မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ရာ ခြောက်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ရာ ခြောက်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ
Published 2 June 2025

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ရာ ခြောက်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ဇွန် ၂ ရက် နံနက် ၃ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၄မိုင်၊ ၃ဖာလုံနှင် ၄ဖာလုံကြား)တွင် Express ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် သေဆုံးသူ ခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို  မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

“နေ့မြင်ညပျောက်ဆိုတာ တကယ်ကြီး။ တချို့Body တွေဆို ကားပိထားတော့ မြင်လို့တောင်မကောင်းဘူး” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းက ရေးသားထားသည်။

အဆိုပါ မော်တော်ယာဥ်မှာ Elite အဝေးပြေးယာဥ်လိုင်းမှ ယာဥ်ဖြစ်ပြီး မိုးများသည်းထန်စွာရွာသွန်းထားပြီး လမ်းပေါ်ရှိမိုးရေများကြောင့် စလစ်ဖြစ်လမ်းချော်ကာ ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း၊ယာဥ်ပေါ်ပါခရီးသည်များ ထိခိုက်နစ်နာမှုများ ရှိခဲ့သည့်အတွက် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး Elite Express မိသားစုမှ ယာဥ်ပေါ်ပါမိသားစုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပြီး ကာယကံရှင်မိသားစုများနှင့်ထပ်တူစိတ်မကောင်းခြင်းများစွာဖြင့်ဝမ်းနည်းကြေကွဲရပါကြောင်း မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်ဟု အဆိုပါယာဥ်လိုင်းက ထုတ်ပြန်ထားသည်။

အခင်းဖြစ်နေရာသို့ မိတ္ထီလာခရိုင်မီးသတ်စခန်းမှ Rescue & Towing ပိုလန်ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သူနာတင်ယာဉ် တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent