■ (၂၇) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေ နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအား သင်တန်းသား၊ သင်တန်းသူ (၅၄၀၀) ကျော်ဝင်ရောက်ဖြေဆိုမည်

■ (၂၇) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေ နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအား သင်တန်းသား၊ သင်တန်းသူ (၅၄၀၀) ကျော်ဝင်ရောက်ဖြေဆိုမည်
Published 15 May 2026

(၂၇) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေ နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအား သင်တန်းသား၊ သင်တန်းသူ (၅၄၀၀) ကျော်ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုစာမေးပွဲအား လာမည့်မေလ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၄၃၄) ကျော် ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေ နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုကော်မတီ တစ်ဦးက ပြောကြားသည်။

 ၎င်းကဆက်လက်ပြီး “မနှစ်က စာမေးပွဲကျင်းပခဲ့တဲ့ စာဖြေဌာန (၆) ခုက မော်လမြိုင်မြို့မှာဆိုရင် သာသနာ - ၂၅၀၀ မွန်ဗိမာန်တော်၊ သံဖြူဇရပ်မြို့နယ်မှာဆိုရင် ဟံသာထော မွန်ပရိယတ္တိစာသင်တိုက်၊ ရေးမြို့နယ်မှာဆိုင်ရင် ပုပ္ဗပတီ ကိုရင်လေးကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီးမျာဆိုရင် ပဲခူးမြို့ ပွန်ထောကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျောက်တောင်ဘုန်းတော်ကြီးကျောင်း နဲ့ ထိုင်းနိုင်ငံမှာဆိုရင် ဘန်ကောက်မြို့မှာရှိတဲ့ သုဓမ္မတတီ မွန်ကျောင်းအပြင်ကို ဒီနှစ်မှာ မလေးရှားနိုင်ငံမှာလည်း စာမေးပွဲကျင်းပပြုလုပ်သွားဖို့ရှိပါတယ်” ဟု ပြောကြားသည်။

 ထိုစာမေးပွဲများတွင် ယခုနှစ် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေ နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုမှ ဖွင့်လှစ်ခဲ့သည့် နွေရာသီသင်တန်းများတွင် သင်ကြားပေးခဲ့သော အဘိဓမ္မာတန်း၊ ဟံသာဝတီသမိုင်း၊ မုတ္တမသမိုင်း၊ သုဝဏ္ဏဘုမ္မိသမိုင်း၊ မွန်စာပေသမိုင်းနှင့် မွန်ယဉ်ကျေးမှုသမိုင်း စသည့် ဘာသာရပ်များပါဝင်ကြောင်း စာမေးပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

အဆိုပါ စာမေးပွဲတွင် အောင်မြင်သူများအနက်မှ ထူးချွန်စွာအောင်မြင်သူများနှင့် သမိုင်းတန်း (၆) တန်းလုံး အောင်မြင် ပြီးဆုံးသွားသည့် သင်တန်းသား၊ သင်တန်းသူ (၁၃၈) ဦးကိုလည်း အထူးဆုများ ချီးမြှင့်သွားရန်ရှိကြောင်း နှင့် ဆုပေးပွဲအခမ်းအနားအား လာမည့် မေလ (၃၁) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ သာသနာ (၂၅၀၀) ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေ နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုကော်မတီအား (၁၉၉၈) ခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း (၁၉) မြို့နယ်မှ မွန်သံဃာတော်များ၊ စာပေပညာရှင်များနှင့် ယဉ်ကျေးမှုအထောက်အကူပြု မျိုးချစ်ပုဂ္ဂိုလ်များပူးပေါင်း၍ စတင်ဖွဲ့စည်းခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

Most Read

Most Recent