မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း M Rescue Magway မြေပြင်လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။
သေဆုံးသူမှာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ရွှေအိုး ၁ ရပ်ကွက်တွင် နေထိုင်သည့် ၃၁ နှစ်အရွယ် ကိုဘိုဘိုဝင်းဆိုသူဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား စနစ်တကျ ထုပ်ပိုးကာ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှ တစ်ဆင့် ချမ်းမြေ့သာယာသုဿန်သို့ ပို့ဆောင်ပေးခဲ့သည်ဟု အဆိုပါအသင်းထံမှ သိရသည်။
ဇွန် ၈ ရက်မှ ၁၅ ရက်အတွင်း ရောဂါပိုးသံသယရှိသူ ၂၂၈၅ ဦးကို စစ်ဆေးရာ ပိုးတွေ့သူ ၅၂ ဦးရှိလာကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၂၈ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တစ်ပတ်အတွင်း ရောဂါပိုးတွေ့ရှိသူများအနေဖြင့် မွန်ပြည်နယ်မှ ၂၄ ဦးဖြင့် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ကာ ၁၇ ဦးဖြစ်ကြောင်း၊ ကျန်ရှိသည့် ဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီးတွင် ခုနစ်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် နှစ်ဦး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တွင် တစ်ဦးစီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ် ဇွန် ၁ ရက်မှ ဇွန် ၈ ရက်အထိ ကိုဗစ်ပိုးသံသယရှိသူ ၂၁၅၄ ဦးကို စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသူ ၃၁ ဦးရှိခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိကြောင်း၊ သေဆုံးသူမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၂၅ ရက်မှ ဇွန် ၁ ရက် အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၁၇ ဦးရှိခဲ့ပြီး ပိုးတွေ့ ရှိသူများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှဖြစ်သည်။
ထို့ကြောင့် ယခုကိုဗစ်ပိုးတွေ့ရှိမှုမှာ ပြီးခဲ့သည့် ရက်သတ္တပတ်များထက် များပြားလာသည်ကို တွေ့ရသည်။
ကိုဗစ်ရောဂါပိုးသည် ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားမှုပုံစံမှ ဒေသတွင်းအမြစ်တွယ် ကူးစက်မှုပုံစံသို့ ကူးပြောင်းလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။













