မက္ကဆီကိုကလပ် မွန်တာရေးအသင်းမှာ ကစားနေတဲ့ စပိန်နောက်ခံလူ ဆာဂျီယိုရာမို့စ်က လက်ရှိအသင်းနဲ့ သက်တမ်းတိုးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ရာမို့စ်ဟာ အသက်(၃၉)နှစ်ရှိပြီဖြစ်ပြီး မွန်တာရေးအသင်းနဲ့ ဒီဇင်ဘာလမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။
ရာမို့စ်ဟာ ၂၀၂၅ ဖေဖော်ဝါရီမှာ မွန်တာရေးအသင်းနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရပါတယ်။
''ကျွန်တော် အရမ်းပျော်နေပါတယ်။ မက္ကဆီကိုက ကျွန်တော့်ကို ထူးထူးခြားခြားကြိုဆိုခဲ့ပြီး ဒီအသင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ စီမံကိန်းလည်း ရှိနေပါတယ်။ ကျွန်တော့်စာချုပ်က ဒီဇင်ဘာမှာ ကုန်ဆုံးမှာပါ။ ဒါပေမဲ့ ကျွန်တော် ဒီမှာ ဆက်နေချင်ပါတယ်။ ဒီမှာ ကျွန်တော့်အတွက် သက်သောင့်သက်သာရှိတယ်လို့ ခံစားရပြီး အရမ်းလည်း ပျော်ရွှင်ပါတယ်'' လို့ ရာမို့စ်က ပြောကြားခဲ့ပါတယ်။
ရာမို့စ်က အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ El Clasico ပွဲမှာ အသင်းဟောင်း ရီးယဲလ်ကို အားပေးသွားမှာဖြစ်ကြောင်းနဲ့ မိတ်ဆွေဖြစ်တဲ့ ဘာပေကို စိတ်ဓာတ်မြှင့်တင်မှု ပြုလုပ်ပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။















