ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်အား ဓါးပြတိုက်ခဲ့သည့် လူငယ်လေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင်၌ မတ် ၂၃ ရက် (ယနေ့) နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူသည် ဆိုင်ဝန်ထမ်း အမျိုးသမီးခုနစ်ဦးနှင့်အတူ ရှိနေစဉ် Mask များတပ်ဆင်ထားသည့် အမျိုးသား ၄ ဦးက ဆိုင်အတွင်း ဝင်ရောက်လာပြီး ၎င်းတို့ လေးဦးအနက် တစ်ဦးက သေနတ်အတိုတစ် လက်အား ကိုင်ဆောင်ကာ သေနတ်ပြ ခြိမ်းခြောက်ပြီး မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်း မျိုးစုံ(၂၀) ကျပ်သားခန့်(တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ခန့်)အား လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်များအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ အခင်းဖြစ် ပတ်ဝန်းကျင်ရှိ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုယက်မှုကျူးလွန်သူသည် YGN-42 AA-1938 နံပါတ်တပ်ဆင်ထားသည့် Toyota Corolla အမျိုးအစား အဖြူရောင် အငှားယာဉ်ဖြင့် ပန်းဆိုးတန်းလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ အငှားယာဉ်အား စုံစမ်းရှာဖွေခဲ့ရာ နံနက် ၁၁ နာရီတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဝါးတန်းလမ်းနှင့် အနော်ရထာလမ်းဆုံတွင် ယာဉ်နှင့်အတူ ယာဉ်မောင်းဖြစ်သူ စည်သူကျော်(၄၃)နှစ် အား တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူ စည်သူကျော်၏ ထွက်ဆိုချက်အရ ၎င်းသည် လုယက်မှုကျူးလွန်သူများအား ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းဆုံသို့ ငွေ(၄၀၀၀)ကျပ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၁၁၄/၁၁၆)ရှိ Casa Myanmar Hotel ၊ အခန်းအမှတ်(၃၀၁)၌ တိတ်ရှိန်ရွှေဆိုင်အား လုယက်မှုကျူးလွန်သူများဖြစ်ကြသည့် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ ပတ္တမြားရပ်ကွက်နေ လင်းသန့်အောင်(၁၈)နှစ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာနေ သက်ထူးဇင်(၂၀)နှစ်၊ ရွှေပြည်သာမြို့ နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ကောင်းခန့်သူရ(ခ)ဝသုန်(၁၉)နှစ်၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ နယ်၊ စစ်ဗိုလ်ကြီး ကျေးရွာနေ မင်းခန့်ကို(ခ)ဖိုးကာ(၁၉)နှစ်တို့ လေးဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်(၁)လက်၊ သံဖြတ်လွှ(၃)ချောင်း၊ လုယက်ယူဆောင်ရာမှ ရရှိသည့် ရွှေလက်ကောက်မျိုးစုံ(၅၁)ကွင်း၊ ရွှေလက်စွပ်မျိုးစုံ(၃၇)ကွင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရ မိခဲ့ ကြောင်းသိရသည်။
အဆိုပါဖမ်းဆီးရမိသူ လင်းသန့်အောင်ပါလေးဦးအား ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့ လေး ဦးသည် မတ် ၂၀ ရက်တွင် Casa Myanmar Hotel သို့ ရောက်ရှိတည်းခိုခဲ့ပြီး ငွေကြေး လိုအပ်ချက်အရ မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်များအား လုယက်မှုကျူးလွန်ရန်အတွက် လိုက်လံ၍ အခြေအနေကြည့်ရှုခဲ့ကြကြောင်း၊ ထိုသို့ကြည့်ရှုပြီးနောက် “တိတ်ရှိန်”ရွှေဆိုင်အား လုယက်မှု ကျူးလွန်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော် သေနတ်အား ဆူးလေဘုရားအနီး၊ မဟာဗန္ဓုလလမ်းပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်းနှင့် လုယက်မှုကျူးလွန်ရာတွင် လင်းသန့်အောင်မှ အဆိုပါကော်သေနတ်အား ကိုင်ဆောင်အသုံးပြုကာ ဦးဆောင်၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိတ်ရှိန်ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှုဖြစ်စဉ်တွင် ကျူးလွန်သူများဖြစ်သည့် လင်းသန့်အောင်၊ ကောင်းခန့်သူရ(ခ)ဝသုန်၊ မင်းခန့်ကို(ခ) ဖိုးကာနှင့် သက်ထူးဇင်တို့လေးဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှ ခြောက် နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်မှုအရ သိရသည်။