■ ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာအနီး ထားဝယ် - ရေး ကားလမ်းမဘေးတွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ ကလေးမိဘနှစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိ

■ ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာအနီး ထားဝယ် - ရေး ကားလမ်းမဘေးတွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ ကလေးမိဘနှစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိ
Published 2 September 2025

ထားဝယ်ခရိုင် ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာအနီး ထားဝယ် - ရေး ကားလမ်းမဘေးတွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ ကလေးမိဘနှစ်ဦး အပါအဝင် သုံးဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာမှာ ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာနှင့် ကော့လှိုင်ကျေးရွာကြား ထားဝယ် - ရေးကားလမ်းပေါ်တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့က ကားလမ်းပေါ်သို့ သစ်ပင်တစ်ပင်အား လှဲကာ ပိတ်ဆို့ထားပြီး ယင်းလှဲထားသည့်  အပင်ဘေး မြေသားလမ်းမှ မော်တော်ဆိုင်ကယ်နှင့် ဖြတ်မောင်းစဉ် မြေမြှုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ပထမအကြိမ် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်တာက ဩဂုတ်လ ၃၀ ရက်နေ့ကပါ။ အဲ့ဒီနေ့က ကလိန်အောင်မြို့ဘက်ကနေ ရေဖြူမြို့ဘက်ကို မော်တော်ဆိုင်ကယ်စီးပြီးလာတဲ့ လင်မယားနှစ်ဦးက ကားလမ်းပေါ်ကို သစ်ပင်လှဲပြီးပိတ်ထားလို့ လမ်းဘေးမြေသားလမ်းက ဆိုင်ကယ်ဖြတ်မောင်းတာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲလို့ အသက် ၃၀ နှစ်အရွယ် ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသားမှာ ခြေထောက်အရိုးကျိုး ဒဏ်ရာရရှိခဲ့ပါတယ်။ အမျိုးသမီးကတော့ ထိခိုက်မှုမရှိခဲ့ဘူး” ဟု ပြောကြားသည်။

အလားတူ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းကလည်း မရမ်းချောင်းကျေးရွာမှ ကလိန်အောင်မြို့ဘက်သို့ ဈေးဝယ်ရန်သွားရောက်သည့် မိသားစုဝင် သုံးဦးမှာ မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ရာ ယင်း ကားလမ်းပေါ်သစ်ပင်လှဲထားသည့် နေရာမှာပင် မော်တော်ဆိုင်ကယ်နှင့်  မလွတ်သည့် သစ်ကိုင်းအား ဖခင်ဖြစ်သူက ဖယ်ရှားခဲ့ရာမှ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြာင်း ၎င်းဒေသခံက ဆိုသည်။

“ဖခင်ဖြစ်သူ အသက် ၅၀ နှစ်အရွယ် ဦးကိုဦးမှာ ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားတယ်။ မိခင်ဖြစ်သူ အသက် ၃၀ နှစ်အရွယ်  ဒေါ်ဇာခြည်မိုးမှာလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ သူတို့ရဲ့ သားဖြစ်သူ အသက် ၂ နှစ်အရွယ်ကလေးကတော့ မိုင်းစထိမှန်ပြီး သေဆုံးခဲ့ရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

လတ်တလော ရေဖြူမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကြောင့် ထားဝယ် - ရေး ကားလမ်းမပေါ်ရှိ မလွဲတောင် နှင့် ကလိန်အောင်မြို့အကြား ကားလမ်းပိုင်းအား ယနေ့ စက်တင်ဘာ ၂ ရက်အထိ ပိတ်ထားရဆဲဖြစ်ကြောင်းနှင့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်အများအပြားလည်း ပိတ်မိနေကြဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဘိုဘိုမြင့်

Photo Credit - CJ

 

Most Read

Most Recent