မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦးပြိုကျမည်ကို စိုးရိမ်သဖြင့် နေရာပြောင်းရွှေ့နေထိုင်သည့် အိမ်မှ သိန်းလေးထောင်ကျော်တန်ဖိုးရှိ ရွှေထည်နှင့် ငွေများ ခိုးယူသူများကို ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦးပြိုကျမည်ကို စိုးရိမ်သဖြင့် နေရာပြောင်းရွှေ့နေထိုင်သည့် အိမ်မှ သိန်းလေးထောင်ကျော်တန်ဖိုးရှိ ရွှေထည်နှင့် ငွေများ ခိုးယူသူများကို ဖမ်းဆီးရမိ
Published 30 April 2025

မန္တလေး ၊ ဧပြီ ၃၀ ၊ ၂၀၂၅

မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦးပြိုကျမည်ကို စိုးရိမ်သဖြင့် နေရာပြောင်းရွှေ့နေထိုင်သည့် အိမ်မှ ငွေကျပ်သိန်းလေးထောင်ကျော်တန်ဖိုးရှိ ရွှေထည်နှင့် ငွေများအား ခိုးယူသူများကို ဖမ်းဆီးရမိထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက် ၊လမ်း ၇၀ နှင့် ၇၁ လမ်းကြား ၊၃၂ ဘီလမ်းရှိ တိုက်ခန်းမြေညီထပ်တွင် နေထိုင်သည့် ဒေါ်ခင်ဖြူမြင့်နှင့် အစ်မဖြစ်သူတို့သည် ငလျင်ဘေးကြောက်သဖြင့် မျက်နှာချင်းဆိုင်လမ်းတစ်ဖက်ရှိ တိုက်ခန်းမြေညီထပ်တွင် သွားရောက်အိပ်ခဲ့ကြောင်း ၊ ၎င်းတို့ပိုင်ဆိုင်သည့် ရွှေထည်များနှင့် ငွေကျပ်သိန်းနှစ်ထောင်ခန့်တို့အား တိုက်ခန်းထပ်ခိုးပေါ်တွင် သိမ်းဆည်းထားရာ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါရွှေထည်နှင့် ငွေသား စုစုပေါင်းကျပ်သိန်း ၄၃၀၀ ကျော် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး အမှတ် (၃) နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ ပေါ်ပေါက်ခဲ့သည့်အမှုဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည့် တိုက်ခန်းနှင့် ကပ်လျက်တွင် ဆောက်လက်စအဆောက်အဦးမှ အလုပ်သမားတစ်ဦး ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့်   စုံစမ်းခဲ့ရာ လွင်ကိုဦးဆိုသူဖြစ်ပြီး ၎င်းပါအဝင် ခိုးရာပါပစ္စည်း သိမ်းဆည်းပေးသူများကို တပ်ကုန်းမြို့နယ်၊ လက်ပံကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

" မြေညီထပ်အခန်းလည်းဖြစ်ပြီး မှန်တံခါးက နပ်ကိုဖြုတ်ပြီး ထပ်ခိုးမှာထားတဲ့ ပီနံအိတ်လိုက်ကို ‘မ’သွားတာ။ ငလျင်ကြောင့် အိမ်ကိုထားခဲ့ပြီး တစ်ခြားသွားနေနေရတဲ့သူတွေ သတိထားစေဖို့ပါ။ ဘေးကပ်လျက် ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားက ခိုးသွားတာ။ အရင်ကလည်း ပြစ်မှုကျူးလွန်ဖူးတဲ့မှတ်တမ်းရှိတဲ့သူက ကျုးလွန်သွားတာပါ" ဟု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

Most Read

Most Recent