ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၄၄ ဦးကို ကော့သောင်းမြို့သို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ၁၄ ခရိုင်တွင် အကြောင်းမျိုးမျိုးကြောင့် အပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၁၄၄ ဦးကို စက်တင်ဘာ ၂၃ ရက်က ထိုင်းနိုင်ငံ၊ ရနှောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့ အခြေစိုက်အလုပ်သမားသံအရာရှိ ဦးမိုးဇော်မှ ခေါ်ဆောင်လာပြီး မြန်မာတာဝန်ရှိသူများကို လွဲပြောင်းအပ်နှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေလမ်းခရီးမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများမှ လက်ခံကြိုဆိုကြပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များရယူခြင်း၊ ဖမ်းဝရမ်းထုတ်ခံထားရသူများ၊ စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေး၊ တရားခံပြေးနှင့် အမည်မဲစာရင်းဝင်သူများ၊ နိုင်ငံခြားသားများ ရောနှောပါဝင်လာခြင်း ရှိမရှိစစ်ဆေးခြင်း မှတ်ပုံတင်ရှိသူများကို စမတ်ကတ်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပြီးနောက် ဒေသခံများအား မိဘဆွေမျိုးများထံ အပ်နှံပေးပြီး ဒေသခံမဟုတ်သူများကို နေရပ်ပြန်နိုင်ရန် မော်တော်ယဉ်များ စီစဉ်ပေးခဲ့ကြောင်း သိရသည်။















