ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်း နှင့် မဟာဗန္ဓုလမ်းထောင့်တွင် အောက်တိုဘာ ၂၅ ရက် နံနက် ၈နာရီခွဲတွင် အောက်ဆိုက်ကား တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါယာဉ်သည် မြို့ထဲဘက်မှ သာကေတဘက်သို့ မောင်းသည့် အောက်ဆိုက်ယာဉ် တိမ်းမှောက်ခြင်းဖြစ်ကြောင်း သိရသည်။
"ကျနော်တို့ သိရတာကတော့ သာကေတဘက်ကို မောင်းနင်တဲ့ အောက်ဆိုက်ယာဉ် TOWNACE ကားက မီးပွိုင့် မီးနီတော့မှာကို ဖြတ်မောင်းရင်း ရှေ့ကားကို ရှောင်လိုက်တာပေါ့။ ရှောင်လိုက်တဲ့အခါ မှောက်သွားတာပေါ့။ ကြည့်ရတာကတော့ သေဆုံးသူက ယာဉ်မောင်းထင်တယ်။ ယာဉ်မောင်းနေရာမှာ သေတာဆိုတော့လေ။ ကားပေါ်မှာ အားလုံးရှစ်ဦးပါပြီး ခြောက်ဦးဒဏ်ရရှိကာ တစ်ဦးသေဆုံးပါတယ်" ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတာဝန်ရှိသူက သူ၏ လူမှုကွန်ရက် စာမျက်နာတွင်လည်း "25.10.2025.နံနက် 08:30နာရီအချိန် ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်တွင် ယာဉ်ရှောင်တိမ်းရာမှ TOWNACE အောက်ဆိုက်ကား မှောက်၍ လူနာခြောက်ဦး သေဆုံးအမျိုးသား တစ်ဦးတို့အား ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်" ဟု ရေးသားထားသည်။
"ယာဉ်မောင်းက သေတယ်။ ရှေ့ခန်းမှာ ထိုင်တဲ့ ကျားတစ်ဦးကတော့ အနီရောင်အဆင့် ICU ထဲ တစ်ခါတည်း ထည့်ထားတယ်။ ကားနောက်ခန်းမှာ ထိုင်တဲ့ အမျိုးသမီးတစ်ဦးလည်း အနီရောင်အဆင့်ပါ။ ကျွန်တော်တို့ ရှင်သန်ရေးကူညီမှုအသင်းအနေနဲ့ကတော့ အဝါရောင်အဆင့်လူနာ လေးဦး ကူညီပို့ဆောင်ပေးခဲ့တယ်။ ကျား သုံးဦး၊ မ သုံးဦး စုစုပေါင်း ခြောက်ယောက် ဒဏ်ရတယ်" ဟု ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဓာတ်ပုံ■ ရှင်သန်ရေးကူညီမှုအသင်း















