ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် Online Media များပေါ်၌ ရေးသားဖြန့်ဝေမှု သုံးမှုအား အရေးယူထားပြီး ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား ဖော်ထုတ်အရေးယူသွားမည်ဟု ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
စက်တင်ဘာ ၅ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၅) တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် “လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များအား လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသော ရွေးကောက်ပွဲဖြစ်စေရေး” စသည်တို့ကို တာဝန်ရှိသူအဆင့်ဆင့်က အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုရေရးကောက်ပွဲကော်မရှင်က “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၈ ရက်နေ့မှစတင်၍ အဆင့်လိုက် ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များအား သတ်မှတ်ကြေညာခဲ့ပြီး” ဖြစ်သဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်အနေဖြင့် ဥပဒေနှင့်အညီ အပ်နှင်းထားသည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များအား သိရှိနားလည်ပြီး လုံခြုံရေးဆိုင်ရာလုပ်ငန်းတာဝန်များကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် Online Media များပေါ်၌ ရေးသားဖြန့်ဝေခဲ့သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက်အထိ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု သုံးမှုရှိခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများအနေဖြင့် ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား Online Media အသုံးပြု ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူသွားရန် လိုအပ် ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန် ၎င်းက ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရွေးကောက်ပွဲလုံခြုံရေးအတွက် လျာထားအစီအမံများကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယဥက္ကဋ္ဌများက ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။















