အမေရိကန် ရေတပ်ရေငုပ်သင်္ဘောက စားနပ်ရိက္ခာများ ပြန်ဖြည့်ရန် မြောက်ကိုရီးယား၏ ခါးသီးသောပြိုင်ဘက် တောင်ကိုရီးယားတွင် ဆိုက်ကပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်တွင် မြောက်ကိုရီးယားက အမေရိကန်ကို ရန်လိုသောစစ်ရေးအပြုအမူဟု စွပ်စွဲခဲ့သည်။
“ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်က ဒေသမှာ ကြီးမားတဲ့ စစ်ရေးထိပ်တိုက်တွေ့မှုကို တကယ့်လက်နက်ကိုင်တပ်ဖွဲ့ ပဋိပက္ခအဖြစ် ဦးတည်သွားစေနိုင်တဲ့ အမေရိကန်ရဲ့ အန္တရာယ်များတဲ့ ရန်လိုတဲ့ စစ်ရေးလုပ်ဆောင်ချက်ကို အလွန်ပဲ စိုးရိမ်တယ်လို့ ဖော်ပြပါတယ်”ဟု မြောက်ကိုရီးယား အစိုးရပိုင်သတင်းဌာန KCNA က ထုတ်ပြန်ပေးသော ထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆို ခွင့်ရှိသူက ဖော်ပြခဲ့သည်။
မတည်ငြိမ်မှုများကို ပေါ်ပေါက်စေသည့်ရန်စမှုများကို မည်သည့်နည်းနှင့်မဆို ရပ်တန့်ရန် မြောက်ကိုရီးယားက အမေရိကန်ကိုသတိပေးခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ၏ လုံခြုံရေးစိုးရိမ်မှုများကို လျစ်လျူရှုထားသည်ဟု စွပ်စွဲခဲ့သည်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ်အက်စ် အလက်ဇန်းဒရီးယားသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံရှိ ဘူဆန်ရေတပ်အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့သည်ဟု Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါရေ ငုပ်သင်္ဘောသည် လွန်ခဲ့သော နိုဝင်ဘာတွင် အလားတူ လာရောက်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန် မဟာဗျူဟာမြောက်နည်းလမ်းတွေ မကြာမကြာပေါ်လာတာကို သတိထားစောင့်ကြည့်နေပါတယ်။ နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ အကျိုးစီးပွားတွေ၊ ဒေသတွင်းငြိမ်းချမ်းရေးတို့ကို ကာကွယ်ဖို့ ဘယ်နည်းလမ်းကိုမဆို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
၎င်းတို့က မြောက်ကိုရီးယား၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည် ဖွံ့ဖြိုးအောင်လုပ်ခြင်း၏ အရေးကြီးပုံကို ဖော်ပြခဲ့ပြီး ဇန်နဝါရီလတွင် ခေါင်းဆောင်ကင်ဂျုံအွန်က နိုင်ငံ၏နျူကလီးယားအစီအစဉ် အကန့်အသတ်မရှိ ဆက်လက်ရှိနေလိမ့်မည်ဟု ပြောကြားခဲ့သော စကားကို ရည်ညွှန်းဖော်ပြခဲ့သည်။
သံတမန်ရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း ကမ္ဘာနှင့်ကြီးကြီးမားမား အဆက်ဖြတ်ခံထားရပြီး ပိတ်ဆို့မှု အများအပြား ချမှတ်ခံထားရသည့် အနေအထားတွင် မြောက်ကိုရီးယား၏ နျူကလီးယားလက် နက်များအစီအစဉ်က အမေရိကန်ပြည်ထောင်စုအတွက် ဆူးကြီးတစ်ချောင်းအဖြစ် ရှိနေသည်မှာ ကြာပြီဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကင်ဂျုံအွန်ကို နောက်တစ်ကြိမ်ဆက်သွယ်လိမ့်မည်ဟု ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်လွှင့်ခဲ့သော အင်တာဗျူးတွင် ဖြေကြားခဲ့ပြီး ယခင်က ၎င်းသုံးကြိမ်တွေ့ဆုံခဲ့သော မြောက် ကိုရီးယားခေါင်းဆောင်သည် ချက်ချာပါးနပ်သူဖြစ်သည်ဟု ဆိုသည်။ ရီပတ်ဘလီကင် ဒေါ်နယ်ထရန့်က ၎င်း၏ ယခင်အစိုးရလက် ထက် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အတွင်း ကင်ဂျုံအွန်နှင့် ရှားရှားပါးပါး သံတမန်ဆက်ဆံရေး ရှိခဲ့သည်။
မြောက်ကိုရီးယားကို ဆိုးသွမ်းနိုင်ငံဟု ပြောခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို မြောက်ကိုရီးယားက ဖေဖော် ၀ါရီ ၃ ရက်တွင် ဝေဖန်ခဲ့သည်။ မာကိုရူဘီယိုသည် ဆီးနိတ်ကြားနာပွဲ၌ ကင်ဂျုံအွန်ကို အာဏာရှင်ဟုလည်း ပြောခဲ့သည်။
မကြာသေးမီက အင်တာဗျူးတွင် ပြောကြားခဲ့သည့် ရူဘီယို၏ စကားများသည် အဓိပ္ပာယ်မရှိကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်သည် မတည်မငြိမ်ဖြစ်နေသည်ဟု အမေရိကန်နှင့် အခြားနိုင်ငံများက သတိပေးထားသည်။ ကုလသမဂ္ဂက မြောက်ကိုရီးယား၏ ကြိုးပမ်းမှုများကို တားမြစ်သော ဆုံးဖြတ်ချက်အများအပြားကို အတည်ပြုထားသည်။
Ref: AFP














