စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား မတ်ဒီဆန်ရဲ့ဒဏ်ရာဟာ ဆိုးရွားဖွယ်ရှိတယ်လို့ နယူးကာဆယ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မတ်ဒီဆန်ဟာ တနင်္ဂနွေနေ့က နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဝေဒနာပြင်းထန်စွာ ခံစားရတဲ့ပုံစံမျိုး မြင်တွေ့ရတာကြောင့် ဆိုးရွားဖွယ်ရှိတယ်လို့ သောမတ်စ်ဖရန့်ခ်က သုံးသပ်ခဲ့တာပါ။
''တစ်ခါတစ်ရံ ဘဝနဲ့ ဘောလုံးလောကမှာ လှပတာရော ရက်စက်ကြမ်းကြုတ်တာပါ ပြိုင်တူဖြစ်နိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတာမျိုးပေါ့။ မတ်ဒီဆန်က ဆိုးရွားတဲ့ဒဏ်ရာရရှိခဲ့ပြီး တစ်ဖက်မှာတော့ ဆွန်က အသင်းဖော်တွေနဲ့ နယူးကာဆယ်ကစားသမားတွေရဲ့ လေးစားမှုကို မယုံနိုင်စရာရရှိခဲ့ပါတယ်'' လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။
မတ်ဒီဆန်ဟာ ပြီးခဲ့တဲ့မေလမှာလည်း ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပြီး အခုရာသီကြိုကာလမှာမှ ပြန်ကစားနိုင်ခဲ့တာပါ။
အခု အဲဒီဒဏ်ရာမျိုး ထပ်ရခဲ့တာကြောင့် ကာလရှည်အနားပေးရမှာကို စပါးအသင်းက စိုးရိမ်နေကြောင်း သိရပါတယ်။















