ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြား ရထားလမ်း မိုင်းထောင်ဖောက်ခွဲခံရပြီး လုံခြုံရေးကင်းလှည့် RGC ရထား လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြား ရထားလမ်း မိုင်းထောင်ဖောက်ခွဲခံရပြီး လုံခြုံရေးကင်းလှည့် RGC ရထား လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
Published 27 March 2025

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြားတွင် ယနေ့ (မတ် ၂၇ ရက်) နံနက်ပိုင်း၌ရထားလမ်း မိုင်းထောင်ဖောက်ခွဲခံရပြီး လုံခြုံရေးကင်းလှည့် RGC ရထား လက်နက်ငယ်ဖြင့်ပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင်  ဖြူး- တောင်ငူလမ်းပိုင်း လုံခြုံရေးစစ်ဆေးသည့် RGC-125 သည် ညောင်ခြေထောက် ဘူတာမှ မတ် ၂၇ ရက်နံနက် ၇ နာရီ ၃၆ မိနစ် ထွက်ခွာလာပြီး ညောင်ခြေထောက်နှင့် ကျွဲပွဲ ဘူတာအကြား မိုင် ၁၄၄/၁၀-၁၁ ခန့်အရောက် နံနက် ၇ နာရီ မိနစ် ၅၀ တွင် သံလမ်းအနောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းဘက်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် RGC 125 စက်ခေါင်း၏ အနောက်ဖက်မှန် တစ်ချပ်ကွဲပြီး အနောက်ဖက်သံဘောင်တွင် ကျဉ်ထိမှန်ခဲ့ကြောင်းနှင့် အဆိုပါပစ်ခတ်မှုကြောင့် စက်ခေါင်းမောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှု မရှိကြောင်းသိရသည်

ထို့အတူ မတ် ၂၇ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ဘူတာနှင့် ကျွဲပွဲဘူတာအကြား၊ မိုင်တိုင် အမှတ် ၁၄၄/၁၀-၁၁ နေရာရှိ အဆန်ရထားလမ်းပေါ်တွင် သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အဆန်ရထားလမ်း ထိခိုက်ပျက်စီးခဲ့သဖြင့် ညောင်ခြေထောက်ဘူတာနှင့် ကျွဲပွဲ ရထားလမ်းပိုင်းအား ဧကလမ်းစနစ်အသုံးပြု၍ အစုန်လမ်းမှ နံနက် ၉ နာရီ ၁၈ မိနစ်အချိန်တွင် ရထားများအား ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့​​နောက် မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှု ကြောင့် အဆန်လမ်းရှိ အနောက်ဘက်သံလမ်း(၁၀)ပေခန့် တွန့်ခေါက်သွားပြီး လမ်းခင်းကျောက်နှင့် ကွန်ကရစ်ဇလီဖားတုံးအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့ပြီး အဆန်လမ်း၏ သံလမ်းအား လဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို မတ် ၂၇ ရက် ညနေ ၆ နာရီအချိန် အပြီးဆောင်ရွက်နိုင်ခဲ့ပြီး အဆန်ရထားလမ်းပိုင်းအားပြန်လည်ဖွင့်လှစ်၍ ရထားများ ပုံမှန်အတိုင်းပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှု အကြိမ် ၈၀၊ ရထားတံတား/သံလမ်းများအားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှု ၁၇၅ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခံရမှု ၁၆ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent