ့တာပါ။ ကျွန်တော်တို့ထဲက တချို့ကသွပ်ပြားကို ဖိထားပြီး တစ်ယောက်က ကြိုးချည်နေတုန်းမှာပဲ အလွန်ပြင်းထန်တဲ့ လေပြင်းတစ်ချက် ဝှေ့တိုက်သွားခဲ့ပါတယ်။ ကျွန်တော်က သွပ်ပြားကို အမိအရ ဆုပ်ကိုင်ထားမိတာကြောင့် သွပ်ပြားနဲ့အတူ လေထဲကို ပေ ၅၀ (၁၅ မီတာ) လောက် မြင့်တက်သွားပြီး ပေ၈၀ လောက်အကွာကို လွင့်စင်သွားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

“သွပ်ပြားက အရင်ကျသွားပြီးမှ ကျွန်တော်က ရေပြည့်နေတဲ့ ပြောင်းခင်းထဲကို ကျသွားတာပါ။ အသက်ရှင်မယ် မထင်ထားပေမဲ့ အခုလိုအသက်ရှင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အိန္ဒိယမိုးလေဝသဌာနက မကြာသေးမီနှစ်များအတွင်း ပြင်းထန်သော မိုးသက်မုန်တိုင်းများနှင့် လျှပ်စီးလက်ခြင်း အပါအဝင် ပြင်းထန်သော မိုးလေဝသဖြစ်စဉ်များ တိုးပွားလာနေကြောင်း သတိပေးထားပြီး ယင်းကို ကျွမ်းကျင်သူများက ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းနှင့် ရာသီဥတုဖောက်ပြန်မှု ပုံစံများနှင့် ဆက်စပ်နေကြောင်း ပြောဆိုကြသည်။

 

Most Read

Most Recent