လားရှိုး ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ အရေးပေါ်ကုသမှုဆောင်ကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ပြန်လည်ဖွင့်လှစ်ပြီး တစ်ပတ်အတွင်း ဆေးရုံတစ်ခုလုံဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ယနေ့ (မေ ၂ ရက်) မွန်းလွဲပိုင်း ၁ နာရီအချိန်ခန့်တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒသည် လားရှိုးမြို့သို့ပြန်လည်ကြွရောက်သီတင်းသုံးကာ လားရှိုးဒေသခံပြည်သူများအား တရားရေအေး တိုက်ကြွေးခဲ့သည်။
“လားရှိုးကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးရဲ့ အခြေအနေက MNDAA တို့ဆုတ်ခွါသွားစဉ်ထဲက ဂျန်နရေတာတွေကအစ ဆေးရုံးပစ္စည်းအားလုံးသယ်သွားတာ၊ အခုဒီနေ့ဖွင့်တယ်ဆိုတာက အရေးပေါ်ကုသဆောင်ပြင်ပလူနာဌာနပေါ့၊ ဆေးရုံနဲ့တူအောင် သန့်ရှင်းရေးတွေကအစ ဆေးရုံသုံးစက်ကိရိယာပစ္စည်းတွေအဆုံး ပြန်ထည့်ရမှာ။ အခုအဲ့ဆေးရုံမှာ သန့်ရှင်းရေးကို တပ်၊ ရဲနဲ့ စည်ပင်အပြင် ရရှိထားတဲ့ အင်းအား ၁၀၀ နီးပါးနဲ့ သန့်ရှင်းရေးလုပ်နေတယ်။ သုံးရက်ကနေ တစ်ပတ်အတွင်းတော့ ဆေးရုံက ကောင်းကောင်းလည်ပတ်နိုင်အောင် သက်ဆိုင်ရာက အထူးဂရုတစိုက်လုပ်နေတယ်” အရာရှိတစ်ဦးက ပြောကြားသည်။
MNDAA အဖွဲ့ ပြန်လည်ထွက်ခါစအချိန်မှစတင်ပြီး အစိုးရရုံးများအပြင် ပြည်သူပိုင်အဆောက်အဦးတို့၏ တံခါးများအားလုံး ဟောင်းလောင်းဖွင့်ရက်သားရှိနေကာ ရုံး၊ကျောင်း၊ဆေးရုံနှင့်ဌာနဆိုင်ရာ အဆောက်အဦးများသည် အခွံလွတ်ဖြင့်သာကျန်ရှိနေကြောင်း သိရသည်။
ထိုသို့အစိုးရဌာနဆိုင်ရာများအားလုံး၏ အထောက်အကူပြုပစ္စည်းနှင့် စက်၊ စက်ယန္တယာများအားလုံး MNDAA က ယူဆောင်သွားခြင်းကြောင့် ရရှိသည့် စွမ်းအားများဖြင့် လားရှိုးမြို့ပြည်လည်တည်ဆောက်ရေးအတွက် အားထုတ်ကြိုးပမ်းနေရကြောင်း သိရသည်။
“ကျွန်တော်တို့ စည်ပင်သာယာဌာနပိုင် အမှိုက်သိမ်းကားကအစ ဘာမှမကျန်ခဲ့ဘူး၊ အခွံဘဲကျန်တာ၊ဒါပေမယ့် အခုလက်ရှိတော့ MNDAA တွေ ထွက်သွားတော့ လားရှိုးမြို့က မြို့ပျက်ကြီးအသွင်နဲ့ ကျန်ခဲ့တယ်၊ဌာနအတွက် လိုအပ်တဲ့ ငှားလို့ရတဲ့ကားသုံးစီး ရရှိထားတဲ့ ဝန်ထမ်းအင်အား၅၀ လောက်နဲ့ လားရှိုးမြို့ဝင်ကစပြီး မြို့သာယာသန့်ရှင်းလှပရေးအတွက် စတင်လုပ်ဆောင်တယ်” လားရှိုးမြို့စည်ပင်သာယာရေးက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လားရှိူမြို့၌ MNDAA တပ်များ အလုံးစုံထွက်ခွါသွားပြီးဖြစ်ကြောင်းသိရကာ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက လားရှိုးမြို့ အုပ်ချုပ်စီမံရေးနေရာကို အစားထိုးတာဝန်ထမ်းဆောင်လျက်ရှိကာ လားရှိုးမြို့ ဌာနဆိုင်ရာ ရုံးတချို့ ပြန်ဖွင့်နိုင်အောင် ကြိုးစားနေပြီး မူလလားရှိုးမြို့၌ တာဝန်ထမ်းဆောင်နေသော စစ်ဘေးရှောင်ဝန်ထမ်းများကို ပြန်လည်ခေါ်ယူနေကြောင်း သိရသည်။
ထို့ပြင် ကျောင်းဖွင့်ရာသီ၌ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။















