မီးရထားစီးခရီးသည်များမှ ORTP စနစ်ဖြင့် အွန်းလိုင်းမှ ရထားလက်မှတ်ဝယ်ယူခြင်းအတွက် ဝန်ဆောင်ခ (Service Fees) အဖြစ် ခရီးသည်တစ်ဦးလျှင် ကျပ် ၂၀၀ ကောက်ခံတော့မည်ဖြစ်ပြီး ORTP စနစ်ဖြင့် လက်မှတ်ရောင်းချခြင်းအား ကိုယ်စားလှယ် ခန့်အပ်ထားခြင်းမရှိသေးကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။
ဝန်ဆောင်ခကောက်ခံမည့်အစီအစဉ်အား လာမည့် ဧပြီ ၄ ရက်တွင် စတင်မည်ဖြစ်ပြီး (အသက် ၃ နှစ်အောက် ကလေး - ခုံမယူမှ အပ) ကျန်ခရီးသည်များအတွက် ကျပ် ၂၀၀ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အထူးသတိပေးချက်အနေဖြင့် မြန်မာ့မီးရထားမှ အကောင်အထည်ဆောင်ရွက်လျက်ရှိသည့် ORTP စနစ်ဖြင့် အွန်လိုင်းမှ ရထားလက်မှတ်ရောင်းချခြင်းအား အခြားမည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ တရားဝင် ကိုယ်စားလှယ် ခန့်အပ်ထားခြင်းမရှိသေးကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် မီးရထားစီးမည့် ခရီးသည်များအနေဖြင့် ခရီးသည်များကိုယ်တိုင်သော်လည်းကောင်း၊ ရထားဘူတာများတွင်သော်လည်းကောင်း ရထားလက်မှတ်များကို ORTP စနစ် အသုံးပြုပြီး ဝယ်ယူနိုင်ကြောင်းနှင့် ORTP စနစ်မှ ယခုကောက်ခံသော “ လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်ခ (Service Fees) ကျပ် ၂၀၀ အပြင် မည်သည့်အဖိုးအခမျှ ထပ်မံပေးဆောင်ရန် မလိုအပ်ကြောင်း သတိပြုရန် ထုတ်ပြန်အသိပေးထာသည်။
ရန်ကုန် - နေပြည်တော် - မန္တလေး လမ်းပိုင်းအတွင်းရှိ ဘူတာများတွင် ORTP စနစ်ဖြင့် online လက်မှတ်ရောင်းချခြင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရှေ့ပြေးအစီအစဉ်ဖြင့် စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အစီအစဉ် ဆောင်ရွက်ခဲ့သည်မှာ နှစ်လရှိပြီဖြစ်ကာ ခရီးသည်များ လက်မှတ်ဝယ်ယူရာတွင်လည်း အဆင်ပြေချောမွေ့လျက်ရှိကြောင်း၊ သို့ပါသောကြောင့် ၂၀၂၆ ခုနှစ် ဧပြီ ၄ ရက်မှ စတင်ပြီး ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်ခ (Service Fees) အဖြစ် ခရီးသည်တသ်ဦးလျှင် ကျပ် ၂၀၀ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။















