ရွာငံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးကို PDF များက အောက်တိုဘာ ၆ ရက်တွင် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ် ရွာငံမြို့နယ်၊ မြို့ကုန်းရပ်ကွက်၌ ရွာငံမြို့နယ်၊ ကျန်တောကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘမွှေးသည် ၎င်း၏ ဝက်လိုင်စင် (စီ) လုပ်ငန်း လုပ်ကိုင်သည့် မြို့ကုန်းရပ်ကွက်ရှိ နေအိမ်၌ မြသိန်းတန်ကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ဦးမျိုးကျော် (ခ) အမောင်နှင့်အတူ ရှိနေစဉ် PDF များရောက်ရှိလာပြီး ဒလန်များဟု ပြောဆိုကာ လက်ပြန်ကြိုးတုပ်ဖမ်းဆီး၍ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးအား ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















