ဖီဖာနဲ့ ကမ္ဘာ့ဘောလုံးသမားများသမဂ္ဂတွေ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ နားချိန်အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
ဖီဖာက ကမ္ဘာတစ်လွှားက ဘောလုံးသမားသမဂ္ဂတွေနဲ့ နယူးယောက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး တခြားအကြောင်းအရာတွေလည်း ပါဝင်ခဲ့ပါတယ်။
အဓိကအကျဆုံးဖြစ်တဲ့ ကစားသမားတွေရဲ့ နားချိန်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ရာမှာတော့ ပွဲတစ်ပွဲနဲ့ တစ်ပွဲကြား အနည်းဆုံးနားချိန် (၇၂)နာရီရရှိဖို့နဲ့ ဘောလုံးရာသီပိတ်သိမ်းချိန်မှာ အနည်းဆုံးနားရက် (၂၁)ရက် သတ်မှတ်ပေးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုနောက်ပိုင်းကာလမှာ ပြိုင်ပွဲတွေ များပြားလာပြီး ကစားသမားတွေရဲ့ နားချိန် လျော့နည်းလာတာကြောင့် ဘောလုံးသမားသမဂ္ဂတွေက ဒီကိစ္စကို အဓိကထားဆွေးနွေးခဲ့တာပါ။
ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (FIFPro)က ဘောလုံးရာသီ ပိတ်သိမ်းချိန်မှာ နားရက် (၂၈)ရက် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အခု ဆွေးနွေးမှုမှာတော့ (၂၁)ရက်သာ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကစားသမားတွေကို တစ်ပတ်တစ်ရက် နားရက်သတ်မှတ်ပေးဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။















