ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကွန်ကရစ်နံရံပြိုကျရာ မြန်မာလုပ်သားနှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
ဇွန် ၅ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကွန်ကရစ်နံရံပြိုကျခဲ့ရာ ဆောက်လုပ်ရေးလုပ်သား လေးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။
ဖြစ်စဉ်မှာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ပတ္တရားမြို့ Nong Prue ရပ်ကွက်ရှိ မီးရထားလမ်းဖောက်လုပ်နေသည့် နေရာ၌ဖြစ်ပွားခဲ့ကြောင်း၊ မီးရထားလမ်းဖောက်လုပ်နေသည့် နေရာအနီးရှိ ကွန်ကရစ်နံရံပြိုကျခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက အလျင်အမြန်သွားရောက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ပြိုကျနေသော အုတ်နံရံအောက်တွင် သတိလစ်မေ့မြောနေသည့် မြန်မာလုပ်သား နှစ်ဦးကို တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးသမားများက ၎င်းတို့အား ရွှံ့မြေတွင်းမှ ခက်ခက်ခဲခဲထုတ်ယူခဲ့ရသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အောက်ခြေတွင် အလုပ်သမားများလုပ်ကိုင်နေစဉ် နံရံမှာ ရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်ပြီး မြေပြင်ပေါ်တွင်ရှိနေသည့် ထိုင်းအလုပ်သမားများမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး ပြိုကျမှုနှင့် ပတ်သက်ပြီး ထိိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။















