မိမိတို့ ပိုကောင်းဖို့ လိုအပ်ပေမဲ့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်တဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ အာတေတာ ပြောကြား

မိမိတို့ ပိုကောင်းဖို့ လိုအပ်ပေမဲ့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်တဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ အာတေတာ ပြောကြား
Photo: Arsenal
Photo: Arsenal
Published 24 December 2025

အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက လိဂ်ဖလားကွာတားဖိုင်နယ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့သာ အနိုင်ရခဲ့ခြင်းအတွက် မိမိတို့ ပိုကောင်းဖို့ လိုအပ်တယ်လို့ ဝန်ခံခဲ့ပေမဲ့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အခွင့်အရေးများစွာ အသာစီးရရှိအောင် ကစားနိုင်ခဲ့ပေမဲ့ ပဲလေ့စ်ဂိုးသမား ဝေါ်လ်တာဘင်နီတက်ဇ်ရဲ့ လက်စွမ်းပြမှုကြောင့် မိနစ်(၈၀)ရောက်မှ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒီဂိုးက အာဆင်နယ်အသင်းရဲ့ ထောင့်ကန်ဘောကို ရှင်းထုတ်ရင်း ပဲလေ့စ်နောက်ခံလူ လက်ခရွိုင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပါ။

ဒါပေမဲ့ ပွဲပြီးခါနီး (၉၀+၅) မိနစ်မှာ ဂူဟီက ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပြီး အာဆင်နယ်အသင်းက ပယ်နယ်တီ(၈-၇)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အာဆင်နယ်အသင်းက ပယ်နယ်တီ(၈)လုံးဆက်တိုက် ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး ပဲလေ့စ်အသင်းရဲ့ (၈)လုံးမြောက်ပယ်နယ်တီကို လက်ခရွိုင်း ကန်သွင်းရာမှာ ဂိုးသမား ကယ်ပါက ကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်း အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ  အဲဗာတန်နဲ့ပွဲက လူစာရင်းကို (၈)နေရာအထိ အပြောင်းအလဲလုပ် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒီနှစ်ပွဲစလုံး အနိုင်ရဖို့ ခက်ခက်ခဲခဲကစားခဲ့ရကြောင်းလည်း အာတေတာက သုံးသပ်ခဲ့ပါတယ်။

''ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ ရောက်ချင်တဲ့ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပါပြီ။ နောက်ဆုံးပယ်နယ်တီကို ကာကွယ်ခဲ့တဲ့ ကယ်ပါအတွက်လည်း အရမ်းပျော်ပါတယ်။ ပွဲရလဒ်က ဒီထက်ပြတ်သားသင့်ပြီး ကျွန်တော်တို့ ဒီထက်ပိုကောင်းဖို့လိုပေမဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လိဂ်ဖလားဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တခြားဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးနဲ့ နယူးကာဆယ်တို့ ဆုံတွေ့နေပါတယ်။

Most Read

Most Recent