ထားဝယ် - မြိတ် ကားလမ်းပေါ်ရှိ  ပန်းပြင်ရွာ နှင့် သရက်နှစ်ခွ ရွာကြား တွင် မော်တော်ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ရာ  အမျိုးသမီး နှစ်ဦးသေဆုံး

ထားဝယ် - မြိတ် ကားလမ်းပေါ်ရှိ  ပန်းပြင်ရွာ နှင့် သရက်နှစ်ခွ ရွာကြား တွင် မော်တော်ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ရာ  အမျိုးသမီး နှစ်ဦးသေဆုံး
Published 12 March 2025

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပန်းပြင်ကျေးရွာ နှင့် သရက်နှစ်ခွကျေးရွာကြား ထားဝယ် - မြိတ် ကားလမ်းတွင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသမီး နှစ် ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်းအမျိုးသား တစ် ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မတ် ၁၀ ရက်နေ့၊ မွန်းလွဲ (၃) နာရီခန့်က သရက်ချောင်းမြို့နယ် ပန်းပြင်ကျေးရွာ နှင့် သရက်နှစ်ခွကျေးရွာကြား ထားဝယ် - မြိတ်ကားလမ်းတွင် မြိတ်မြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသော (၂၂) ဘီး တွဲကား ကုန်တင်ယာဉ် နှင့် ထားဝယ်မြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသော တိုယိုတာ တောင်းအေ့ ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်သည်။

ထိုသို့ ယာဉ်တိုက်မှုကြောင့် တိုယိုတာ တောင်းအေ့ယာဉ် ခေါင်းခန်းတွင် လိုက်ပါလာသည့် အသက် (၃၀) နှစ် နှင့် အသက် (၄၀) နှစ်အရွယ် အမျိုးသမီး နှစ် ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြပြီး၊ ယာဉ်မောင်းဖြစ်သူ အမျိုးသားမှာလည်း ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း ၊ (၂၂) ဘီး တွဲကား ကုန်တင်ယာဉ်မှာ ယာဉ်တိုက်မှုကြောင့် လမ်းဘေးသို့ ထိုးကျသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့အချိန်မှာ လမ်းဘေးဝဲယာမှာ မြက်တောတွေကို မီးရှို့ထားတော့ ကားလမ်းပေါ်မှာ မြင်ကွင်းမရှင်းဘဲ ဝင်တိုက်မိကြတာလို့လည်း ပြောကြပါတယ်။ ထိခိုက်သေဆုံးသူတွေက ဘယ်ကလာကြလဲတော့ မသိရသေးဘူး ဟု ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ကြရသည့် အမျိုးသမီး (၂) ဦး၏ ရုပ်အလောင်းများအား သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ မြတ်ပါရမီပရဟိတ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(သရက်ချောင်း) မှ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ယာဉ်မောင်း အမျိုးသားအား ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ဇမ္ဗူသီရိလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ထားဝယ်) မှ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့၊ မွန်းလွဲပိုင်းအချိန်ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် သာယာမွန်ကျေးရွာအနီး ထားဝယ် - ရေးကားလမ်းမကြီးတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှ ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း - ဘိုဘိုမြင့်

Photo - ဇမ္ဇူသီရိလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ထားဝယ်)

Most Read

Most Recent