ကမ္ဘာ့အကြီးဆုံး ကွန်ဒုံးထုတ်လုပ်သည့် Karex ကုမ္ပဏီ၏ အကြီးအကဲက အီရန်စစ်ပွဲကြောင့် ၎င်းတို့၏ ထုတ်ကုန်များတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှု ပြတ်တောက်နေပါက ဈေးနှုန်းကို ၃၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်ပိုပြီး မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခစတင်ချိန်မှစ၍ ထုတ်လုပ်မှုကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်လာကြောင်း Karex ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Goh Miah Kiat ကမီဒီယာများကို ပြောကြားခဲ့သည်။
မလေးရှားအခြေစိုက် အဆိုပါကုမ္ပဏီသည် ONE၊ Trustex ၊ Carex နှင့် Pasante အမှတ်တံဆိပ်များအပါအဝင် အမျိုးသားကွန်ဒုံးများကို ထုတ်လုပ်လျက်ရှိပြီး တစ်နှစ်လျှင် ကွန်ဒုံး ၅ ဘီလီယံကျော် ထုတ်လုပ်နိုင်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၃၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အီရန်က အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအတွင်းရှိ သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့စည်။
ထို့နောက်အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့သဖြင့် ကမ္ဘာ့ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များတွင် ကြီးမားသော အနှောင့်အယှက်များ ဖြစ်ပေါ်စေခဲ့သည်။
ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ၏ ငါးပုံတစ်ပုံခန့်အပြင် အခြား ရေနံထွက်ဓာတုပစ္စည်းများသည် ထိုရေလက်ကြားမှတစ်ဆင့် ပုံမှန်ဖြတ်သန်းသွားလာလေ့ရှိသည်။
Karex ကုမ္ပဏီသည် ကွန်ဒုံးတွင်အသုံးပြုသည့် ရာဘာစေးကို တာရှည်ခံစေရန် အသုံးပြုသည့် အမိုးနီးယားနှင့် ဆီလီကွန်အခြေခံ ချောဆီများ အပါအဝင် ရေနံမှရရှိသော ကုန်ကြမ်းပစ္စည်းများအပေါ် မှီခိုနေရသည်။
ယခုနှစ်တွင် ကွန်ဒုံးဝယ်လိုအားမှာ ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပြီး ကုန်တင်ခ မြင့်တက်လာခြင်းနှင့် သင်္ဘောပို့ဆောင်မှု နှောင့်နှေးခြင်းများကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုမှာ ပိုမိုဆိုးရွားလာနေကြောင်း Goh က ပြောကြားခဲ့သည်။
“ခက်ခဲတဲ့အချိန်ကာလမျိုးမှာ အနာဂတ်နဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေ၊ လာမယ့်နှစ်မှာ ကိုယ့်မှာ အလုပ်အကိုင် ရှိပါ့ဦးမလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် ကွန်ဒုံးသုံးစွဲဖို့ လိုအပ်ချက်က ပိုများလာပါတယ်။ အခုအချိန်မှာ ကလေးမွေးလိုက်မယ်ဆိုရင် ကျွေးမွေးစောင့်ရှောက်ရမယ့်သူ တစ်ယောက် ထပ်တိုးလာမှာလေ” ဟု ၎င်းက Bloomberg သတင်းဌာနကို ပြောကြားခဲ့သည်။
ကွန်ဒုံးဈေးနှုန်းများ မြင့်တက်လာခြင်းသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို လှုပ်ခတ်စေခဲ့သည့် အမေရိကန်?အစ္စရေးနှင့် အီရန်စစ်ပွဲသည် စားသုံးသူများအတွက် အခြားသော ကုန်ဈေးနှုန်းများကိုပါ မြင့်တက်စေကြောင်းကို မီးမောင်းထိုးပြနေသည်။
အဆိုပါစစ်ပွဲသည် လေကြောင်းခရီးစဉ်ကုန်ကျစရိတ်များကို မြင့်တက်လာစေခဲ့ပြီး၊ အသက်သာဆုံးဖြစ်သည့် ရိုးရိုးတန်း လက်မှတ်ခများသည် လွန်ခဲ့သည့်တစ်နှစ်ကထက် ပျမ်းမျှ ၂၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ပင်လယ်ကွေ့မှတစ်ဆင့် ကုန်စည်ပို့ဆောင်မှုများ အနှောင့်အယှက်ဖြစ်ပေါ်ခြင်းသည် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ကွန်ပျူတာချစ်ပ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဟီလီယမ်ဓာတ်ငွေ့ ပြတ်လပ်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။
Ref:BBC
Photos- Reuters















