■ မောင်မောင်လွင်၏ အနိုင်ဂိုးဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကို ASEAN All-Stars အသင်း အနိုင်ယူ

■ မောင်မောင်လွင်၏ အနိုင်ဂိုးဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကို ASEAN All-Stars အသင်း အနိုင်ယူ
Photo: AFP
Photo: AFP
Published 28 May 2025

အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း နှင့် ASEAN All-Stars အသင်းတို့၏ Maybank Challenge Cup ပြိုင်ပွဲကို မေ (၂၈)ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်း$ကျင်းပရာ ASEAN All-Stars အသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ASEAN All-Stars အသင်းသည် မြန်မာတိုက်စစ်ကစားသမား မောင်မောင်လွင်၏ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် နာမည်ကြီးအင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။

မောင် မောင်လွင်သည် ယင်းပွဲတွင် ပွဲထွက်ကစားခွင့်မရသော်လည်း ဒုတိယပိုင်းအစတွင် လူစားဝင်ကစားခွင့်ရပြီး (၇၁) မိနစ်တွင် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မောင်မောင်လွင်သည် နာမည်ကြီးအင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို ဂိုးသွင်းဖူးသည့် ပထမဆုံး မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မောင်မောင်လွင်သည် ယင်းပွဲတွင် လူစားဝင်ကစားပြီးနောက် ညာတောင်ပံတိုက်စစ်နေရာတွင် ကစားခွင့်ရခဲ့ပြီး ဂိုးသမားနှင့် တစ်ဦးချင်းရင်ဆိုင်အတွေ့တွင် အနိုင်ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

မောင်မောင်လွင်၏ အနိုင်ဂိုးမှာ ပြီးခဲ့သည့်ရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့ပြီး စံချိန်တင်ရှုံးပွဲများနှင့် ရင်ဆိုင်ခဲ့ရသည့် မန်ချက်စတာယူနိုက်တက်အသင်းကို ဖိအားတိုးသွားစေသည့် ရှုံးပွဲတစ်ပွဲဖြစ်စေခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် (MFF)သည် ယင်းခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် အဖွဲ့ဝင် (၁၂) နိုင်ငံမှ ကစားသမားများဖြင့် ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ တောင်ကိုရီးယားနိုင်ငံသား ကင်ဆမ်ဆစ်ကို ကိုင်တွယ်စေခဲ့ခြင်းဖြစ်သည်။

မန်ချက်စတာယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းတွင် အိုနာနာ (ဂိုး)၊ မက်ဂွိုင်းယား၊ ဟွိုင်လန်း၊ ကက်စ်မဲရိုး၊ ဒါလော့သ်၊ ကိုဘီမိုင်နူးစသည့် ကစားသမားများကို အသုံးပြုခဲ့ပြီး မိနစ်(၃၀)ကတည်းက ကစားသမားများပြောင်းလဲခဲ့ခြင်းဖြစ်သည်။

မန်ချက်စတာယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် ဘရူနိုဖာနန်ဒက်စ်၊ ဂါနာချို၊ အာမက် စသည့်ကစားသမားများကို လဲလှယ်အသုံးပြုခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း ASEAN All-Stars အသင်း နောက်တန်းကို မကျော်နိုင်သဖြင့် ထိရောက်သည့် ဂိုးသွင်းခွင့်မရသလို ပထမပိုင်းတွင် ဂိုးရနိုင်သည့်အခွင့်အရေး အနည်းငယ်သာရရှိခဲ့သည်။

ASEAN All-Stars အသင်းသည် ပထမပိုင်းတွင် ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ ပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးမသွင်းနိုင်သဖြင့် ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေသည်။

ုဒုတိယပိုင်းတွင် မန်ချက်စတာယူနိုက်တက်အသင်းက ပိုဖိကစားနိုင်သော်လည်း ဂိုးရနိုင်သည့် အခွင့်အရေးကို ASEAN All-Stars အသင်းက ပိုရခဲ့ပြီး အခွင့်အရေး (၂)ကြိမ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် ရရှိသည့် ပထမဆုံး အပိုင်အခွင့်အရေးကို မောင်မောင်လွင်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သော်လည်း ပွဲပြီးခါနီးတွင်ရရှိသည့်အခွင့်အရေးကိုမူ မန်ချက်စတာယူနိုက်တက်နောက်ခံလူ အီဗန်စ် ဖျက်ထုတ်နိုင်ခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဟံသာဝတီယူနိုက်တက်အသင်းတွင် စတင်ခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ ကာ ၂၀၂၁ ခုနှစ်တွင် ထိုင်းကလပ် လမ်ဖွန်ဝါရီယာအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မောင်မောင်လွင်သည် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ မြန်မာ ယူ-၂၀ ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းက မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

မောင်မောင်လွင်သည် ၂၀၂၁ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်လာပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကကျင်းပသည့် ASEAN Cup ပြိုင်ပွဲ အင်ဒိုနီးရှားနှင့်ပွဲအပြီးတွင် ပရိသတ်ကို ဆဲဆိုမှုကြောင့် အသင်းခေါင်းဆောင်ရာထူးမှ ရုပ်သိမ်းခံရသော်လည်း နောက်ပိုင်းပွဲများတွင် ပြန်လည်ကြိုးစားခဲ့သောကြောင့် အသင်းအတွက် အရေးပါသည့်ဂိုးများ သွင်းယူနိုင်သည့်အပြင် ပရိသတ်များ၏ အားပေးမှုလည်း ပြန်လည်ရရှိခဲ့သည်။

Most Read

Most Recent