အိန္ဒိယနိုင်ငံတွင် ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါကာလအတွင်း ဖခင်နှင့်သားဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းထားစဉ် ရိုက်နှက်ညှဉ်းပန်းသတ်ဖြတ်ခဲ့သည့် ရဲအရာရှိကိုးဦးကို တရားရုံးက သေဒဏ်ချမှတ်လိုက်ပြီဖြစ်သည်။
တမီးလ်နာဒူပြည်နယ်တွင် အသက် ၅၈ နှစ်အရွယ်ရှိ ပီဂျေယာရာ့ဂျ်နှင့် ၃၈ နှစ်အရွယ်သား ဘင်းနစ်တို့ ကိုဗစ်စည်းမျဉ်းကိုချိုးဖောက်ပြီး ဖုန်းဆိုင်ဖွင့်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရပြီး ရက်ပိုင်းအကြာတွင် ထောင်အတွင်း သေဆုံးခဲ့သည်။
တရားခံများက အာဏာကို အလွဲသုံးစားလုပ်ခဲ့ကြောင်း ထင်ရှားနေပြီး သေစေလိုသည့်အကြံအစည်ဖြင့် ကျူးလွန်ခဲ့ခြင်းဟု ဧပြီ ၆ ရက် အမိန့်ချမှတ်မှုတွင် တရားသူကြီးက မှတ်ချက်ပြုခဲ့သည်။
ဖခင်နှင့်သားကို အဝတ်အစားများ ချွတ်ခိုင်းပြီး တစ်ဦးနှင့်တစ်ဦး ရက်ရက်စက်စက် ရိုက်နှက်ခံနေရသည်ကို ကြည့်ခိုင်းခဲ့ကြောင်းလည်း တရားသူကြီးကဆိုသည်။
“လက်နက်မဲ့ပြည်သူတွေကို တိုက်ခိုက်ခဲ့တာဖြစ်လို့ သူတို့ကို ခွင့်မလွှတ်သင့်ပါဘူး။ သူတို့ရဲ့ အသက်အရွယ် မိသားစုနောက်ခံကိုကြည့်ပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့လည်း မလိုအပ်ဘူး။ အားလုံးက ပညာတတ်တွေ” ဟု တရားသူကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ယခုသားအဖအမှုနှင့်ပတ်သက်၍ နဂိုက ရဲအရာရှိ ၁၀ ဦးကို ဖမ်းဆီးခဲ့ကာ တစ်ဦးက ၂၀၂၀ ခုနှစ်မှာပင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ လက်ရှိသေဒဏ်ချမှတ်ခံရသူကိုးဦးက အထက်တရားရုံးသို့ အယူခံဝင်ခွင့်ရှိသည်။
ထိုအမှုကြောင့် တမီးလ်နာဒူပြည်နယ်အတွင်း လူထုဆန္ဒပြမှုများ အကြီးအကျယ်ပေါ်ပေါက်ခဲ့ကာ ပြည်နယ်အတိုက်အခံ လွှတ်တော်အမတ်များပါ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ အိန္ဒိယရဲတပ်ဖွဲ့၏ ကြမ်းတမ်းရက်စက်သည့် ကိုင်တွယ်မှုများအပေါ် ဝေဖန်မှုများလည်း တဖန်မြင့်တက်လာခဲ့သည်။
အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီနှင့် အိန္ဒိယခရစ်ကက်စတား ရှီခါဒါဝန်အပါအဝင် ထင်ရှားသူများကလည်း သားအဖနှစ်ဦးအတွက် တရားမျှတမှုရရန် လူမှုကွန်ရက်တွင် တောင်းဆိုခဲ့ကြသည်။
အိန္ဒိယတွင် နှစ်စဉ် အချုပ်ခန်းအတွင်းသေဆုံးသူ လူရာနှင့်ချီရှိကြောင်းနှင့် အကျဉ်းသားများထံမှ ဝန်ခံချက်ရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းလမ်းကိုသုံးခြင်းက ရဲတပ်ဖွဲ့၏ထုံးစံတစ်ခုပမာ ဖြစ်နေပြီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြနေကြသည်။
ယခုနှစ်အစောပိုင်းတွင် ကုလသမဂ္ဂကျွမ်းကျင်သူများက အိန္ဒိယရဲတပ်ဖွဲ့ကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ခေတ်မီသည့် ကြီးကြီးမားမားပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် တိုက်တွန်းထားသည်။















