
ထားဝယ်မြို့ ကမ်းနားစည်ပင်သာယာဈေးအနီးရှိ သဲကွင်းပန်းခြံတွင် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ဖေဖေါ်ဝါရီ ၂၇ ရက် နံနက်အစောပိုင်းက အဆိုပါထားဝယ်မြို့ ကမ်းနားလမ်း၊ ကမ်းနားစည်ပင်သာယာဈေးအနီးရှိ သဲကွင်းပန်းခြံအတွင်း သေဆုံးနေသူမှာ အသက် (၄၀) နှစ်အရွယ်ဝန်းကျင်ခန့်ရှိသည့် အမျိုးသမီးတစ်ဖြစ်ကြောင်းနှင့် ရုပ်အလောင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေပြီး ထဘီတစ်ထည်နှင့်သာတွေ့ရှိရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရုပ်အေလာင်းရဲ့ ဦးခေါင်းမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ သိရတယ်။ ညကတည်းက သေနေတဲ့ပုံစံမျိုးလို့ ပြောကြတယ်။ သေဆုံးနေသူက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပြောကြားသည်။
ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီး၏ ရုပ်အလောင်းအား ဇမ္ဗူသီရိလူမှုကူညီရေးအဖွဲ့မှ လူနာတင်ယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုမှရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလအတွင်းကလည်း ထားဝယ်မြို့၊ မြို့သစ် (၇) လမ်းနှင့် (၁၀) လမ်းထောင့်တွင် ခန္ဓာကိုယ်အပေါ်ပိုင်း ဝတ်လစ်စလစ်ဖြစ်ပြီး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည့် စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ သတင်းဖေါ်ပြချက်များအရ သိရသည်။