ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်ရှိ တူးမြောင်းအတွင်း ရေနစ်သေဆုံးနေသော မြန်မာနိုင်ငံသား သုံးဦး (အမျိုးသား နှစ်ဦး၊အမျိုးသမီး တစ်ဦး) ရုပ်အလောင်းကို စက်တင်ဘာ ၁၁ ရက်က တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါတူးမြောင်းအတွင် သေဆုံသူများမှာ ထိုင်းမြန်မာနယ်စပ် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှ ရေလမ်းအသုံးပြုကာ တရားမဝင် ဝင်ရောက်လာသူများဖြစ်ပြီး စက်လှေဖြင့် လိုက်ပါလာသူ ၂၂ ဦးရှိကာ ၁၉ ဦး ပျောက်ဆုံးနေသည့်အတွက် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
"ထိုင်းနိုင်ငံ၊ မွန်ပြည်နယ်၊ ကရင်ပြည်နဲ့ ထိစပ်နေတဲ့ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှာရှိတဲ့ ရေလှောင်တမံတစ်ခုမှာ ကယ်ဆယ်အဖွဲ့ကနေပြီးတော့ စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး အလောင်းတစ်ခုတွေ့တယ်။ တွေ့တာနဲ့ ပတ်သက်ပြီးတော့ ဘယ်တော့ဖြစ်တာလဲ စုံစမ်းတဲ့အခါမှာ စက်တင်ဘာ ၉ ရက်နေ့က မြန်မာနိုင်ငံကနေ စက်လှေနဲ့ သွားတဲ့သူတွေ လှေမှောက်ပြီးတော့ သုံးဦးသေဆုံးခဲ့တာဖြစ်တယ်။ စက်လှေပေါ်မှာ ၂၂ ယောက် လိုက်ပါလာပြီး ၁၉ ဦး ပျောက်ဆုံးနေတယ်လို့ သိရတယ်။ ပျောက်ဆုံးနေသူတွေကို ဘယ်ကိုရောက်သွားသလဲဆိုတာတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲပါ။ သေဆုံးသူတွေကတော့ စံခလဘူရီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်"ဟု ဦးမိုးကြိုးက ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်ခြင်းသည် အသက်နှင့် အလောင်းအစားလုပ်ပြီး လာရခြင်းကြောင့် တရားဝင်လမ်းကြောင်းကသာ လာရောက်ကြရန်လည်း ဦးမိုးကြိုးက တိုက်တွန်းသည်။
"ဒီဖြစ်စဉ်ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာမှုရဲ့ အဆိုးရွားဆုံး အနိဋ္ဌာရုံ မြင်ကွင်းတစ်ခုဖြစ်တယ်။ အဲတော့ မြန်မာနိုင်ငံမှာလည်း ဘေးကြပ်နံကြပ်အခြေအနေကြောင့် လူငယ်မောင်မယ်တွေဟာ ပွဲစားတွေ လက်ထဲထိုးအပ်ပြီး အခုလို လာကြတယ်။ ပွဲစားတွေကလည်း ကုန်းလမ်းက အဖမ်းအဆီးများတယ်ဆိုတော့ ရေလမ်းဘက်က ပို့ဆောင်ဖို့ ကြိုးစားကြတယ်။ ကြိုးတန်းလမ်းလျှောက် စွန့်စားကြတဲ့အခါ အသက်ပိုမပါတဲ့အတွက် လိုအပ်တဲ့ဆန္ဒဇော၊ ဝမ်းရေးဇော၊ အခြားသော လောဘဇောတွေနဲ့ အသက်ရင်းပြီး လာရတဲ့ တရားမဝင်လမ်းကြောင်းအစား တရားဝင်လာရောက်ကြဖို့ တိုက်တွန်းချင်ပါတယ်"ဟု ဦးမိုးကြိုးက ပြောသည်။
အခင်ဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက်က တရားမဝင် မြန်မာနိုင်ငံသား ၂၂ ဦး စက်လှေတွင် လိုက်ပါလာကြောင်း၊ ဖြစ်စဉ်အတွင်း ရေနစ်သေဆုံးသူများနှင့် ပျောက်ဆုံးနေသူ အရေအတွက်ကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။
Photo: Thai News















