ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်အတည်ပြုလူနာ ခြောက်ဦးတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်အတည်ပြုလူနာ ခြောက်ဦးတွေ့ရှိ
Published 27 May 2025

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်အတည်ပြုလူနာ ခြောက်ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

 

မေ ၁၈ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၇၅၄ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာသစ် ခြောက်ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကိုဗစ်ပိုးတွေ့လူနာခြောက်ဦးမှာ ဒဂုံမြို့နယ်မှ နှစ်ဦး၊ အင်းစိန်မြို့နယ်မှ တစ်ဦး၊

သာကေတမြို့နယ်မှ တစ်ဦး၊ ကော့မှူးမြို့နယ်မှ တစ်ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှ တစ်ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထို့ပြင် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၂၂ ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊

အထူးကြပ်မတ်ကုသမှုပေးရသည့် လူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်းလည်း သိရသည်။

 

လက်ရှိတွေ့ရှိရသည့်  ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်  ကူးစက်လျက်ရှိပြီး

ပြင်းထန်မှုမရှိသည့် မျိုးကွဲများ ဖြစ်၍ ယခု ထိုးနှံပေးနေသည့်  ရောဂါကာကွယ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများကို ဓာတ်ခွဲစစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးခြင်း ကာကွယ်ဆေးထိုးနှံပေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ မျိုးရိုးဗီဇပြောင်းလဲလာသည့် JN.1 အုပ်စုနှင့် နောက်ဆက်တွဲ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများကို ကာကွယ်နိုင်မည့် ကာကွယ်ဆေးများ

ထိုးနှံပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

မေလအတွင်းတွင် GAVI support for C 19 Vaccination အစီအစဉ်ဖြင့် ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ ဆက်လက်၍မျိုးရိုးဗီဇပြောင်းလဲလာသည့် JN.1 အုပ်စုနှင့် နောက်ဆက်တွဲ

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများကို ကာကွယ်နိုင်မည့် Pfizer COVID-19 Vaccine JN.1 များကိုထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးများ မျိုးရိုးဗီဇပြောင်းသည်နှင့်အတူ ၎င်းမျိုးဗီဇပြောင်း ရောဂါပိုးများကို ကာကွယ်နိုင်မည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မျိုးဆက်သစ်များသည်လည်း

စဉ်ဆက်မပြတ်ထွက်ပေါ်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer X.B.B. 1.5 အသုံးပြု၍ ဇန်နဝါရီလမှ ဧပြီလအတွင်း ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ပြည်သူ ၁၁၂၅၂၉ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၁၄၇၇၅ ဦး အပါအဝင် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့် တစ်နှစ် အတွင်းရှိသူ ၂၂၈၆၇၂၆)ဦး အားကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်းသိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးအမျိုးအစား ရှစ်မျိုးကို အသုံးပြု၍ အသက်ငါးနှစ်နှင့်အထက်ပြည်သူ ၃၆ ဒသမ ၃၆ သန်းကို ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ခဲ့ပြီး

ထပ်ဆောင်းကာကွယ်ဆေး ၂၁ ဒသမ ၂၅ သန်း doses ထိုးနှံပေးနိုင်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent