ယူကရိန်းအရေးအတွက် ရုရှားသမ္မတဗလာဒီပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် ပြောကြား

ယူကရိန်းအရေးအတွက် ရုရှားသမ္မတဗလာဒီပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် ပြောကြား
Published 13 February 2025
Ref:AFP

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် ၎င်းသည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျနိုင်ငံတွင် တွေ့ဆုံမည်ဟု မျှော်လင့်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ရာ ယင်းသည် ခေါင်းဆောင်နှစ်ဦး မထင်မှတ်ဘဲ ဖုန်းစကား ပြောကြားခဲ့ပြီးနောက် ထူးထူးခြားခြား ဆက်ဆံရေးအဆင်ပြေလာသည့် အနေအထား ဖြစ်လာသည်။

အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက် သမ္မတဒေါ်နယ်ထရန့်က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖုန်းစကားပြောခဲ့ကြောင်း ပထမဆုံး အတည်ပြုခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို အင်အားအပြည့်သုံးပြီးကျူးကျော်ရန် အမိန့်ပေးခဲ့သော ရုရှားသမ္မတပူတင်နှင့် ဖုန်းစကားပြောမှုသည် ကြာမြင့်ခဲ့ပြီး အကျိုးရှိခဲ့သည်ဟု ထရန့်က ပြောကြားခဲ့သည်။

ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံရန် ရုရှား အဓိကတောင်းဆိုထားသည့်အချက်ဖြစ်သည့် နေတိုးမဟာမိတ်အဖွဲ့သို့ ယူကရိန်းဝင်ရောက်ရေးဆန္ဒသည် လက်တွေ့မကျဟု ထရန့်က ပြောကြားခဲ့ပြီးနောက် ယူကရိန်းအရေးအတွက် ဆော်ဒီ၌ ထရန့်နှင့်ပူတင်တို့ တွေ့ဆုံရာတွင် ယူကရိန်းအနေဖြင့် မိမိကံကြမ္မာနှင့်သက်ဆိုင်သော ဆွေးနွေးပွဲ၌ ချန်လှပ်ခံရမည့် စိုးရိမ်ပူပန်မှုတို့ ပေါ်ပေါက်ခဲ့သည်။

သုံးနှစ်ပြည့်တော့မည့် စစ်ပွဲ အမြန်ပြီးဆုံးစေရေးအတွက် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေသော ထရန့်က နျူကလီးယား လက်နက်တပ်ဆင်ထားသော အမေရိကန်နှင့် ရုရှားတို့၏ တိုက်ရိုက်ဆွေးနွေးပွဲများမှ ယူကရိန်းကို ဖယ်ထားမည်ဆိုခြင်းကို ပယ်ချခဲ့သည်။

“သူက ဒီနေရာကို လာမယ်။ ကျွန်တော်က အဲဒီကို သွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က ဆော်ဒီအာရေဗျမှာ ပထမဆုံး အကြိမ်တွေ့ဆုံဖို့ရှိနေပါတယ်” ဟု ထရန့်က ပူတင်နှင့်တွေ့ဆုံမည့် ၎င်း၏အစီအစဉ်များကို အိမ်ဖြူတော်ထဲရှိ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မဝေးလွန်းလှသော အနာဂတ်တွင် တွေ့ဆုံမှု ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။ ယခုသီတင်းပတ်ထဲတွင် ရုရှား-အမေရိကန် အကျဉ်းသား လဲလှယ်ရာတွင် အဓိကကဏ္ဍက ပါဝင်ခဲ့သော ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်လည်း ပါဝင်လိမ့်မည်ဟု ထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။

သမ္မတထရန့်နှင့်သမ္မတပူတင်တို့၏ ဖုန်းစကားပြောချိန်သည် တစ်နာရီခွဲနီးပါးကြာခဲ့သည်ဟု ရုရှားအစိုးရက ပြောကြားခဲ့သည်။ အတူတကွလုပ်ဆောင်ရန် အချိန်ကျပြီဆိုသည်ကို ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့သည် ရုရှားအစိုးရက ပြောကြားခဲ့ပြီး  ထရန့်ကို မော်စကိုသို့လာရန် ပူတင်က ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတတာဝန်ကို လွှဲပြောင်းမယူမီ ထရန့်က ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း ပြီးစေရမည်ဟု ကတိပေးထားခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့ဖြစ်ပွားနေသော စစ်ပွဲတွင် လူသန်းချီသေဆုံးနေခြင်းကို မိမိတို့ ဟန့်တားရန်သဘောတူခဲ့သည်ဟု ထရန့်ကပြောခဲ့ပြီး စစ်ပွဲ၌ သေဆုံးသူအရေအတွက်ကိုပြောရာ၌ အတည်မပြုသောကိန်းဂဏန်းကို ၎င်းက အသုံးပြုခဲ့သည်။       

Most Read

Most Recent